မောင်းမကန်- မျှော်ရစ် လမ်းချဲ့ရာတွင်ပါမည့် ဒေသခံအိမ်များနှင့် ညှိနှိုင်းပြေလည်

0
404

ထားဝယ်ခရိုင် မောင်းမကန်-မျှော်ရစ် ဘုရားသွားလမ်းအား ၃၄ ပေ အကျယ်ချဲ့ ပြုပြင်လျက်ရှိရာ လမ်းဧရိယာနှင့် မလွတ် သော အိမ်ပိုင်ရှင်များနှင့် ညှိနှိုင်းပြေလည် မှု ရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူထံမှ သိရသည်။

ယင်းလမ်း၏ အချို့နေရာများတွင် ပေ ၂၀ ကျော်ခန့်သာ ကျယ်ဝန်းပြီး လမ်းချဲ့ ရာတွင် အချို့အိမ်များ၏ ခြံစည်းရိုးများ၊ အုတ်တံတိုင်းများနှင့် အိမ်အမိုးစွန်းများ ပါဝင်သဖြင့် သက်ဆိုင်ရာ ရွာအုပ်ချုပ် ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ် နှင့် ရပ်မိရပ်ဖတို့ဖြစ် ပူးပေါင်းညှိနှိုင်း ပြေလည်မှု ရယူခဲ့ကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် ဒေသခံများထံမှ သိရသည်။

” အိမ်တွေ ရှိတဲ့နေရာတွေကိုပေါ့။ ဘယ်အတိုင်းအတာ ရှိတယ်ဆိုတာကို တိုင်းပေးခဲ့တာပေါ့၊ တိုင်းခဲ့တဲ့ နေရာ တွေက လိုလိုလားလား ကြေကြေလည် လည်ပါပဲ၊ ပြဿနာ တစ်စုံတရာမရှိပါ ဘူး” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ က ပြောသည်။

ယခုလမ်းမှာ ဘုရားသွားလမ်း ဖြစ် သည့်အပြင် ရပ်ရွာ အကျိုးရှိစေမည့် လမ်း ဖြစ်သည့်အတွက် လိုအပ်သည့် လမ်းချဲ့ရန် မြေနေရာကို ကြည်ဖြူစွာ ပေးလှူခဲ့ကြောင်း ယင်းလမ်းပေါ်ရှိ ကျောက်ဆင်ရွာမှ အိမ်ရှေ့ အမိုးစွန်းဖျက် ပေးရမည့် ဦးသန်းထိုက်စိုးက ပြောသည်။
” ဘုရားလမ်းအတွက်လည်း ဖြစ် တယ်၊ လမ်းကျယ်လာပြီး သွား လာသူ တွေ အားလုံးအတွက် အဆင် ပြေသွား မယ်၊ ဒီလောက် ပေးရတာ ကုသိုလ် တောင် ရသေးတယ်” ဟု ဦးသန်းထိုက်စိုး က ပြောသည်။

မောင်းမကန်မျှော်ရစ်လမ်းပိုင်း အရှည် ၉ မိုင်ခန့်ကို ပြုပြင်ရာတွင် လမ်းချဲ့ခြင်း၊ လမ်းပေါ်ရှိ တံတားများကို ပေ ၃၀အထိချဲ့ခြင်း၊ ဒီရေတား နံရံများ တည်ဆောက်ခြင်း၊ ရေမြောင်းတူးခြင်း၊ လမ်းခင်းခြင်း စသည့်လုပ်ငန်းများ ပါ ဝင်မည်ဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းများ စတင်နေပြီဖြစ်သည်။
မျှော်ရစ်ဘုရားသည် ထားဝယ် ဒေသ၏ အထင်ကရ ဘုရားတစ်ဆူ ဖြစ်ပြီး ယခင်က လမ်းကျဉ်းသည့်အတွက် ခရီးသွားရာသီများတွင် နှစ်စဉ် လမ်း ပိတ်ဆို့မှုများ ဖြစ်ပေါ်လေ့ရှိသည်။