မိသားစု ခဏတာ ပြန်ဆုံကြသောအခါ

0
825

အကြောင်းအမျိုးမျိုးဖြင့် အဝေး ရောက်နေသူတို့ အိမ်ပြန်လေ့ရှိသည့် ပွဲတော် နှစ်ခု ရှိသည်။ သီတင်းကျွတ်နှင့် သင်္ကြန်။
ယင်းပွဲတော် နှစ်ခုတွင် မိသားစုတို့ စုံညီနေတတ်ကြသည်။ ပျော်ရွှင်စွာ စကားဖောင်ဖွဲ့တတ်ကြသည်။ယခင်က သင်္ကြန်တွင်သာ ရက်ရှည် ရုံးပိတ်ရက် သတ်မှတ်ပေးသည်။ ယခု သီတင်းကျွတ်တွင်ပါ ရုံပိတ်ရက် သတ်မှတ် လိုက်သောခါ သီတင်းကျွတ်ပွဲတော်ကား မိသားစု တွေ့ဆုံပွဲများ ဖြစ်လာသည်။

သီတင်းကျွတ်ပွဲတော်သည် အချို့ မိသားစုများအတွက် ၆ လမှသည် တစ်နှစ်အကြာ မိသားစုတွေ့ဆုံပွဲ ဖြစ် နေတတ်သည်။ ထိုထက် ပိုဝေးကွာနေရ သည့် မိသားစုများလည်း ရှိကောင်း ရှိမည်။ရန်ကုန် ဘော်ဒါဆောင်တစ်ခုတွင် နေထိုင်၍ ၉ တန်းကျောင်းတက်နေသော လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာသား မောင်ခန့်ထူးအောင်က ယခုသီတင်းကျွတ် သည် သင်္ကြန်ပြီးကတည်းက ၆ လ အတွင်း မိသားစုအားလုံး စုံညီစွာ ပြန်ဆုံ ရခြင်းဖြစ်ကြောင်း ပြောသည်။
ခန့်ထူးအောင်၏ အစ်မ ၂ ဦးစလုံး ရန်ကုန်တွင် ကျောင်းတက်နေသော်လည်း တော်ရုံ မဆုံဖြစ်။ ရွာပြန်ရောက်မှ စုံညီစွာ ဆုံဖြစ်သည်။

“ရန်ကုန်မှာ ကတည်းက ရွာရောက် ရင် အမေချက်တဲ့ ပင်လယ်ငါးဟင်း တစ်ဝကြီး စားရတော့မယ်ဆိုပြီး တွေး ပျော်နေခဲ့တာဗျ” ဟု မောင်ခန့်ထူး အောင်က ပြောသည်။သားသမီး ၃ ဦး ကျောင်းပိတ်ရက် အိမ်ပြန်လာခိုက် စိတ်ချမ်းသာအောင် ထားပြီး သူတို့လိုအပ်သည်များကို မညည်းမညူ လုပ်ဆောင်ပေးနေကြောင်း မောင်ခန့်ထူးအောင် အမေ ဒေါ်မီးလေးက လည်း ပြောသည်။

” သားသမီးတွေ ကြိုက်တတ်တာ ချက်ကျွေးရ၊ လုပ်ပေးနေရတာနဲ့တင် သီတင်းကျွတ်မှာ တစ်ချက်မှ မအားဘူး” ဟု ဒေါ်မီးလေးက ချွေးတလုံးလုံးဖြင့် ထမင်းဟင်း ချက်ပြုတ်ရင်း ပြောသည်။ယင်းသို့ မိသားစု ပြန်ဆုံချိန်အတွင်း အဝေးမှ ပြန်လာသည့် မိသားစုဝင်များက ဝေးကွာနေစဉ်အတွင်း တေးမှတ်ထား သော စားလိုသည်များ၊ သွားလိုသည့် နေရာများ၊ လုပ်လိုသည့်ကိစ္စများကို အကောင်အထည်ဖော်ပေးရန် အိမ်ကို ပူဆာကြ၊ အိမ်မှ မိဘမောင်ဘွားများက လည်း ပီတိအခံဖြင့် အကောင်အထည် ဖော်ပေးကြ။

ပုလောမြို့မှ အသက် ၆၇ နှစ်အရွယ် ဒေါ်သိန်းညွန့်ကလည်း သမီးပြန်လာခိုက် မရောက်ဖြစ် မဆုံဖြစ်သည်မှာ ကြာပြီ ဖြစ်သည့် ဆွေမျိုးများထံ သွားလည် ဖြစ်ကြောင်း ပြောသည်။” သက်ကြီးရွယ်အိုဆွေမျိုးဆီ အဖိုး အဖွားတွေဆီသွားလည်တယ်။ မိသားစု ထမင်းလက်ဆုံ စားကြတယ်” ဟု ဒေါ်သိန်းညွန့်က ပြောသည်။

