တနင်္သာရီတွင် လူမှုရေးပင်စင်ရ ဘိုးဘွားဦးရေ သုံးရာတိုး

0
507

တနင်္သာရီတိုင်းအတွင်း လူမှုရေး ပင်စင်ရရှိသည့် အသက် ၉၀ နှစ်နှင့် အထက် ဘိုးဘွားဦးရေ ၃၀၀ တိုးလာ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လက ၃လစာ အတွက် ပထမဆုံးအကြိမ် လူမှုရေးပင်စင် ထောက်ပံ့စဉ်က ဘိုးဘွားဦးရေ ၁၁၃၄ ဦးသာရှိရာမှ ဒုတိယအကြိမ်တွင် ၁၄၃၄ ဦးအထိ ရှိလာကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးက ပြောသည်။

အသက် ၉၀ နှစ်နှင့် အထက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ၃ လတစ်ကြိမ် ထောက်ပံ့နေခြင်း ဖြစ်သည်။
“နောက်ထပ်ပေးမယ့် အကြိမ်တွေ မှာလည်း အသက်ပြည့်လာတဲ့ ဘိုးဘွား တွေ ထပ်တိုးလာမှာဖြစ်ပြီး သေဆုံးရင် ပြန် လျော့သွားမှာပါ”ဟု လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက ပြောသည်။

ဒုတိယအကြိမ် ထောက်ပံ့ငွေကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက် နေ့က သက်ဆိုင်ရာမြို့နယ်အလိုက်ပေးခဲ့ ပြီး ဖြစ်သည်။
အသက်ပြည့် ဘိုးဘွားများကို လူမျိုး ဘာသာမရွေးဘဲ မြန်မာနိုင်ငံသား ဖြစ်က ထောက်ပံ့ငွေ ပေးကြောင်း ၎င်းက ရှင်းပြသည်။
တတိယအကြိမ် ထောက်ပံ့ငွေကို မူလာမည့် ဒီဇင်ဘာလတွင် ပေးနိုင်ဖွယ် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လူ မှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် တိုင်းအတွင်းအသက် ၉၀ နှင့်အထက် ဘိုးဘွား ၂၆၃၂ ဦးရှိပြီး ကျေးလက်တွင် နေထိုင်သူ ၁၈၆၃ ဦးရှိကာ မြို့ပြတွင် ၇၆၉ ဦးရှိကြောင်း ဖော်ပြထားသည်။

မြို့နယ်အလိုက် လူမှုရေးပင်စင် ရရှိသည့် အသက် ၉၀နှစ်နှင့်အထက် ဘိုးဘွားဦးရေ
ထားဝယ် ၂၃၈
သရက်ချောင်း ၁၅၆
လောင်းလုံး ၂၂၈
ရေဖြူ ၁၂၆
မြိတ် ၂၈၈
ကျွန်းစု ၉၀
ပုလော ၁၃၈
တနင်္သာရီ ၉၂
ကော့သောင်း ၆၁
ဘုတ်ပြင်း ၁၇