လက်လုပ် ဝါကျွတ်သေနတ်လွမ်းချင်း

0
356

သီတင်းကျွတ်တော့မည်။ ကလေး များကတော့ ထုံးစံအတိုင်း သီတင်း ကျွတ်လထဲ မဝင်မီကတည်းက မီးရှူး မီးပန်း ဖောက်နေသည်။
လောင်းလုံးမြို့နယ်မှ ကျောင်းထိုင် ဆရာတော်တစ်ပါးကတော့ ဗုဒ္ဓဘာသာ ထုံးထမ်းအရ သီတင်းကျွတ်တွင် မီးရှူး မီးပန်းဘယ်အတွက် ဖောက်သည်ကို ကျမ်းဂန်များတွင် မတွေ့ရဟု မိန့်သည်။
သို့သော် သီတင်းကျွတ်တွင် မီးရှူး မီပန်းဖောက်သည့် ယဉ်ကျေးမှုက မြန်မာ ပြည်တွင် အမြစ်တွယ်ခဲ့သည်မှာ ကြာချေပြီ။
ယခုဆိုက သတင်းမကျွတ်မီပင် မီးရှူးမီးပန်းများက မြို့ရောတောနယ်ပါ ကုန်စုံဆိုင် အကြီးအသးတိုင်းတွင် လွယ် လင့်တကူ ဝယ်နိုင်နေပြီ။ တစ်ဖောင်း ဖောင်း တစ်ဒိုင်းဒိုင်း ဖောက်နေလေပြီ။

ယခု လူလတ်ပိုင်းအရွယ် ဖြစ်နေပြီ ဖြစ်သော တခေတ်တခါက ကလေးများ ကား မီးရှူးမီးပန်းများ ဝယ်ရန် ယခုကဲ့သို့ မလွယ်ကူခဲ့။ မြို့များ၊ ရွာကြီးများတွင်သာ ရောင်းချသဖြင့် သီတင်းမကျွတ်မီ ကတည်းက မိဘကိုကြိုပူဆာပြီး သီတင်း ကျွတ် သုံးရက်တွင်မှ ခွဲတမ်းဖြင့် ဖောက် ကြရ၏။
လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က တနင်္သာရီတိုင်းအတွင်း ခေတ်အစားဆုံး မီးပန်းက ရဲဘော်တံဆိပ်။ အခြားတံဆိပ် များ မရှိသလောက် ရှား၏။ မီးရှူးတိုင် များကား ကိုယ်တိုင်ဝယ်ဖောက်ရန် မဆို ထား အခြားသူများ ဖောက်နေသည်ကိုပင် တွေ့ရခဲလှ၏။

သို့သော် ထိုနောတ် ကလေးများ၏ လက်ထဲတွင် “ဝါကျွတ်သေနတ်”ကိုယ်စီ ရှိနေကြလိမ့်မည်။ လက်လုပ်သေနတ်များ ဖြစ်သည်။ ထိုသေနတ်များက “ဘိန်း”၊ “ဒိုင်း”၊ “ဖောင်း”၊ စသဖြင့် အသံမြည်က မီးပွင့်သည်။
“ကျွန်တော်ငယ်ငယ်တုန်းက အခု လိုမျိုး ဗျောက်အိုး၊ မီးရှူး၊မီးပန်း၊ မီးဒုံး (ရှူးဒိုင်း) က အခုလို ဆိုင်ပေါ် တင် မရောင်းသေးပါဘူး။ မီးပန်းနှစ်မျိုးလောက်ပဲ ရှိတယ်၊ အဲဒီမီးပန်းကဖောက်လိုက်ရင် အရမ်းအားကောင်းတော့ မီးရှို့ရင်ပေါက် မြန်တယ်။ အန္တရာယ်ရှိတယ်၊ အဖေ အမေတွေက မဝယ်ပေးတော့ လက်လုပ် ရိုက်ဖောက်မီးပန်းကို ဖောက်ကြတယ်”ဟု ပုလောမြို့နေ အသက်၃၁နှစ်ရှိ ကိုငွေစိုးက ပြောသည်။

