မြေဧက တစ်သိန်းခွဲနီးပါး တိုင်း အစိုးရ ပြန်သိမ်း

0
320

မြေရိုင်းများပေါ်တွင် ဒေသ အာဏာပိုင် ကြိုတင်ခွင့်ပြုချက်ဖြင့် စိုက်ပျိုးလုပ် ကိုင်ခွင့်ရရှိထားသည့် မြေဧရိယာ ဧက နှစ်သိန်းနီးပါး (၁၉၆၈၉၀.၁၈) နီးပါး ရှိကြောင်း သိရသည်။
ယင်းမြေဧရိယာပေါ်တွင် ဆီအုန်း၊ ရော်ဘာစိုက်ပျိုးရေးနှင့် မွေးမြူရေး အစ ရှိသည့် လုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်ရန် ကြိုတင်ခွင့်ပြုမှု ရယူထားကြ သည်။
ယင်းမြေဧရိယာများအနက် မြေပြင် တွင် စိုက်ပျိုး လုပ်ကိုင်ထားသည်မှာ မြေဧက ငါးသောင်းနီးပါးသာ (၄၇၈၃၇.၂၀ ဧက) ရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိ ပြန်လည် သိမ်းယူလိုက် သည့် မြေဧရိယာမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားကာ မြို့နယ် အဆင့်ဆင့်က ကွင်းဆင်း ကောက်ယူထားသည့် စာရင်းများ ဖြစ် ကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်စန်း က ဆိုသည်။
စိုက်ပျိုး လုပ်ကိုင်ထားခြင်း မရှိ သည့် မြေဧရိယာများ ပြန်လည်သိမ်းယူ သည့်ကိစ္စနှင့် ပတ်သက်ပြီး ယခုလအတွင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်း သွားမည်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

သိမ်းဆည်းလိုက်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မည်သူမဆို လျှောက်ထားနိုင်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခင် လုပ်ကိုင်ခွင့်ရထားပြီး အမှန် တကယ် မစိုက်ပျိုးသဖြင့် အသိမ်းခံရ သည့် ကုမ္ပဏီများလည်း ပြန်လည်လျှောက် ထားနိုင်ကြောင်း ၎င်းက ပြောသည်။
“မစိုက်သေးတဲ့ဟာ(သိမ်းဆည်းလိုက်သည့်မြေ) ထဲမှာ စိုက်ချင်သေးရင် ပြန်လျှောက်၊ တို့က ပေးနိုင်ရင်ပေးမယ်၊ တို့မှာ ဒေသခံတွေလည်း စိုက်ဖို့ရှိတယ်၊ ကျန်တဲ့သူတွေလည်း လျှောက်”ဟု ဦးမြင့်စန်းက ဆိုသည်။

