ထားဝယ်မြစ်ကမ်းတွင် ကျောက်စုပ်လှေ နစ်မြုပ်၊ လှေသားနှစ်ဦး ပျောက်ဆဲ

0
377

ထားဝယ်မြစ် တောင်မင်းပြောင် ရွာဆိပ်ကမ်းတွင် ကျောက်စုပ်လှေ တစ်စီး နစ်မြုပ်ခဲ့ပြီး လှေသားနှစ်ဦး ပျောက်ဆုံးနေကြောင်း လောင်းလုံး မြို့နယ် မောင်းမကန်နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်သက်ဦးက အတည်ပြု ပြောကြားသည်။
အဆိုပါ ကျောက်စုပ်လှေသည် စက်တင်ဘာလ ၂၂ရက်၊ နံနက် ၄ နာရီ ခန့်တွင် နစ်မြုပ်ခဲ့ပြီး လှေပေါ်တွင် ရှိနေ သည့် လှေပိုင်ရှင်နှင့် လှေသားနှစ်ဦးပါ နစ်မြုပ်ခဲ့ကြောင်း ရဲအုပ်သက်ဦးက ပြောသည်။

လှေပိုင်ရှင်ဖြစ်သူမှာ လှေမှောက် မှောက်ချင်း ကမ်းပေါ်တက် လာနိုင်ခဲ့ သော်လည်း လှေသားနှစ်ဦးမှာ ပျောက် ဆုံးဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ရေတက်လာပြီး ရေပြန်ကျတဲ့ အခါကျတော့ တစောင်းအနေအထားနဲ့ မှောက်သွားတာ”ဟု ရဲအုပ်သက်ဦးက ပြောသည်။

ယင်းလှေမှာ ကျောက် ၄ ကျင်း ဝင် လှေဟောင်းတစ်စီးဖြစ်ပြီး ယခု နစ်မြုပ်သည့်နေရာတွင် ဒီရေကျချိန် လှေပေါ်ရှိ ကျောက်စစ်ဇကာကြီးများကို မြင်နေရကြောင်း တောင်မင်း ပြောင် ရွာသားတစ်ဦးက ပြောသည်။
ပျောက်ဆုံး လှေသားနှစ်ဦးကို ရဲတပ်ဖွဲ့၊ ရွာသားများနှင့် အရပ်ဘက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍စက်တင်ဘာ ၂၂ ရက်နေ့ ညနေအထိ ရှာဖွေနေဆဲ ဖြစ်သည်။