ယခု အသက် ၅၀ ဝန်းကျင် ထားဝယ် သားတိုင်းနီးပါး လက်လုပ်ဝါကျွတ် သေနတ်ကိုင်ဖူးကြသည်ချည်း။ ယမ်း မီးခြစ်ဘူးက ဘက်စုံသုံး လက်စွဲတော် ကျည်ဆံ။
“ယမ်းမီးခြစ်ဆံဘူး ရှိနေရင် အသံ မြည် မီးပွင့်တာပဲ” ဟု ကော့သောင်း ရောက် ထားဝယ်သား ဦးမျိုးလွင်က ပြောသည်။
ဦးမျိုးလွင်တို့ ငယ်စဉ်က သီတင်းမကျွတ်မီကတည်းက တစ်ချိန်လုံး တဘိန်းဘိန်း တဒိုင်းဒိုင်း။
ယင်းသို့ ဖောက်နိုင်ရေး သီတင်း ကျွတ်လ မစမီကတည်းက သီတင်းကျွတ် သေနတ်လုပ်ရန် လိုအပ်သည့်ပစ္စည်း ရှာဖွေစုဆောင်းကြရသည်။ ပစ္စည်းရှာဖို့ နေရာ အဓိကပစ်မှတ်က တောရွာမှာဆိုက စက်ဘီးပြင်ဆိုင်။ စက်ဘီးစပုတ်တံ၊ ဆိုင်ကယ်ကျုခေါင်း၊ ဆိုင်ကယ်စပ အဟောင်းအပျက်များ ရှာကြရသည်။ ယင်းတို့သည် သီတင်းကျွတ် သေနတ် အတွက် အဓိက လိုအပ်ပစ္စည်းများ။

စက်ဘီးစပုတ်တံရက စပုတ်ခေါင်း ကိုဖြုတ်၊ အတံကို သေနတ်ပုံ သေနတ်ပုံ ထွက်အောင် ကွေး၊ စပုတ်ခေါင်းထဲ ယမ်းဆံ ခြစ်ထည့်၊ မီးခြစ်ဘူးက ယမ်း စက္ကူပြား သေးသေးဆုတ်ပြီး အပေါ်ကဖုံး၊ သေနတ်ခေါင်းတွင်စွပ်ပြီး မာသည့်နေရာ တွင် ရိုက်ချလိုက်က “ဒိုင်း..” မြည်ကာ မီးပွင့်။ ယင်းကား စပုတ်ခေါင်းသေနတ်။
“ခုဆိုပိုတောင်ကောင်းသေး၊ ဆိုင် ကယ်စပုတ်တံတွေ ပေါမှပေါ၊ ကိုယ် တောင် လုပ်ပြလိုက်ချင်တယ်” ဟု မြိတ် မြို့ မြို့သစ်ရပ်နေ အသက် ၄၅ နှစ်ရှိ ဦးစိုးနိုင်က စိတ်အားထက်သန်စွာ ပြော သည်။

ဆိုင်ကယ်အတွင်းတာယာ ကျု ခေါင်းကို သစ်သားဒုတ်ထဲ ထည့်မြုတ်၊ ခဲသီးကိုခွဲပြီး မီးဖြစ်အရည်ဖျော်ကာ ကျုခေါင်းထဲ သုံးပုံတစ်ပုံထိ လောင်း ထည့်၊ ၅ လက်မ သံကို တစ်ပိုင်းဖြတ်ပြီး ခေါင်းဘက်ကိုယူကာ သရေကွင်းဖြင့် တုတ်မှာချည်၊ ကျုခေါင်းထဲ ယမ်းဆံ ခြစ်ထည့်၊ ယမ်းစက္ကူပြား ဆုတ်ပြီး ဖုံး၊ သံခေါင်းကိုစွပ်ပြီး မာသည့်နေရာတွင် ရိုက်ချလိုက်က “ဘိန်း.” မြည်ကာ မီးပွင့်။
ယင်းကား လက်ရိုက်သေနတ်။

ဆိုင်ကယ် စပကတော့ ဆိုင်ကယ် ရှားသည့်ထိုခေတ်က ရှားသည်။ စပ အပျက်တစ်လုံး ရလာသူက ကံထူးရှင်။ အသံကျယ်ပြီး လှပသည့် မိုးပျံသေနတ် ပိုင်ရှင် ဖြစ်လေပြီ။
စပခေါင်းအပျက်ထဲက မလိုသည့် သံစများ ဖယ်ရှား။ အပေါက်နှင့် အနေ တော် မူလီခေါင်းအဟောင်းကိုရှာပြီး စပမှာ သရေပင်နှင့်တွဲစွပ်၊ ရောင်စုံပလပ် စတစ်လျှော်ကြိုးများကို တထွာခန့်စီ ဖြတ်မွကာ စပခေါင်းတစ်ဖက်ထိပ်မှာ ချည်တွဲ၊ စပခေါင်းထဲ အထက်ကအတိုင်း ယမ်းထည့်က မိုးပေါ်ကို တစ်အားလွဲပစ်၊ အောက်ကို လှလှပပ ဝဲပျံကျလာပြီး မြေကြီးမာ(သို့) သမံတလင်းနှင့် ထိလျှင် မီးပွင့်အသံမြည်။

