ကိုယ်ချင်းစာခြင်း

0
823

ဘ၀မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေကို သတ္တိရှိရှိ ချနိုင်ဖို့အတွက် ဘယ်အရာတွေက အဓိက တွန်းအား ဖြစ်စေပါသလဲ။ အခက်အခဲ အကျပ် အတည်းတွေကြားက အတင်းတွန်းထိုး ရုန်းထွက်ပြီး ဆုံးဖြတ်ချက်ချရတဲ့ အနေ အထားမျိုးကို လူတိုင်းလိုလို ကြုံဖူးကြ မှာပါ။ အဲဒီ ဆုံးဖြတ်ချက်ဟာ ကိုယ့် အကျိုးအတွက် မဟုတ်ဘဲ အခြားတစ် ယောက်ရဲ့ အကျိုးအတွက်ဆိုရင် ယိမ်း ယိုင်တိမ်းစောင်းမှု မရဘဲ မှန်ကန်တဲ့ ဘက်မှာ မြဲမြံစွာ ရပ်တည်နိုင်ဖို့အတွက် ဘယ်လိုအရာတွေက ခွန်အားနဲ့ သတ္တိ တွေ ဖြစ်ပေါ်စေပါသလဲ။

အခက်အခဲတွေကြားက သတ္တိရှိရှိနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့ အ ဖြစ်အပျက်တစ်ခုကို မီးမောင်းထိုးပြတဲ့ ရုပ်ရှင်တစ်ကားကို မကြာခင်က ကြည့် လိုက်ရပါတယ်။ ဇာတ်လမ်းက ကိုယ့် အကျိုးထက် တစ်ခြားတစ်ယောက်ရဲ့ အကျိုးကို ဦးစားပေးပြီး သတ္တိရှိရှိနဲ့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ဆရာမလေးတစ် ယောက်အကြောင်း ပါပါတယ်။
ရုပ်ရှင်နာမည်က The First Grader ပါ။ ဇာတ်လမ်းက ကင်ညာနိုင်ငံမှာ အားလုံးအတွက် အခမဲ့ပညာရေးလို့ အစိုးရက ကြွေးကြော်ပြီး မူလတန်း ကျောင်းတွေ တစ်နိုင်ငံလုံးအနှံ့ ချောင် ကြိုချောင်ကြားမကျန် ဖွင့်လှစ်ပေးတဲ့ အချိန်။ စာသိပ်တတ်ချင်တဲ့ အသက် ၈၄ နှစ်အရွယ် အဖိုးကြီး မာရုဂေက သူ့ရွာရဲ့ မူလတန်းကျောင်းမှာ ကျောင်း တက်ခွင့်ရဖို့ ကြိုးစားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။

အဖိုးကြီးရဲ့ လုံ့လဝီရိယနဲ့ ဇွဲကို တစ်ကမ္ဘာလုံးက အားကျစရာ အတုယူ စရာ ဖြစ်ခဲ့ရသလို မူလတန်းတက်တဲ့ ကမ္ဘာ့အသက်ကြီးဆုံးသူအဖြစ် ဂရင်း နစ် စံချိန်ဝင်ခဲ့ပါတယ်။ နယူးယောက် မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်ကို ဖိတ် ကြားခံရပြီး နိုင်ငံတကာ ခေါင်းဆောင် များကို ပညာရေးရဲ့ စွမ်းပကားနဲ့ ပတ် သက်တဲ့ မိန့်ခွန်းပြောကြားခွင့် ရခဲ့တယ်။ ပညာရေးက အသက်အရွယ်မရွေး လူ တိုင်းအတွက် အရေးကြီးကြောင်း အဖိုး ကြီး မာရုဂေက စံနမူနာ ပြနိုင်ခဲ့ပါတယ်။
သူဒီလို အကျိုးတရားတွေ ခံစား ရဖို့ သူ့ကိုအဓိက အကူအညီပေးခဲ့သူ တစ်ဦး ရှိပါတယ်။ သူမကတော့ အဲဒီ ကျောင်းရဲ့ မူလတန်းကျောင်းအုပ် ဆရာမ ဂျိန်းပါ။ တကယ်လို့ ဆရာမဂျိန်းသာ မရှိခဲ့ဘူးဆိုရင် သူဘယ်လောက် ဇွဲကောင်း ကောင်း သူ့ရဲ့ စာတတ်ချင်တဲ့ ရည်ရွယ် ချက်က အောင်မြင်ချင်မှ အောင်မြင်မှာ ပါ။

