ဆုံသောလမ်းမှ မဆုံသောလမ်းသို့ ၂ ဒသမ ၅၄ ရာခိုင်နှုန်း

0
396

တနင်္သာရီတိုင်းတွင် အိမ်ထောင်ပြု သူ ဦးရေ၏ ၂ ဒသမ ၅၄ ရာခိုင်နှုန်းမှာ ပြန်ကွဲကွာကြသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ သိရသည့် အချက်ဖြစ်ပြီး အိမ်ထောင်ပြုသူ ၆ သိန်း ကျော်တွင် ပြန်ကွဲကွာသူ ဦးရေ တစ်သောင်းခွဲကျော်(၁၅၉၄၄ ဦး) ရှိသည်။

အိမ်ထောင်ကွဲကွာရခြင်းမှာ အကြောင်းအရင်း များစွာရှိပြီး လူမှုရေး ဖောက်ပြန်မှုများနှင့် အိမ်ထောင်ဖက်၏ နှိပ်စက်မှုများကြောင့် အများဆုံးဖြစ် သည်ဟု ထားဝယ်မြို့မှ တရား လွှတ်တော်ရှေ့နေ ဒေါ်သက်သက်ဇင်က ပြောသည်။” အဓိက ကတော့ လူမှုရေး ပြဿနာ တွေပဲ၊ တစ်ယောက်တစ်မျိုး စီပေါ့” ဟု ဒေါ်သက်သက်ဇင်က ပြောသည်။

အမှုလာအပ်ပါက နှစ်ဦးနှစ်ဖက်ကို အရင်ညှိနှိုင်းပေးပြီး ညှိနှိုင်းပေး၍ မရ သည့် အခြေအနေမျိုးရောက်မှသာ ကွာရှင်းမှုကို ဆက်လက် ဆောင်ရွက် ပေးကြောင်း ၎င်းက ဆိုသည်။အိမ်ထောင်ကွဲကွာမှုများအနက် ငယ်ရွယ်သည့် ဇနီးမောင်နှံများတွင် ကွဲကွာမှု ပိုများသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် ၁၀ နှစ်ကျော်ကြာ တာဝန်ယူခဲ့ဖူးသည့် မောင်းမကန် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

“ကွဲတာတော့ အသက်ငယ်တွေ များတယ်၊ နေစဦးတွေ များတယ်၊ ကျွန်တော့်ရွာမှာ ကျွန်တော်လက်ထက် မှာတော့ အသက်ကြီးပိုင်း ကွဲတာ မရှိဘူး”ဟု မောင်းမကန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြော သည်။တနင်္သာရီတိုင်းအတွင်း အသက် ၁၅ နှစ် နှင့် ၁၉ နှစ်ကြား အရွယ်တွင် အိမ်ထောင်ပြုထားသူ ဦးရေ တစ်သောင်း ကျော်ရှိပြီး ၃ ရာခိုင်နှုန်း ကျော်သည် အိမ်ထောင်ပြန်ကွဲကြကြောင်း သန်းခေါင် စာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

ငွေကြေးစီမံခန့်ခွဲမှု၊ လူမှုရေး ဆိုင်ရာ သဘောထားကွဲလွဲမှုများနှင့် ချုပ်ချယ်မှု များကြောင့် အိမ်ထောင်ရေး ပြိုကွဲ ခဲ့ရကြောင်း အသက် ၂၀ နှစ် အရွယ်တွင် လက်ထပ်ပြီး ၂ နှစ်အကြာတွင် အိမ်ထောင် ကွဲကွာခဲ့သည့် ထားဝယ်မြို့၊ ဇရစ် ရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။mariatal_status
“ပြန်ပေါင်းနိုင်ဖို့ ဒီနှစ်ထဲ ပြန် တွေ့ဆုံမှုရှိပေမယ့် အရင်က ဖြစ်ပျက် ခဲ့တဲ့ အခြေအနေတွေကို ပြန်ပြီး ညှိယူ နေရတုန်းပါ” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။
၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မြန်မာ တစ်နိုင်ငံ လုံးတွင် အိမ်ထောင်ပြုသူဦးရေ ၂၄ သန်းကျော် အနက် ၂ ဒဿမ ၅၂ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၆ သိန်း ကျော်က အိမ်ထောင်ကွဲကွာ လျက်ရှိ သည်။

၁၉၈၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင်လည်း မြန်မာ တစ်နိုင်ငံလုံးတွင် အိမ်ထောင်ကွဲကွာ သည့်ရာနှုန်းမှာ အိမ်ထောင်ပြုသူဦးရေ၏ ၂ ဒဿမ ၄၂ ရာခိုင်နှုန်း ရှိခဲ့သည်။

၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ အိမ်ထောင်ရေး အခြေအနေအောက်တွင် ထည့်သွင်း စဉ်းစားထားသည့် အသက် ၁၀ နှစ်နှင့် အထက် လူဦးရေ ဆယ်တစ်သိန်း နီးပါး ရှိပြီး တိုင်း၏ လူဦးရေးစုစုပေါင်းမှာ လူဦးရေ ၁၄ သိန်းကျော် ရှိသည်။ သန်းခေါင်းစာရင်းတွင် အိမ်ထောင် ရေး အခြေအနေ ဖော်ပြချက်နှင့် ပတ် သက်ပြီး အပျို/လူပျို၊ အိမ်ထောင်ရှိ၊ မုဆိုးဖို/မုဆိုးမ၊ ကွဲကွာ၊ သာသနာဝင်ဟု ၅မျိုးခွဲခြား ဖော်ပြထားသည်။

တနင်္သာရီအပတ်စဉ်အနေနှင့် ကွဲကွာရာနှုန်းကို တွက်ချက်ရာတွင် အပျို/လူပျိုနှင့် သာသနာဝင်ဦးရေကို ဖယ်ပြီး အိမ်ထောင်ရှိ၊ မုဆိုးဖို/ မုဆိုးမ၊ ကွဲကွာများ၏ ဦးရေ စုစုပေါင်းကို အိမ်ထောင်ပြုသူအဖြစ် ကောက်ယူပြီး တွက်ချက်ထားသည်။