“အပေါ်ပစ်လိုက်ရင် အောက်ပြန် ကျရင်ပေါက်တယ်၊ ပြောရရင်တော့ ပစ်ဖောက်ပေါ့၊ ဒါမျိုးနဲ့ ဆော့ဖူးတယ်”ဟု မြိတ်မှ အသက် ၄၁ နှစ်အရွယ် ဦးကျော်မင်းက ပြောသည်။
သေနတ်မလုပ်တတ်သည့် ကလေး ငယ်လေးများက မျက်နှာငယ်လေးနဲ့ လိုက်ကြည့်၊ ကလေးကြီးများ၊ အစ်ကို များဆီ အပူကပ်လုပ်ခိုင်း။ မည်သို့ဆိုစေ ယင်းခေတ်က ကလေးကြီး ကလေးငယ် တိုင်းလက်ထဲ သီတင်းကျွတ်သေနတ်က တယောက်တစ်လက်ကျ။
ယခုခေတ်ကလေးတို့ ယင်း လက် လုပ်ဝါကျွတ်သေနတ် သုံးစွဲဖို့ မဆိုထား မြင်ဖူးသူပင် မရှိသလောက်။

“သားသားက မီးကြယ်လေးတွေနဲ့ ကစားတယ်၊ ဘောလုံးမီးပန်းတွေက မကစားဘူး ကြောက်လို့၊ မေမေလည်း ပေးမဆော့ဘူး၊ လက်လုပ်သေနတ် ကိုတော့ သိဘူး။ ၅၀ တန် မီးပန်းတွေ ယမ်းမီးပန်းတွေ နှစ်ချက်ဖောက်၊ သုံးချက် ဖော်တွေနဲ့ ဖောက်ဖြစ်တယ်” ဟု မြိတ်မြို့မှ အသက် ၆ နှစ်အရွယ် မောင်သုတအောင်က ပြောသည်။
“ကျန်တာတော့ သိဘူး”
အသက် ၆ နှစ်အရွယ်သာ မဟုတ်။ လက်လုပ်ဝါကျွတ်သေနတ်ကို အသက် ၂၀ ဝန်းကျင် လူငယ်များပင် တော်ရုံ မသိကြတော့။
သူတို့တွေ့နိုင်ရန်လည်း မလွယ် တော့၊ မေးမိသူတိုင်း မည်သူမျှ မသုံးကြ တော့။

“အရင်ခေတ်ကတော့ သီတင်း ကျွတ်တော့မယ်ဆိုတာနဲ့ အချိန်ပေးပြီး တော့ လုပ်ကြရတာ အခုခေတ်ကတော့ ပိုက်ဆံရှိရင် ဘယ်မှာဝယ်ဝယ် အလွယ် တကူဝယ်လို့ရနေတာလေ ဘယ်သူ့မှလဲ တကူးတက လုပ်နေကြမှာမဟုတ်ဘူးလို့ ထင်တယ်”ဟု ထားဝယ် ဇရစ်ရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် ဦးကျော်ကျော်က သုံးသပ်ပါသည်။
ထားဝယ်၊ မြိတ်၊ ကော့သောင်း မေးမိသည့် လူငယ်လူရွယ်တိုင်း သီတင်း ကျွတ်လက်လုပ်သေနတ်ကို မြင်ချင် သုံး ချင်ကြောင်း ပြောကြသည်။
“သီတင်းကျွတ်လက်နက်ဆိုတာ ရှိသေးတယ်ဆိုရင် မြင်ဖူးချင်တယ်၊ သုံးလဲသုံးကြည့်ချင်တယ် ဘယ်လိုသုံး ရလဲဆိုတော့လဲ သိချင်တယ်” ဟု ထားဝယ် မြို့ ဆန်းချီရပ်ကွက်နေ အသက် ၁၈ နှစ် အရွယ်ရှိ မဂျူးဂျူးမေက ပြောလေသည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်က တွင် ကျယ်စွာ သုံးခဲ့ဖူးသည့် သီတင်းကျွတ် လက်လုပ်သေနတ်ကား မည်သည့် ပြတိုက်တွင်မျှ မတွေ့ရသေးချေ။