ဆရာမဂျိန်းက အဖိုးကြီးကို ကျောင်းနေခွင့်ပြု လိုက်ချိန်ကစပြီး အတိုက်အခိုက်တွေက သူမအတွက် တကယ့်ကို မယုံနိုင်စရာ ကောင်းလောက် အောင် ကြီးမားခဲ့ပါတယ်။ အထက်လူ ကြီးရဲ့ ဆူပူကြိမ်းမောင်းတာကို ခံရ တယ်။ ကျောင်းသား မိဘတွေက အဖိုးကြီး ကို ကျောင်းမှာ လက်မခံဖို့ ဆန္ဒပြကြ တယ်။ ရွာသူ၊ ရွာသားတွေက သူမရဲ့ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက် ကြတယ်။ သူမ အိမ်ထောင်ရေး ပြိုကွဲ အောင် အမျိုးမျိုး ရန်တိုက်ကြတယ်။ အလုပ်ထွက်သွားဖို့ ဖိအားတွေ အမျိုးမျိုး ဝိုင်းပေးကြတယ်။ ဒါပေမဲ့ အတိုက်အခိုက် တွေကြောင့် သူမ မိသားစု ပြိုကွဲမတတ် ဖြစ်နေတဲ့ အနေအထားမျိုးမှာတောင် သူမ အဖိုးကြီးဘက်က ကြံ့ကြံ့ခံရပ်တည် ခဲ့တယ်။

ကျွန်မ စဉ်းစားနေမိတယ်။ ဘာ ကြောင့်များ သေခါနီး အဖိုးကြီးတစ် ယောက်အတွက် သူမ ဒီလောက်တောင် စွန့်လွှတ်ပြီး ဒီအဖိုးကြီး စာသင်လို့ ရ အောင် ကြိုးစားပေးတာပါလိမ့်လို့။
ဒီအဖိုးကြီးက ကင်ညာနိုင်ငံ လွတ် လပ်ရေးရဖို့အတွက် ရွံ့ရွံ့ချွံချွံ တိုက်ပွဲ ဝင်ခဲ့တဲ့ သူတစ်ယောက် ဖြစ်တယ်။ သူ့မိသားစုက သူ့ကြောင့် အသတ်ခံ လိုက်ရတယ်။ သူ့ဘ၀တစ်ခုလုံး ပေး အပ်ပြီး နိုင်ငံလွတ်လပ်ရေးရဖို့အတွက် တိုက်ပွဲဝင်ခဲ့တာ။ သူ့ရဲ့ စွန့်လွှတ်မှု တွေကို ကိုယ်ချင်းစာပြီး သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးသင့်တယ်လို့ သူမ ယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်း လည်း သူမ ရပ်တည်ခဲ့တယ်။ အဖိုးကြီး နေရာမှာ ကိုယ်စားဝင် တွေးပေးနိုင်တဲ့ ကိုယ်ချင်းစာ စိတ်က အခက်အခဲတွေကို ရင်ဆိုင်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်စေခဲ့ပါတယ်။

ကိုယ်ချင်းစာစိတ်က အခက်အခဲ အားလုံးကို ရင်ဆိုင်နိုင်တဲ့သတ္တိနဲ့ မှန် ကန်တဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာမှာ ကြီးမားစွာ အထောက်အကူ ပြုနိုင်တယ် ဆိုတာ အံ့ဩစရာ တွေ့ရှိရပါတယ်။ ဒါ ပေမယ့် စစ်မှန်တဲ့ ကိုယ်ချင်းစာစိတ် တော့ ဖြစ်ရပါမယ်။
ကိုယ်ချင်းစာစိတ်ဆိုတာ ဘယ်လို မျိုးပါလဲ။ တစ်ဦးနဲ့ တစ်ဦး အဓိပ္ပာယ် ဖွင့်ဆိုပုံတွေ တူချင်မှ တူပေမယ့် ယေဘု ယျအားဖြင့် တစ်ဖက်လူဘက်ကို တွေး ပေးတာလို့ ပြောလို့ရပါတယ်။ ကိုယ်ချင်း စာစိတ်ဆိုတာ တစ်ဖက်လူအပေါ်မှာ တွေးပေးတာဆိုရင် ကျွန်မတို့ တစ်ဖက် လူတွေအပေါ်မှာ ဘယ်လောက်အထိ တွေးပေးနိုင်ပါသလဲ။ မိမိကိုယ်ကို ပြန် ဆန်းစစ်ကြည့်ဖို့ လိုအပ်မယ် ထင်ပါ တယ်။ကျွန်မတို့ ငယ်ငယ်ကတည်းက သူတစ်ပါးအပေါ်မှာ ကိုယ်ချင်း စာစိတ် ထားဖို့ မိဘ၊ ဆရာသမားတွေက ထပ်ခါတစ်လဲလဲ ဆိုဆုံးမကြပါတယ်။ ကိုယ်ချင်းစာတရားဆိုတဲ့ စကားကလည်း လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်နေလိမ့်မယ် ထင်ပါတယ်။

