ပျောက်ကွယ်လာသည့် ကျေးလက်အနုပညာနှင့် လွမ်းဖွယ်ငယ်ဘဝ

0
931

နေက ပူပြင်းလောင်မြိုက် လွန်းလှ သည်။ လေကလည်း မတိုက်။ အပင်ထက် မှ သစ်ရွက်များက ငြိမ်သက်နေကြသလို မျက်နှာကျက်၌ တွဲလွဲခိုနေသော တရုတ် ပြည်လုပ် ပန်ကာလေးကလည်း မီးပျက် ၍ အနားယူနေ၏။ အဖွားက ချွေးတဖြိုက် ဖြိုက်ကျနေသော သူ့ခန္ဓာကိုယ်အားယပ် တောင်လေးကို တဖျတ်ဖျတ်ခတ်ရင်း အပူဒဏ်ကို အံတုနေသည်။

အဖွားခတ်နေသော ယပ်တောင် လေးက ချစ်စရာ။ ကွမ်းသီးပင်မှရသည့် ကွမ်းဖက်ဖြင့် လုပ်ထားသော ယပ် တောင်ကလေး။ ဘုတ်ဖက်ယပ်တောင်ဟု တောသူတောင်သားတွေက ခေါ်ကြသည်။ ငယ်ငယ်က သည်ယပ်တောင်မျိုး ကျေး လက်အိမ်တွေမှာ အိမ်တိုင်းနီးပါး တွေ့ ရတတ်သော်လည်း ခုချိန်မှတော့ တွေ့ရဖို့ မလွယ်တော့။

ဘုတ်ဖက်ယပ်တောင်များ နည်းတူ ဘုတ်ဖက်ဖြင့် ပြုလုပ်ထားသည့် ရေပုံး လေးတွေလည်း ရှိသေးသည်။ တာရှည် တော့ မခံသော်လည်း သည်ရေပုံးလေး များဖြင့် သစ်ရိပ်ဝါးရိပ်အောက်က စိမ့်စမ်း ရေတွင်းလေးမှာ ရေခပ်ချိုးရသည့် အရ သာက တစ်သက်မမေ့စရာ။ အလားတူ အုန်းမုတ်ခွက်ကို ဖောက်ပြီး သစ်သား လက်ကိုင်တပ်ထားသည့် ယောက်ကို လည်း ကျေးလက်က လယ်တဲယာတဲလေး များတွင် တွေ့ရတတ်သော်လည်း ခုချိန် မှာတော့ မမြင် မတွေ့ကြရတော့ပါ။
တောရွာဓလေ့ လယ်တောဓနိ တောထဲ၌ ဓနိရည်ခါးသောက်လျှင်လည်း ရိုးရိုးဖန်ခွက် ကော်ခွက်တွေနှင့် စာလျှင် အုန်းဂလားကို ချောအောင် လုပ်ထား သောခွက် ဒါမှမဟုတ် ဝါးဆစ်ပိုင်းကို အချောသတ်ပြီးလုပ်ထားသည့် ဝါးခွက် ဖြင့်ဆို သောက်ရသည်မှာ ပိုပြီးအရသာ ရှိသည်ဟု တောသူ တောင်သားများက ဆိုကြသည်။ ကိုယ်တိုင် သောက်ကြည့် တော့လည်း ဟုတ်နေသလို။

ဟိုးတုန်းက ကျေးလက်က အိမ် တစ်ဆောင်ကိုကြည့်လျှင် အမိုးအကာ အခင်း အားလုံးသည် သစ်ပင်ဝါးပင် ဓနိပင်များကရသည့် အရာများဖြင့် ချည်း အိမ်တစ်ဆောင်လုံးကို ဆောက်လုပ် ခဲ့ကြသလို၊ အိမ်အတွက် မရှိမဖြစ် လို အပ်သော တံမြက်စည်းမှအစ ဆန်ပြာ သည့် စကော၊ ခြင်းတောင်း အဝတ်ထည့် ဗီဒို၊ အိပ်ရန် ကုတင်စသည့် အမျိုးမျိုး အစားစားရှိသော အိမ်အသုံးဆောင် တော်တော်များများကိုလည်း အဲဒီပတ် ဝန်းကျင်ကရသည့် သစ်ဝါးများနှင့် ပြု လုပ်ခဲ့ကြသည်က ကျွန်တော်တို့ မြန်မာ လူမျိုးတို့ရဲ့ ဂုဏ်ယူစရာ အတတ်ပညာ။ အခုတော့ ယင်းနေရာများ၌ ပလတ်စတစ် ပစ္စည်း နှင့်သံထည် ပစ္စည်းတွေက အစား ထိုး နေရာယူလိုက်ကြလေပြီ။

