တနင်္သာရီ လက်ဝှေ့သမားများ အောင်မြင်မှုစံချိန် ဆက်ထိန်း

0
409

၄၅ ကြိမ်မြောက် တိုင်းနှင့် ပြည်နယ် အဆင့် အသက် ၂၅နှစ် အောက် အမျိုး သား၊ အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲတွင် တနင်္သာရီတိုင်း ကိုယ်စားပြု လက်ဝှေ့ ကစားသမားများမှ ရွှေတံဆိပ်အများဆုံး ဆွတ်ခူးကာ တံခွန်စိုက်ဆု နှစ်ခုရသည့် စံချိန်ကို ဆက်ထိန်းနိုင်ခဲ့သည်။

အမျိုးသမီး ပြိုင်ပွဲတွင် တနင်္သာရီ တိုင်းမှ အမျိုးသမီး ရွှေတံဆိပ် ၄ ခု နှင့် ငွေတံဆိပ် ၂ခု၊ အမျိုးသားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ခု၊ ကြေးတံဆိပ် ၃ ခု (စုစုပေါင်း ရွှေ ၅ ခု ၊ငွေ ၂ ခု၊ ကြေး ၃ ခု) ရရှိခဲ့သဖြင့် အမျိုးသမီး တံခွန်စိုက် ဖလားနှင့် စုပေါင်း တံခွန် စိုက် ဆုဖလား ၂ခု ရရှိခဲ့သည်ဟု အသင်းအုပ်ချုပ်သူ ဦးသန်းဇော်မိုးက ပြောသည်။

“မနှစ်ကလည်း စုပေါင်း တံခွန် စိုက်ရတယ်။ ဒီနှစ်လည်းရတယ်။ လက်ရှိ ချန်ပီယံဆုကို ကာကွယ်လိုက် နိုင်တယ်လို့ ပြောလို့ရတာပေါ့”ဟု ဦးသန်းဇော်မိုးက ဆိုသည်။
၎င်းအပြင် ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး အမျိုးသမီး ကစားသမား ဆုကိုလည်း ရရှိခဲ့ကြောင်း ၎င်းက ပြော သည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာလ ၁၃ရက်မှ ၂၁ရက်အထိ နေပြည်တော် တွင် ယှဉ်ပြိုင်ခဲ့ကာ တနင်္သာရီတိုင်းမှ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၆ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီး မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရ သည်။
ပြီးခဲ့သည့် နှစ်ကလည်း အမျိုး သမီး တံခွန်စိုက်ဖလားနှင့် စုပေါင်း တံခွန်စိုက် ဖလားနှစ်ခုကို ရရှိခဲ့ဖူးသည်။