ဒါပေမယ့် ကျွန်မတို့ ဘယ်လောက်အထိ တကယ်ကိုယ်ချင်းစာ စိတ်ထားနိုင်ပါပြီလဲ။ အပြောနဲ့မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်မှုနဲ့ တိုင်းတာရင် ကိုယ်ချင်းစာတရားထားတဲ့ စာမေးပွဲမှာ ဖြေဆို အောင်မြင်ပါရဲ့လား။ ကိုယ့်ကိုယ် ကို မေးခွန်းထုတ်ရမှာတွေက အများ ကြီးပါ။ လွယ်မယောင်နဲ့ခက် တိမ်မ ယောင်နဲ့ နက်ပါတယ်။

ကျွန်မ အမှန်တကယ် ကိုယ်ချင်းစာ စိတ် မထားနိုင်သေးကြောင်း ပေါ်လွင် သွားတဲ့ အဖြစ်အပျက်တစ်ခုကို မျှဝေ ပါရစေ။
တစ်နေ့မှာ ဆရာတော် ဦးဇောတိက ဟော ကြားထားတဲ့ တရားတစ်ပိုဒ်ကို ဗီဒီယိုနဲ့ ဖွင့်ပြီး ကျွန်မတို့ မိသားစု အတူတူ နာကြပါတယ်။ တရားပွဲပြီးတော့ ဆရာတော်က တရားနာပရိသတ်တွေ ကို စာရွက်လေးတွေနဲ့ရေးပြီး မေးခွန်းမေး ခွင့်ပေးပါတယ်။ အဲဒီ မေးခွန်းတွေ ကို ဆရာတော်က တစ်ခုချင်းစီ ဖတ်ပြီး ဖြေကြားပေးပါတယ်။

မေးခွန်းတွေထဲက တစ်ခုက”သူမေတ္တာစစ်နဲ့ ချစ်နေတဲ့ လူတစ်ယောက် ကို လမ်းခွဲလိုက်ရလို့ မေ့ဖို့ကြိုးစားပေမဲ့ သူဘယ်လိုမှ မေ့လို့မရပါဘူး။ မေ့ဖို့ ကြိုးစားလေလေ ညဘက် အိပ်မက်တွေ မှာ ပြန်ပေါ်လာတဲ့အတွက် သူအကြီး အကျယ် စိတ်သောက ဖြစ်နေရပါတယ်။ အဲဒီ စိတ်သောကတွေ ပြေပျောက် ဖို့အတွက် သူဘယ်လိုလုပ်ရမလဲ”လို့ မေးထားပါတယ်။

စာရေးထားဟန်က နုနုနွဲ့နွဲ့နဲ့ ရည်းစားစာ ရေးထားသလိုမျိုး။ သူ့ရဲ့ ရင်ဖွင့်စာကို ကြားရတော့ တရားနာ ပရိတ်သတ်တွေက တသောသော ရယ်ကြပါတယ်။ ကျွန်မလည်း ခွက်ထိုး ခွက်လှန် ရယ်မိတယ် ဆိုပါတော့။ ကျွန်မစိတ်ထဲမှာ ဒီလူ့နှယ် ဘယ်လိုဖြစ် လို့ ဘုန်းကြီးကို ရည်းစားစာ ပေးဖတ်နေ ပါလိမ့်လို့လဲ တွေးမိပါတယ်။
ပရိသတ်တွေ ရယ်နေတဲ့ အချိန်မှာ ဆရာတော်က ဘာမှ မပြောပါဘူး။ ရယ် သံနည်းနည်းစဲသွားမှ ဆရာတော်က ပြုံးပြီး စကားတစ်ခွန်း ပြောပါတယ်။ “ဒီလူတွေ တော်တော် ကိုယ်ချင်းစာ ကြတယ်နော်”တဲ့။ အဲဒီစကားကို ကြား လိုက်ရတော့ ကျွန်မရယ်နေတာ ရပ်သွား ပြီး စိတ်ထဲလည်း တစ်မျိုးဖြစ်သွားပါ တယ်။

