မြိတ်တွင် အငှားအိမ်ရာ ၅ လုံး ထပ်ဆောက်မည်

0
553

မြိတ်မြို့ ရေပုန်းရပ်ကွက်ရှိ တရုတ် သင်္ချိုင်းဟောင်းမြေနေရာတွင် အငှား အိမ်ရာ၅လုံး ထပ်ဆောက်သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း ထံမှ သိရသည်။
လက်ရှိတွင် ၆ခန်းတွဲပါ ၄ ထပ် တိုက် အငှားအိမ်ရာ ၂ လုံး တည်ဆောက် နေပြီး နောက်ထပ် ၅လုံးကို ထပ်မံ ဆောက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး က ပြောသည်။

အဆိုပါ အငှားအိမ်ရာများကို ရေ ပုန်းရပ်ကွက်ရှိ အစိုးရ စီမံခန့်ခွဲခွင့် ရှိသည့် မြေ၂ဧကခွဲပေါ်တွင် တည်ဆောက် သွားမည် ဖြစ်သည်။
“တင်ဒါလည်း မကြာခင်ခေါ်တော့ မှာဆိုတော့ နောက်ထပ်၅လုံးက မကြာ ခင်ဆောက်တော့မှာပါ”ဟု ဦးဖြိုးဝင်း ထွန်းက ပြောသည်။
အဆိုပါ အိမ်ရာကို ပြည်ထောင်စုမှ ချထားပေးသည့် ရန်ပုံငွေဖြင့် တည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအစိုးရပိုင်မြေများတွင် ငှားရမ်းနေထိုင်သူများကို ဖယ်ရှားမည် ဆိုပါက အငှားအိမ်ရာများတွင် ငှားခွင့် ပြုမည်ဖြစ်ပြီး နေအိမ် အခက်အခဲ ရှိသူများ၊ ကျူးကျော်မြေနေရာမှ လူများ ကို ဦးစား ပေးငှားရမ်းပေးသွားမည်ဖြစ် ကြောင်း ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောပြသည်။

မြိတ်မြို့တွင် လူဦးရေများလာပြီး မြေဧရိယာရှားပါးလာသည့်အတွက် လူ နေထူထပ်သည့် နေရာများတွင် နေအိမ် တန်းလျားများ၊ ဘေးတွယ်အခန်း များတွင် ငှားရမ်းနေထိုင်ကြသော ပြည် သူများ၏ အခက်အခဲကို တစ်ဖက် တစ်လမ်းမှ ဖြေရှင်းပေးသည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ နေအိမ် တန်းလျားများ၏ ငှားရမ်းခမှာ တစ်လလျှင် အနည်းဆုံး ကျပ် ၃သောင်းမှ အများဆုံး ၅သောင်း အထိပေးရပြီး ၆ လစာ သို့မဟုတ် တစ်နှစ်စာ ကြိုတင်ငွေပေးချေမှုဖြင့် ငှားရမ်း လေ့ရှိကြကြောင်း အိမ်ငှားနေထိုင်သူ အသိုင်းအဝိုင်းမှ သိရသည်။