အင်ဂျင်နီယာ ဝန်ကြီး လိုသလား

0
671

ဝန်ကြီးလုပ်ဖို့ အင်ဂျင်နီယာ လိုက်ရှာနေတယ်ဆိုတော့ အင်ဂျင်နီယာ ကောလိပ်ကျောင်းဆင်း ဗမောင်း တော်တော် မျက်ခုံးပင့်သွားတယ်။တံတား၊ ကျောင်းစတဲ့ ဆောက်လုပ် ရေးလုပ်ငန်းတွေကို စစ်ဆေးနိုင်ဖို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က အင်ဂျင်နီယာ ဝန်ကြီးတစ်ယောက် ရှာနေ ပါသတဲ့။

မျက်ခုံးပင့်သွားတာက ထားဝယ်က တိုင်းရုံးမှာ ဝန်ကြီး အလုပ်လျှောက်လွှာ သွားတင်ဖို့တော့ မဟုတ်ပါ။ဆောက်လုပ်ရေး စစ်ဆေးဖို့ အင်ဂျင်နီယာ ဝန်ကြီးရှာနေတယ်ဆိုတဲ့ စိတ်ကူးလေးကို အံ့ဩတော်မူလွန်းလို့ မျက်ခုံးပင့်သွားတာပါ။ ဗမောင်းလည်း နိုင်ငံရေးပညာရပ်၊ အုပ်ချုပ်ရေး ပညာရပ်တွေ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက တတ်သလောက် တော့ ဖတ်မှတ်၊ လေ့လာတာပါပဲ။ ဒါပေမဲ့ အဲလိုမျိုး စစ်ဆေးဖို့ သက်သက် ဝန်ကြီးတစ်ယောက်ရှာတာ မတွေ့ဖူး လို့ပါ။
အများအားဖြင့်တော့ ဒီလိုစစ်ဆေး ရေးလုပ်ငန်းတွေကို အစိုးရဌာန (နိုင်ငံ တကာမှာတော့ အစိုးရ အေဂျင်စီလို့လည်း သုံးကြပါတယ်) တွေက လုပ်တာများ ပါတယ်။

စင်ကာပူမှာဆိုရင် သက်ဆိုင်ရာ နယ်ပယ်အလိုက် Land Transport Authority (ကုန်းကြောင်းသယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့) က လုပ် တာ ရှိတယ်။ သူက စင်ကာပူ အစိုးရ ပို့ဆောင် ရေးဝန်ကြီးဌာန အောက်မှာ ရှိတယ်။ နောက်ပြီး အဆောက်အအုံတွေ ဆိုရင် Building And Construction Authority (အဆောက်အအုံနှင့် ဆောက် လုပ်ရေး အာဏာပိုင်အဖွဲ့)က စစ်တယ်။ သူက စင်ကာပူအစိုးရ အမျိုးသားဖွံဖြိုး တိုးတက်ရေး ဝန်ကြီးဌာနအောက်မှာ ရှိပါတယ်။

ဆိုလိုချင်တာက လုပ်ငန်းတွေကို စစ်ဆေးဖို့ ဝန်ကြီးဌာန သပ်သပ် တစ်ခု လိုတယ်လို့ မလေ့လာထားမိပါ။ စင်ကာပူ လို အရည်အသွေးကို တစ်စက်မှ အစွန်း အထင်း မခံတဲ့ နိုင်ငံမှာ ဌာနတွေ၊ ဌာန ပေါင်းစုံ ပူးပေါင်းအဖွဲ့တွေ၊ အစိုးရ အေဂျင်စီတွေကပဲ စစ်ပါတယ်။ အဲဒီမှာ အရည်အသွေးကို နားလည် တဲ့ ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာ လက်မှတ်ရ ပညာရှင်တွေပါပါတယ်။ စစ်ဆေးရေးမှာ လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေ ရှိပါမယ်။

