ဒို့တိုင်းအစိုးရ အပျိုရည် ဆက်ထိန်းနိုင်ပါ့မလား

0
547

မိတ်ဆွေ ထားဝယ်ဒေသခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦး ပြောဖူး ခဲ့သည့်စကား ပြန်ပြန်ကြားနေမိသည်။

“ဒို့တိုင်းအစိုးရ အပျိုရည်ပျက်မှာ စိုးတယ်ကွာ..”
ထားဝယ်လယ်သမားတို့ လမ်းပေါ် တက် ဆန္ဒပြမည့်လမ်းကို ရွေးချယ် လိုက်ကြောင်းကြားရသောအခါ စိတ် မကောင်း ဖြစ်မိသည်။
တိုင်းအစိုးရ အပျိုရည်ပျက်တော့ မည်လော..။

အကယ်၍ ထိုဆန္ဒပြပွဲ ပေါ်ပေါက် လာပါက လက်ရှိ အစိုးရသစ်လက်ထက် ထားဝယ်ဒေသ၏ ပထမဆုံးသော “ပြဿနာဖြေရှင်းပေးရေး တိုင်းအစိုးရ အား ဖိအားပေး”သည့် ဆန္ဒပြပွဲ ဖြစ်လာ လိမ့်မည်။

လက်ရှိတိုင်းအစိုးရ စတက် ကတည်းက ယခုအချိန်ထိ တိုင်းအစိုးရ အား တိုက်ရိုက် ဆန္ဒပြပွဲ မကြုံခဲ့ဖူး။ ကြားကာလတွင် မနှစ်ခြိုက်ဖွယ် ကိစ္စရပ် များ ဆုံးဖြတ်လုပ်ဆောင်ခဲ့သည်များ ရှိသော်လည်း သည်းခံခဲ့ကြ၊ နားလည် ပေးခဲ့ကြ၊ စိတ်ရှည်စောင့်ကြည့်နေခဲ့ ကြသည်။
မိတ်ဆွေ နိုင်ငံရေးသမားစကား ဖြင့်ပြောလျှင် တိုင်းအစိုးရ နိုင်ငံရေး အပျိုရည် မပျက်သေး။

အဘယ်ကြောင့် သည်းခံခဲ့ကြသနည်း။ ချစ်ခဲ့၊ အားကိုးယုံစားခဲ့၍ ဖြစ်သည်။ မထက်မြက်သော်လည်း မထုံတတ်တေး မလုပ်တန်ကောင်းရဲ့ဟု ယုံမှတ်ခဲ့ကြ သည်။

ယင်းယုံကြည်မှုကို တနင်္သာရီ တိုင်းသားများ ထပ်မံ သက်သေပြနေစရာ မလို။ တနင်္သာရီတိုင်း၏ ထူးခြားမှု ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို ကြည့် ခြင်းဖြင့်ပင် သိသာနိုင်ပြီး ဖြစ်သည်။ လက်ရှိအစိုးရ တိုင်းလုံးကျွတ် အနိုင် ရခဲ့ခြင်းက တိုင်းသားများ လက်ရှိအစိုးရ ကို မည်မျှ အားကိုး ယုံးစားခဲ့ကြောင်း သက်သေ မဟုတ်ပါလော..။

ယခု လူတစ်စု လမ်းပေါ်တက် ဆန္ဒပြမည့်လမ်း ရွေးချယ်ခြင်းသည် ယင်းလူတစ်စု အစိုးရအပေါ် ယုံကြည်မှု ယုတ်လျှော့လာ၍ဟု ပြောနိုင်သည်။
ဒီမိုကရေစီစနစ်တွင် ဆန္ဒပြပွဲများ ကျင်းပကြသည်က မဆန်းပါ။ သို့သော် ယခု ပေါ်ပေါက်လာမည့် ထားဝယ် လယ်သမား ဆန္ဒပြပွဲတွင် ထူးခြားမှုအချို့ ရှိသည်။
လယ်သမားတို့ အဘယ်ကြောင့် ဆန္ဒပြသနည်း။