ငယ်ငယ်ကဇာတ်ပွဲ ဘုရားပွဲဈေး တန်းများ၌ တွေ့ရတတ်သည့်၊ ကျွန်တော် တို့ ကစားခဲ့ကြသည့် မြေဖြင့် လုပ်ထား သော အိုးပုတ်ချိုးရုပ်ကစားစရာများက လည်း ယခုအခါ မတွေ့ရတော့။ သူ့နေ ရာ၌ ပလတ်စတစ် ကစားစရာအိုးကလေး များ ဘော်ထည် ခွက်ကလေးများက ဝင် ရောက်လို့။ ငယ်စဉ်က အဖေနှင့်အဖိုးတို့ လုပ်ပေးသော ရွံ့နွားရုပ်ကလေးများ ဓနိ ဘောင်ဖြင့် လုပ်ပေးသော လှေကလေး များ ဓနိရွက် အုန်းရွက်တို့ဖြင့် နာရီ လက်စွပ် လက်ကောက်။
ပြီးတော့ အသံထွက်အောင်မှုတ်၍ ရသည့် ဖက်ရွက်နှဲကလေးများ စသည့် စသည့် တောဓလေ့ အနုပညာလက်ရာ များကား ယခုခေတ် ကျွန်တော်တို့ သား သမီးများ မမြင်ဖူးကြတော့။ ဆရာကြီး မင်းသုဝဏ်၏ ကဗျာထဲက “အုန်းလက် နွားကလေး” ဟူသည့် မည်သည့်အရာဟု သူတို့မျိုးဆက်များ မသိကြတော့။ နေရာ တကာ၌ ခေတ်မီနည်း ပညာနှင့် စက်ထဲမှ ထွက်လာသော ကစားစရာ အသုံးအဆောင် ရုပ်ဝတ္တုများကသူတို့ ဘ၀တွေကို အလျင် စလို အစားထိုး မောင်းနှင်နေသည်။

သို့သော် မည်သူတွေ မည်မျှပင် ခေတ်မီ သစ်လွင်သော ရုပ်ဝတ္ထုများဖြင့် လူမှုဘ၀ကို အစားထိုးနေစေကာမူ ကျွန် တော် အဖွားကတော့ တော်ရုံ အစားမထိုး တတ်။ မြို့ပြ၌ ဆယ်စုနှစ် လေးခုနီးပါးနေ ထိုင်ခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန် အထိ ရှေးအသုံးအဆောင်များကို အမြတ် တနိုး တွယ်ဖက်ထားဆဲ။ မြို့ပြ၏ ပကာ သနနှင့် အတတ်ပညာ ပေါင်းစပ်ထား သော ဟန်ဆောင် ယဉ်ကျေးမှုကိုလည်း အဖွားက ယခုအထိ နေသားမကျ နှစ်မြို့ ဟန်လည်း မတူ။

မှတ်မိသေးသည်။ ကျွန်တော် ငါး နှစ်သားအရွယ်ရွာမှာ နေတုန်းက ဆိုလျှင် အဖွားက တစ်ခါတစ်ရံ အိပ်သည်မှလွဲ၍ နေ့လယ်နေ့ခင်း အလကား မနေတတ်။ ဝါပင်ပေါ်မှ ဝါသီးလေးတွေချွေပြီး နေလှန်း သည်။ ဝါသီးလေးများ ခြောက်လျှင် အခွံခွာပြီး ခြင်းတောင်းထဲ ထည့်ကာ တုတ်ကလန့်ဖြင့် ပွတ်ပြီး အစေ့တွေ ဖယ် ထုတ်သည်။ ခေါင်းအုံးအတွင်း ရောက် သည့် ဝါဂွမ်းအထိ အဆင့်ဆင့် အပင်ပန်း ခံကာ လုပ်တတ်သလို။