အချို့က အိမ်ပြန်ချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခွင့်မသာ။ ဒေါ်သိန်းညွန့်၏ သားသမီး ၄ ဦးအနက် တစ်ဦးသာ သီတင်းကျွတ် အိမ်ပြန်လာနိုင် သည်။ ကျန်သားသမီးများက အဝေးတွင် အိမ်ထောင်ကျသူ၊ ကျန်းမာရေးဝန်ထမ်း အဖြစ် အဝေးရောက်နေသူ စသဖြင့်။မည်သို့ဆိုစေ မိသားစုတိုင်း ပြန်ဆုံ ချိန် စကားဖောင်ဖွဲ့ချိန် ရှေးဟောင်း နှောင်းဖြစ်များ စကားဖောင်ဖွဲ့ကြ၊ ကိုယ်တွေ့ကြုံခဲ့သည်များကို မျှဝေကြ။ သီတင်းကျွတ်ပြီး ကျောင်းဖွင့်၊ ရုံးဖွင့်၊ လုပ်ငန်းခွင်များ ပြန်ဖွင့်က ပြန်ခွဲရမှာကို သိလျှက်နှင့် မေ့ထားကြ။ တွေ့စဉ် ခဏလေးမှာ အပြုံးတွေ ဖလှယ်ကြ။

အချို့မိဘများက ပြန်ခွဲရမည့် သားသမီးများ မမြင်ကွယ်ရာတွင် မျက် ရည်သုတ်ကြ။ တွေ့စဉ်ခဏ ပျော်ပုံပြ၊ ကြိုလွမ်းရမှုကို သားသမီးတွေ မမြင် ကြေး။
“မပြန်စေချင်ဘူး၊ မတတ်သာတော့ လည်း ခွဲခွာရတော့ပေါ့။ ရင်ထဲ ဟာတာ တာတော့ ဖြစ်ကျန်ရစ်တယ်၊ ဘ၀တွေက ဒီလိုပါပဲ၊ ဟိုသီချင်းထဲကလိုပေါ့၊ စလယ် ဝင်အိုးလေးပေါ့” ဟု ဒေါ်သိန်းညွန့်က ပြောလာသည်။

ဒေါ်သိန်းညွှန့်ပြောသည့် စလယ် ဝင်အိုးလေးသီချင်းကို တေးရေးဆရာ နေထွဏ်းဦး ရေးထားသားကာ မြန်မာ သံစဉ် အဆိုတော်များစွာ သီဆိုခဲ့သည့် မိသားစုဝင်များ ခွဲခွာရမှုမေတ္တာဖွဲ့သီချင်း။ သီချင်းပါစာသားက လွမ်းမောဖွယ်။
ကြင်စဦး ဇနီးမောင်နှံဘ၀က နှစ် ယောက်စာ စလယ်ဝင်အိုးလေးနဲ့ ချက် စားလာရကနေ သားသမီးများလာသော အခါ ထမင်းအိုးကြီး ဝယ်ချက်၊ မိသားစု တစ်ပျော်တပါး စားကြ။

သားသမီးများ အရွယ်ရလာသော အခါ အကြောင်းအမျိုးမျိုးဖြင့် မိဘ နှစ်ပါးအား ခွဲခွာ။
နောက်ဆုံးတွင် လင်မယားအစ ကြင်စဦးဇနီးမောင်နှံဘ၀က အသုံးပြုခဲ့ သည့် စလယ်ဝင်အိုးလေးကို ပြန်သုံး။
“အောက်မေ့တာက တစ်ပိုင်းပေါ့ လေ..၊ သူတို့ တိုးတက်ရာ တိုးတက် ကြောင်းပဲ၊ လောကကို အမြဲတမ်း အတူ ဖြတ်သန်းရမှာမှ မဟုတ်တာ” ဟု ကျောက် ဆင်ရွာမှ ဒေါ်မီးလေးက ပြောသည်။

ဒေါ်မီးလေး၏ သားသမီး ၃ ဦးက သီတင်းကျွတ် ကျောင်းပိတ်ရက်ကုန်လျှင် ရန်ကုန်ပြန်ကြရန် ပြင်ဆင်နေကြလေပြီ။