” အစိုးရဘက် တွေ့ဆုံ ဆွေးနွေးရန် အကြောင်းအမျိုးမျိုးပြ ရှောင်ဖယ်နေ သောကြောင့်” ဟု သတင်းများတွင် ဖော်ပြ သည်။
လယ်သမားဖြစ်သော ပြည်သူ တစ်စုက ၎င်းတို့တင်မြှောက်ထားသော အစိုးရအား ပြဿနာပြေလည်ရေး တွေ့ ဆုံညှိနှိုင်း ဖြေရှင်းရန် တောင်းဆို ခြင်းသည်ကို ဒီမိုကရေစီအစိုးရတစ်ရပ်က ငြင်းဆန်သဖြင့် ပြည်သူတစ်စု လမ်းပေါ် တက်တော့မည်..။
တွေးကြည့်က အံ့ဩဖွယ်..။

တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်း ဟူသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရ တစ်ခု၊ လှပသော နိုင်ငံရေး အနုပညာ တစ်ရပ် မဟုတ်ပါလော..။ ယင်းကို ဒီမိုကရေစီ အစိုးရတစ်ရပ်က ဘာကြောင့် ငြင်းပယ်ခဲ့လေသနည်း။

လယ်သမားတို့ တောင်းဆိုမှုက မတန်မရာ တောင်းဆိုမှု ဖြစ်နေသလော..။
“ပြည်သူ့အစိုးရ” ဟု ကြွေးကြော် ထားသော လက်ရှိအစိုးရအား လယ် သမားပြည်သူတစ်ရပ်က ၎င်းတို့ လက် ငင်းပြဿနာအတွက် တွေ့ဆုံ အဖြေ ရှာရန် တောင်းဆိုခြင်းသည် ဒီမိုက ရေစီခေတ် မဲဆန္ဒရှင် ပြည်သူတို့ အတွက် ထိုက်တန်သော တောင်းဆိုမှု မဟုတ် ပါလော။

လယ်သမားတို့ တွေ့ဆုံရန် တောင်း ဆိုမှုကို ပြန်ကြည့်လျှင် လက်ရှိအစိုးရအား မိမိပြဿနာ အမြန်ဖြေရှင်းပေးရန် အတင်း အပူကပ်၊ ရန်တွေ့နိုင်ရေး တွေ့ဆုံ လိုခြင်းမျိုး မဟုတ်။ တွေ့ဆုံပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များ၊ တတ်သိ ပညာရှင်များ၊ နိုင်ငံရေးပါတီ စသဖြင့် ပါဝင်သင့် ပါဝင်ထိုက်သူတို့ကိုပါ ဖိတ် ကြားထားရန် တောင်းဆိုထားသည်ကို တွေ့ရသည်။

လက်ရှိ မြေယာပြဿနာတွင် လယ်သမားများဘက်က မှားခြင်း၊ မှန်ခြင်းက တစ်ကဏ္ဍဖြစ်ပြီး ပြ ဿနာကို စားပွဲဝိုင်းပေါ် ဆွဲတင်နိုင် ရန်ကသာ ပဓာနကျ ပါသည်။ယင်းသည် ဒီမိုကရေစီ၏ အသီး အပွင့် မဟုတ်ပါလော..။

တွေ့ကြ ဆုံကြမည်၊ သူ့ဘက် ကိုယ့်ဘက် နစ်နာ ဆုံးရှုံးမှုများကို ပြော ဆိုကြ ရင်ဖွင့်ကြမည်၊ လိုအပ်သည်များ လိုချင်သည်များကို တောင်းဆိုကြမည်။
တာဝန်ရှိသူနှင့်ဆွေးနွေးပွဲ ပါဝင် သူတို့က ဖြစ်နိုင် မဖြစ်နိုင်၊ ဖြစ်ထိုက် မဖြစ်ထိုက်၊ ဖြစ်သင့် မဖြစ်သင့် ဝိုင်းဝန်း ဆွေးနွေးကြ၊ အကြံပြုကြ..၊ အပေးအယူ အလျှော့အတင်းတွေ လုပ်ကြ..၊ ကျေလည်ပြီဆိုမှ အားလုံး သဘောတူ လက်ခံနိုင်သည့် အဖြေ တစ်ခုကို ထုတ်ယူကြ..၊ ယင်းအဖြေကို အကောင်အထည်ဖော်ကြ..၊ ယင်းသည် အများသဘောတူ အဖြေ ထုတ်ယူခြင်းဟူ သည့် ဒီမိုကရေစီ ယဉ်ကျေးမှု မဟုတ် ပါလော..။