အိပ်စရာ ဖျာကြမ်းကိုလည်း သကျဲ့ ပင်ဟုခေါ်သည့် ဆူးကလေးတွေ ပါသော ရှည်ရှည်မျှောမျှော အရွက်က လေးများကို ဓားဖြင့် ကိုယ်တိုင်လှီးသင် နေလှမ်းပြီး သကာလ ဖျာတစ်ချပ်ဖြစ်အောင် ယက်လုပ် သည်။ ထိုမျှမကသေး အဆိုပါ အရွက် ဖြင့်ပင် ပလိုင်းလို ထည့်အိတ်ကလေး များကိုလည်း လုပ်တတ်သေးသည်။
ထိုအိတ်ကလေးများဖြင့် တောသူ တောင်သားများက မိုးဦးကျလယ်ထွန် ချိန်လယ်ကွင်းထဲ၌ ခါးတွင် လျှော်ကြိုး ကလေးဖြင့် ချည်၍ ဖားငါးရာဖွေထည့် စရာအိတ်အဖြစ် အသုံးပြုကြသည်။

ပြောရလျှင် အဖွားက ကျွန်တော်တို့ နေ့စဉ် မိုးသောက်စားသုံးနေသော အစား အသောက်နှင့် ပတ်သက်ပြီးလည်း အလျင် စလို စားသောက်ခြင်း မပြုဖို့ စဉ်းစားချင့် ချိန်ပြီးမှ စားဖို့လင်္ကာကလေးနဲ့ ဆိုပြ၍ အမြဲတမ်းမှာ ကြားတတ်သလို၊ ဥတုရာသီ အလိုက် သူမရဲ့ နေထိုင်ချက် ပြုတ်စား သောက်ခြင်းနှင့် မီးဖိုချောင်မှရသော မြန်မာ့ဆေးစွမ်းကောင်းများကြောင့် လည်း ကျွန်တော်တို့ အိမ်သားများ ဆေးရုံဆေးခန်းရောက်ဖူး ကြသည်ဟူ၍ မရှိသလောက်။

ဆိုရလျှင် ဘိုးဘွားတွေဟာ သူတို့ ဘိုးဘွားတွေ ကိုယ်တိုင်လုပ်ခဲ့သည့် မြန် မာ့လက်မှုပညာ မီးဖိုချောင်နှင့် အိမ်ပတ် ဝန်းကျင်မှရသော အသီးအရွက်အမြစ် များဖြင့် အရေးပေါ် ကုသနိုင်သော မြန်မာ့ ဆေးပညာစသည့် အတတ်ပညာများကို လက်ဆင့်ကမ်း အမြတ်တစ်နိုး သင်ယူ ခဲ့ကြပေမဲ့ ကျွန်တော်တို့ မျိုးဆက်ရောက် လာသည့် အချိန်မှာတော့ တန်ဖိုးထား အမွေဆက်ခံ ကြမည့်သူတွေက မရှိတော့။

နည်းပညာများက မိရိုးဖလာ ယဉ် ကျေးမှု နယ်ပယ်အား တစိမ့်စိမ့်ထိုးဖောက် ဝင်ရောက်ရင်း နောက်ဆုံး ကျေးလက် လက်မှုပညာ အတတ်ပညာများ တိမ် ကော ပပျောက်ကြရတော့မည့် အခြေ အနေတစ်ရပ်ကို မြင်တွေ့နေရခြင်းက ဝမ်းနည်းစရာ။နွားလှည်းတွေနေရာမှာ ထော်လာ ဂျီတွေက ဝင်ရောက်ပြီး ထွန်တုံးနေရာ တွင် လယ်ထွန်စက်တွေကို ခေတ်မီစွာ နှင့် သူတို့အစားထိုး ခဲ့ကြပါပြီ။
မိုးဦးကျ လယ်ယာလုပ်ငန်းခွင်၌ လယ်သမားဦးကြီးများ၏ “ရွေ့—-တာ—–လှည့်” စသော သာယာ နာပျော်ဖွယ် ကျွဲနွားမောင်းသံများ မကြား ရတော့။ သည်အစား လယ်ထွန် စက်သံ တွေက တစ်ဒုန်းဒုန်း။