ဆရာတော်က ဆက်ပြောပါတယ်။ ဒါက လူတိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ အရာပါ။ သူကိုယ်တိုင်လည်း အဲဒီလို ဖြစ်ဖူးတဲ့အတွက် အခု ဒီမေးခွန်းမေးတဲ့ သူကို ကိုယ်ချင်းစာပါတယ်တဲ့။ ဒီစိတ် သောကတွေ ပြေပျောက်ဖို့အတွက် စိတ် ကို ဘယ်လိုပြုပြင်ရမယ်ဆိုတာတွေ ဆက် ပြောပေးပါတယ်။
ကျွန်မ တော်တော်လေး ရှက်သွား ပါတယ်။ ဘာမှ ခက်ခဲတဲ့ ပေးဆပ်မှုတွေ မပါဘဲနဲ့တောင် တစ်ခြားလူတစ်ယောက် အပေါ်မှာ ကျွန်မ ကိုယ်ချင်းစာစိတ် မထားနိုင်သေးဘူး ဆိုတာလည်း ရှင်း ရှင်းလင်းလင်း သိလိုက်ရပါတယ်။ တကယ်လို့များ ဆရာမ ဂျိန်းလိုမျိုး ကိုယ်ချင်းစာစိတ် တစ်ခုတည်းနဲ့ အ ခက်အခဲတွေကို ရင်ဆိုင်ပြီး ဆုံးဖြတ်ချက် ချရတာမျိုးဆိုရင်ရော။ ကျွန်မရဲ့ စိတ် ထားတွေကို ပြုပြင်ပြောင်းလဲဖို့ အများ ကြီး လိုအပ်နေသေးတယ်ဆိုတာ တွေ့ လိုက်ရပါတယ်။ ကျွန်မ ဖတ်ဖူးတဲ့ စာတစ်ပိုဒ်က ဒီလိုဆိုပါတယ်။

“လူတစ် ယောက် ရင့်ကျက်တယ် ဆိုတာ အသက်အရွယ်၊ ပညာ အရည်အချင်း ပိုင်ဆိုင်မှု နဲ့ ဘာမှ မဆိုင်ပါဘူး။ တစ်ဖက် လူအတွက် ဘယ်လောက် အထိတွေးပြီး ကိုယ်ချင်းစာ ပေးနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး လူတစ်ယောက်ရဲ့ ရင့် ကျက်မှုကို တိုင်းတာလို့ ရပါတယ်”တဲ့။ တစ်ဖက်လူရဲ့ ခံစားချက်အပေါ် နားလည်ပေးနိုင်လေလေ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် သတ္တိ ရှိလာ လေလေပါပဲ။

ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းရေးရဖို့ အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပကြတာကို ဖတ်ရ၊ ကြားရတဲ့အခါ သိပ်ဝမ်းသာမိပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးက သိပ်ကို အရေးကြီး လှပါတယ်။ လူ့ဘောင်အဖွဲ့အစည်းတစ်ခု ငြိမ်းချမ်းဖို့ဆိုရင် တစ်ဦးအပေါ်တစ်ဦး စစ်မှန်တဲ့ ကိုယ်ချင်းစာစိတ်ထားဖို့လည်း အရေးကြီးတယ်ဆိုတာ ကျွန်မတို့ မမေ့ သင့်ပါဘူး။ ကိုယ့်နေရာ ကိုယ့်ရှုထောင့်က နေပဲကြည့်ပြီး သူ့နေရာ သူ့ရှုထောင့် ကနေ ဝင်မကြည့်နိုင်သေးသရွေ့ ကျွန်မ တို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ဝေးနေဦးမှာပဲ ဖြစ်ပါတယ်။

ကိုယ်ချင်းစာစိတ်သာ ထားနိုင် ကြမယ်ဆိုရင် ဘယ်လို အခက်အခဲ တွေရှိရှိ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကူညီပြီး လက်တွဲသွားဖို့ ခက်လိမ့်မယ် မထင်ပါဘူး။ တိုင်းရင်းသား လူမျိုး ပေါင်းစုံ နေထိုင်ကြတဲ့ ကျွန်မတို့နိုင်ငံမှာ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က နားလည်ပြီး ဖေးမကူညီ လက်တွဲသွားဖို့ သိပ်ကို အရေးကြီး လှပါတယ်။ ဒါမှလည်း ကျွန်မတို့ တိုင်းပြည်ဟာ အရောင်အသွေး စုံလင်တဲ့ ပန်းဥယျာဉ်ကြီးတစ်ခု ဖြစ်လာမှာ မဟုတ်ပါလား။

“ဘ၀ဆိုတဲ့ကျောင်း”စာအုပ်မှာ ရေးသားထားတဲ့ ဆရာတော် ဦးဇောတိက ရဲ့ စကားတစ်ခွန်းနဲ့ပဲ ကျွန်မဒီဆောင်း ပါးကို အဆုံးသတ်ပါရစေ။
“လူတစ်ယောက်ကို ဆက်ဆံတဲ့ နေရာမှာ ကိုယ်ချင်းစာစိတ်နဲ့ သူ့ကိုဆက် ဆံလိုက်တာဟာ သူ့ကိုအကောင်းဆုံး လက်ဆောင် ပေးလိုက်တာပဲ”တဲ့။
ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းဖို့အတွက် နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး ကြုံ လာတဲ့ အခက်အခဲတွေကို သတ္တိရှိရှိ ရင်ဆိုင်ပြီး၊ တစ်ဦးနဲ့တစ်ဦး အကောင်း ဆုံး လက်ဆောင်တွေ ပေးနိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ရပါတယ်။