တွေ့ဆုံဆွေးနွေးပွဲလုပ်တိုင်း အဖြေ ချက်ချင်းထုတ်ရတော့မည် မဟုတ်ပါ..။ တွေ့ဆုံပွဲများဖြင့် ပြဿနာ၏ အဖြေ ဆီသို့ ချည်းကပ်ရန်သာ ဖြစ်သည်။ အကျေအလည် ဆွေးနွေးခွင့်ရသော တွေ့ဆုံပွဲများ ဆက်တိုက် ကျင်းပကာ သိမ်မွေ့စွာ အဖြေထုတ်ယူနိုင်ရေးကို ဆိုလိုခြင်း ဖြစ်သည်။
ဆွေးနွေးပွဲမှ ထွက်လာသည့် အဖြေက တိုက်ရိုက်ပါဝင် ပတ်သက် သူအားလုံး ကျေနပ်အားရမှု ရှိကောင်းမှ ရှိမည်။ သို့သော် ယင်းအဖြေကို လက် မခံနိုင်ဟု မငြင်းနိုင်သည့် အဖြေ ဖြစ်နေ ပါလိမ့်မည်။

ရှင်းရှင်းပြောလျှင် စားပွဲဝိုင်းတွင် မျှတစွာ အကျေအလည် ဆွေးနွေး၊ ယဉ် ကျေးစွာ အဖြေထုတ်ကြမည်။ ဆွေးနွေး သူတိုင်း ထွက်လာမည့်အဖြေကို လက်ခံ ရန် ကြိုတင် သဘောတူထားရမည်။ လက်မခံသူအား မယဉ်ကျေးသည့် အတ္တ သမားဟု သမုတ်ကြရလိမ့်မည်သာ ဖြစ် သည်။
ရေးသာ ရေးနေရသည်။ လက်ရှိ တိုင်းအစိုးရက ပြဿနာအား တွေ့ဆုံ ဆွေးနွေးရေးလမ်းစဉ်ကို ကောင်းစွာ အကောင်အထည် မဖော်။
အဘယ် ကြောင့်နည်း။

လက်ရှိအစိုးရ အတိုက်အခံ ဘ၀ ကတည်းက တွေ့ဆုံးဆွေးနွေး အဖြေ ရှာရေးလမ်းစဉ်ကို အစဉ်တစ်စိုက် တောင်းဆိုခဲ့သူများ ဖြစ်သည်ကို မေ့ လျှော့နေလေပြီလော..။

တွေ့ဆုံဆွေးနွေးခြင်း၏ အနှစ် သာရကို မျက်ကွယ် ပြုလိုက်လေပြီ လော..။
ရလဒ်က ပြည်သူထဲက ပြည်သူ တစ်စု လမ်းပေါ်ထွက်လာတော့မည်။

ပြည်သူ့ဆန္ဒပြပွဲတိုင်းက အစိုးရ တစ်ရပ်ကို မခြိမ်းခြောက်နိုင်ပါ။
သို့သော် ဒီမိုကရေစီအစိုးရ တစ်ရပ်အား ပြည်သူမှ တွေ့ဆုံဆွေးနွေး ခွင့်မရသဖြင့် လမ်းပေါ် တက်ရသည် ဆိုက မကျော်ကောင်း မကြားကောင်း၊ ရှက်ဖို့ ကောင်းလှတော့သည်။

အကယ်၍ ထားဝယ်လယ်သမား တို့၏ ဆန္ဒပြပွဲ ပေါ်ပေါက်လာပါက ယင်းဆန္ဒပြပွဲသည် တိုင်းအစိုးရ ” အပျို ရည် ပျက်မည့်ပွဲ” ဖြစ်လာလိမ့်မည်ဟုသာ သတိပေးချင်ပါသည်။