လယ်ထွန် ကာလသားများ၏ သီချင်း ဆိုသံ။ ကောက်စိုက်သမများ၏ တေးဆို သံတွေလည်း သည်လယ်ကွင်း ပြင်၌ ဟိုးတုန်းကလို သောတမဆင်ရတော့။ တတ်နိုင်သူများအားလုံးက လက်ကိုင်ဖုန်း မှ ဖွင့်သော ဂီတသံများနှင့် ခေတ်ရေစီးမှာ မျှောရင်း လယ်တောထဲ ဆဲယ်ဖီဆွဲကာ အင်တာနက် ဖေ့စ်ဘွတ်ပေါ် ပျော်နေကြပြီ ဖြစ်သည်။

နှစ်ပေါင်းများစွာ ငယ်မွေး ခြံပေါက် အတူတူ ရုန်းကန်ခဲ့ကြသော နွားလှညိုပြာ ကလေးများက ဘယ်နေရာ ဘယ်စခန်း သို့ ရောက်သွားလေပြီ မသိ။ ယင်းတို့ကို လွမ်းဆွတ်မှုထက် ခေတ်ကို အများနည်း တူ အမီလိုက်နိုင်ရေးသာ အများအားဖြင့် သူတို့မျက်နှာများ၌ ထင်ဟပ်နေကြသည်။
မှတ်မိသေးသည်။

ငယ်စဉ်ကလေးဘ၀ နွေရာသီကျောင်း ပိတ်ချိန်ရွာသို့ ရောက်လျှင် “တောင်စိုင်း လှေ” စီးရသည့်အရသာက တစ်သက် မမေ့။
တောင်စိုင်းလှေဆိုသည်က သုံးပေ လေးပေ အရှည်ရှိသော သစ်ပြား ထိပ်နှစ် ဖက်ကို ဦးချွန်အောင် ဓားဖြင့် ခုတ်ပြီး အောက် မျက်နှာ ရွှေဘော်ညှိ ဖယောင်း ချောနေအောင် တိုက်ပြီး ခြေနင်းတန်းက လေးနှင့် တောင်ကုန်းပေါ်မှ တောင် အောက်သို့ မြက်ပင်များပေါ် လျှောစီးရ သည့် စကိတ်မျိုး။ ဥရောပ ရေခဲတောင် တွေမှာ နှင်းလွှာလျှောစီးသလို မျိုးဆင် ဆင်တူပြီး အသည်းတအေးအေးဖြင့် စီး ရသော ငယ်ဘ၀၏ အရသာက အခုအထိ လွမ်းစရာ တသသ။ ကလေး သဘာဝ သူ့ထက်ငါ အပြိုင်စီး ကြသည်။ အချို့ က တောင်အောက် အထိ ရှောရှောရှူရှူ။ အချို့ကတောင် တစ်ဝက်မှာ ဒလိန့် ခေါက်ကွေး။ ယခုတော့လည်း ကျွန်တော် တို့ကလေးများ လျှောစီးခဲ့သည့် သည် တောင်ကုန်းလေးက သီဟိုဠ်ပင်တွေနှင့် အုံ့အုံ့ဆိုင်းဆိုင်း။