နောက်တစ်ခုက အစိုးရက ကိုယ့်လူ တွေကို မစစ်စေလိုရင် အပြင်က ကုမ္ပဏီ တွေကို ငှားနိုင်ပါတယ်။ လွတ်လပ်သော ကုမ္ပဏီဖြစ်ရပါမယ်။ သက်ဆိုင်ရာ အစိုးရကို တိုက်ရိုက် အစီရင်ခံရပါမယ်။ ပြင်ပ အေဂျင်စီ ဆိုရာမှာ ကုမ္ပဏီတွေ ရှိနိုင်သလို၊ မြန်မာအင်ဂျင်နီယာ ကောင်စီ လိုမျိုး အဖွဲ့တွေလည်း ရှိနိုင်ပါတယ်။
ဌာနကလူတွေချည်းပဲလည်း မလွတ် ထားချင်ဘူး။ ကုမ္ပဏီတွေ ကျတော့လည်း စိတ်မချရဘူးဆိုရင် လွှတ်တော်က သက်ဆိုင်ရာ အမတ်တွေနဲ့ပေါင်းပြီး၊ ပညာရှင်တွေပါ ဖိတ်ကြားပြီး ကော်မတီ ဖွဲ့ စစ်ဆေးနိုင်ပါတယ်။

ဆိုတော့ လုပ်ငန်းတွေကို စစ်ဖို့ ဆိုပြီး အင်ဂျင်နီယာပညာ တတ်တဲ့ ဝန်ကြီးလိုတယ်ဆိုတာ သဘောမတူလှ ပါ။ ဆိုင်ရာ ဆိုင်ရာ ဝန်ကြီးတွေက အင်ဂျင်နီယာတွေကို ခိုင်းတတ်၊ တာဝန် ပေးတတ်၊ စီမံခန့်ခွဲတတ်ဖို့ပဲ လိုပါတယ်။ ဝန်ကြီးဆိုတာ စီမံခန့်ခွဲရေးနေရာပါ။ ပေတံကိုင်ပြီး အကုန်လိုက်တိုင်းနေရတဲ့ နေရာမဟုတ်ပါ။ အကုန်လည်း လိုက် တိုင်း တတ်နေစရာမလိုပါ။ တိုင်းတတ်သူတွေ၊ ပညာရှင်တွေကို စီမံခန့်ခွဲတတ်ဖို့ပဲ လိုပါတယ်။

ဆိုတော့ ပြန်ချုပ်ရရင် ဆောက်လုပ် ရေးလုပ်ငန်းတွေ အရည်အသွေးစစ်ဖို့ ပုံမှန်အားဖြင့် ဌာနတွေက လုပ်ကြပါ တယ်။ ပြင်ပ အေဂျင်စီတွေကို ငှားတဲ့ အနေအထားတွေလည်း ရှိပါတယ်။ အဲဒီလို မလုပ်ရင်လည်း လွှတ်တော်၊ အစိုးရဌာန နဲ့ လွတ်လပ်တဲ့ ပညာရှင်တွေ ပေါင်းထားတဲ့ အဖွဲ့က စစ်နိုင်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနက ကြီးကြပ် ပေါ့။

ပြောသာပြောနေတာ။ လုပ်ငန်းတွေ ပြီးလို့ လိုက်စစ်ဖို့ကိစ္စကိုပဲ မဲတင်းနေ တာ။ လမ်းတွေ၊ တံတားတွေ ဆောက်ဖို့ ကုမ္ပဏီတွေကို တင်ဒါ မချပေးမီကော ဘယ်လောက် အစစ်ဆေးခံကြလဲ၊ ဘယ်လောက်ထိ အသေးစိတ် စိစစ်ကြ လဲတော့ မသိ။

တင်ဒါအောင်မယ့် ကုမ္ပဏီလောင်း တွေကို လွှတ်တော်က သက်ဆိုင်ရာရေး ရာ ကော်မတီတွေက ဘယ်လောက် မေးခွန်းထုတ်ခွင့်ရကြလဲတော့ မသိပါ။
ကိုယ်ကတော့ တတ်မှတ်သိမှီ သလောက်ပြောတာပါ။ အစိုးရမင်းများက ” ဟ . . . လိုကို လိုတယ်ဟ” လို့ ပြောရင် လည်း ဘယ်တတ်နိုင်မလဲ။
ဘာလဲ ဗမောင်းကို ဝန်ကြီးခန့်ဖို့ စဉ်းစားနေပြီလား။ မလုပ်ပါနဲ့၊ တစ်ဝက် တစ်ပျက် အင်ဂျင်နီယာလက်မှတ်ကို ကျောင်းပြီးကတည်းက ပစ်ထားလိုက် တာကြာပါ့။ အဲဒီလက်မှတ်နဲ့လည်း ထမင်းမစားတာကြာပါ့။