အရည်အသွေးမြင့် ရော်ဘာထုတ်စက်ရုံ ထားဝယ်တွင် ဖွင့်မည်

0
452

လက်ရှိ ထုတ်လုပ်နေသည့် အရည်အသွေးထက်မြင့်ကာ နိုင်ငံတကာ ဈေးကွက်ဝင့်ဆံ့နိုင်မည့် ရော်ဘာ ထုတ်လုပ်မည့်စက်ရုံကို ထားဝယ်တွင် အောက်တိုဘာလပထမ အပတ်တွင် ဖွင့်လှစ်မည်ဟု ထားဝယ်ခရိုင် ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းထံမှ သိရသည်။
တောင်သူများထံမှ ရော်ဘာအရည် ကို ဝယ်ယူပြီး ထုတ်လုပ်မည့် ယင်း စက်ရုံထုတ် ရော်ဘာများကို ဂျပန်၊ စင်ကာပူ တရုတ် စသည့်နိုင်ငံများကို တင်ပို့နိုင်မည်ဖြစ်ကြောင်း အထက်ပါ အသင်းဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောသည်။

“ရိုးရိုးသွားနေတဲ့ ရော်ဘာထက် ပိုပြီးတော့ အရည်အသွေးမြင့်မြင့် လုပ် မယ်။ ပြီးရင် ပစ္စည်းကိုများများထုတ်မယ်။ အရည်းအသွေးတစ်ခုတည်း ရအောင် လုပ်တာ ဒီစက်ရုံက” ဟု ဦးအောင်မျိုးက ဆိုသည်။
ထိုင်းနိုင်ငံနည်းပညာဖြင့် တပ်ဆင် ဆောက်လုပ်ထားသော ယင်းစက်ရုံသည် အရည်အသွေးမြင့် သန့်စင်မှိုင်းခံ ရော်ဘာတစ်နေ့ တန်ချိန် သုံးထောင်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ဦးအောင်မျိုး က ပြောသည်။

လက်ရှိတိုင်းအတွင်းက ရာဘာ များမှာ အရည်းအသွေးမြင့် ထုတ်လုပ် နိုင်ခြင်းမရှိသောကြောင့် တစ်ပေါင်လျှင် ကျပ် ၂၀၀ ခန့် ဈေးနှိမ်ခံနေရသည်ဟု ဦးအောင်မျိုးက ပြောသည်။
တိုင်းအတွင်း ရော်ဘာစိုက်ဧက သုံး သိန်းနီးပါးပြီး ထားဝယ်ခရိုင်တွင် တစ်သိန်းလေးသောင်း ခန့်ရှိကြောင်း ထားဝယ်ခရိုင် ရော်ဘာစိုက်ပျိုးထုတ် လုပ်သူများအသင်း ဥက္ကဋ္ဌထံမှ သိရသည်။