ရွာကကလေးများအဖို့လည်း “တောင် စိုင်းလှေ” ဆိုတာ မမြင်ဖူး မကြားဖူးသော ဝေါဟာရတစ်ခု ဖြစ်ခဲ့လေပြီ။ ဟိုးတုန်း ကဆို သည်တောင်ကုန်းလေးပေါ်မှာ အလေ့ကျပေါက်ရောက်တဲ့ ဖောင်ဖင်ပင် တွေက အပြိုင်းအရိုင်း။ သည်အပင်က အသီးလေးတွေ ခူးပြီး ဝါးလုံးသေနတ် လေးထဲထည့်ကာ ငယ်ငယ်က စစ်တိုက် တမ်း ကစားခဲကြသည့်ကလည်း မမေ့နိုင်။ ဝါးသေနတ်က တစ်လုံးထိုး ဝါးသေနတ် နှင့် ဝါးစတင်းဟုခေါ်သော အတွဲလိုက်ပစ် ရသော သေနတ်ဆိုပြီး နှစ်မျိုးရှိသည်။ ဖောင်ဖင်သီးနှင့် မကျပ်မချောင် အနေ တော် ဝါးလုံးထဲ ယင်းအသီးများ ရာချီ ထည့်၍ တစ်ဖောင်းဖောင်းနှင့် ချုံထဲက ရန်သူကို ပစ်ခတ်ရတာကိုက အရသာ။ ခံရသူကတော့ ခန္ဓာအနှံ့ စပ်ဖျဉ်းဖျဉ်း။ တိုက်ပွဲ စည်းကမ်းအရ မျက်နှာကိုတော့ ပစ်၍မရ။

ဂျီနီဗာ စည်းမျဉ်းထက် ကလေးတွေ ကိုယ်တိုင်ထုတ်တဲ့ စည်းကမ်းကို ကလေး တိုင်းက လိုက်နာကျင့် သုံးကြသည်။
သို့သော် ယင်းကဲ့သို့ ပျော်ရွင်စရာ ကောင်းသော ကစားနည်းများအား တိုး တက်လာသည်ဟုဆိုသော ရွာက ယခု ခေတ်ကလေးများ မသိကြတော့။
ပြီးခဲ့လက ရွာကို အလည်တစ်ခေါက် ရောက်ဖြစ်တော့ ရွာအဝင် လမ်းတစ် လျှောက် ကလေးများ ဟိုနားတစ်စု ဒီနား တစ်စုစု ဖွဲ့ငြိမ်သက်လျက် တစ်စုံ တစ်ရာ ကို စုပြုတိုးဝှေ့ ကြည့်ရှုနေကြသည်ကို တွေ့ရသည်။ သူတို့ စူးစိုက်ကြည့်ရှုနေ သည်က သိတဲ့အတိုင်း စမတ်ဖုန်းတလုံး အပေါ်။ ကျောင်းပိတ်ရက် ဖြစ်သော်လည်း သူတို့ရဲ့ အားလပ်ချိန်များက ကျွန်တော် တို့ခေတ်တုန်းကလို ဘောလုံးကန် ရေကူး စစ်တိုက်တမ်းကစားဖို့ လူစုမနေကြ တော့။ ကိုယ်လက် လှုပ်ရှားမှုကင်းသော စမတ်ဖုန်းတစ်လုံးက ပြုလုပ်ပေးသော အရာများက သူတို့ရဲ့ အားလပ်ချိန်များကို ဆွဲဆောင်နေပြီး နှစ်သက်ပျော်ရွင်စရာ ကောင်းသော မြန်မာ့ရိုးရာကစားနည်း များနေရာ၌ နိုင်ငံတကာ ကစားနည်း (ဂိမ်းပေါင်းစုံ)က ဖုန်းမှတစ်ဆင့်က ကလေး တွေကို လွှမ်းမိုးလျက်။

အင်တာနက် ဖေ့စ်ဘွတ်ပေါ်က မမြင် မကြည့် မသိအပ်သည့် အဆိပ် အတောက် များ သိမ်းဆည်းထားသိုရာ အန္တရာယ် ဇုန်ထဲ ကျွန်တော်တို့ရာမှ ဖြူစင်သော ကလေးများလည်း အများနည်းတူ ကျ ရောက်နေပြီလောဟု မဆိုတတ်တော့။ဆိုရလျှင် ဖွင့်ထားသည် ပြတင်း တံခါးမှ ဝင်လာသောဖုန်နှင့် အမှိုက် သရိုက်များအား ဂရုစိုက်ဖယ်ရှားပြီး ကလေးများအတွက် လေကောင်းလေသန့် ရရှိရေးမှာ ကျွန်တော်တို့ နိုင်ငံသားအား လုံး၏ တာဝန်နှင့် အနာဂတ်ဘ၀ သာယာ လှပစေရေး အကြောင်းတရားဟု မြင်မိပါ ကြောင်း။