ထို့အပြင် စိုက်ပျိုးထားပြီးဖြစ်သည့် မြေဧရိယာကိုလည်း ၂၀၁၂ ခုနှစ် မြေ လွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေး ဥပေဒေအတိုင်း ပြန်လည် လျှောက် ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြေလွတ် မြေလပ်၊ မြေရိုင်းပေါ် တွင် တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြု ပိုင်ခွင့်ရှိသည့် ဧက ၅၀ အောက် ရှိသည့် မြေဧရိယာ အတိုင်းအတာကိုသာ စိစစ် ခွင့်ပြုမည်ဖြစ်ပြီး ယင်းပမာဏထက် ကျော်လွန်ပါက တိုင်းအစိုးရက သဘော ထား မှတ်ချက်ပေးကာ ပြည်ထောင်စု အစိုးရထံ ဆက်တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းပေါ်တွင် ဒေသ အာဏာပိုင် ကြိုတင်ခွင့်ပြုချက်ဖြင့် လုပ် ကိုင်ခွင့် ရရှိထားသည့် မြေ၊ ပြည်ထောင်စု ဝန်ကြီးဌာန ကြိုတင်ခွင့် ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရသည့် မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့ခွင့်ပြုချက်ဖြင့် အသုံးပြုခွင့်ရ သည့်မြေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင် ခွင့်ပြုချက်ဖြင့် အသုံးပြု ခွင့်ပေးထားသည့် မြေဟူ၍ လေးမျိုးရှိ သည်။
ပြည်ထောင်စု ဝန်ကြီးဌာန ကြိုတင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် မြေဧက ငါးထောင်မှာ မြေပြင်တွင် အမှန် တကယ် စိုက်ပျိုးထားသည့်အတွက် သိမ်းဆည်းခံရမည် မဟုတ်ဘဲ ၂၀၁၂ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီခံခန့်ခွဲရေး ဥပဒေအတိုင်း ပြန်လည် လျှောက် ထားရမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး မြေစာရင်းဌာနထံမှ သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိထားသည့် မြေဧက ၂ သိန်းကျော် (၂၀၉၂၅၈.၃၃ ဧက) ရှိ သည်။
ယင်းမြေများအနက် အမှန်တကယ် စိုက်ပျိုးထားသည့် တစ်သိန်းရှစ်သောင်း ကျော် (၁၈၃၈၉၈.၅၉ ဧက) ကို ဥပဒေ အတိုင်း ပြန်လည် လျှောက်ထားရမည် ဖြစ်ပြီး စိုက်ပျိုး လုပ်ကိုင်ထားခြင်း မရှိ သည့် မြေဧက နှစ်သောင်းခွဲခန့် (၂၅၃၅၉.၇၄ ဧက) ကို ပြန်လည်သိမ်းယူရန် ဗဟို ကော်မတီထံ တင်ပြရမည်ဖြစ်ကြောင်း တိုင်းမြေစာရင်းဌာနထံမှ သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် (MIC) ခွင့်ပြုချက် ဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက တစ်သိန်းကျော် (၁၃၃၆၀၀ ဧက) ကို လုပ်ကိုင်ခွင့်ပေးထားသည်။
MIC က ခွင့်ပြုထားသည့် မြေပေါ် တွင် အမှန်တကယ် လုပ်ကိုင်ဆောင် ရွက်ခြင်း မရှိသည့် မြေဧရိယာကို MIC အစီအစဉ်ဖြင့် ပြန်လည် သိမ်းယူနိုင်ရန် လုပ်ဆောင်သွားမည်ဟု တိုင်းဒေသကြီး ဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

ကုမ္ပဏီများအနေဖြင့် မြေပြင်တွင် လုပ်ငန်းများ စတင်လုပ်ကိုင် စဉ်က တည်းက သက်ဆိုင်ရာ အစိုးရ၊ ဌာန များနှင့် စာချုပ်များ ချုပ်ဆိုထားရပြီး လက်ရှိတိုင်းအစိုးရမှ စာချုပ်ပါ အချက် အလက်များအတိုင်း လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း မြိတ်ခရိုင်မှ ဆီအုန်း စိုက်ခင်း ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သိမ်းဆည်းလိုက်သည့်မြေကို လျှောက် ထားလာသည့်ကုမ္ပဏီနှင့် ဒေသခံများ အား ပြန်လည် ခွင့်ပြုပေးမည်ဆိုပါက အမှန်တကယ် လုပ်နိုင်မည့်သူကို ပြန်ချ ထားပေးပြီး လိုအပ်သည့် အထောက် အကူများကို အစိုးရက ပေးနိုင်မည်ဆို လျှင် လုပ်ငန်းပိုမို အောင်မြင်နိုင်မည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
“လုပ်နိုင်တဲ့လူကို တားမြစ်ထား မယ်ဆိုရင်တော့ အောင်မြင်မှာ မဟုတ် ဘူး”ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း စိုက်ပျိုး ရေးစီမံကိန်းများမှ ရယူထားသည့် မြေများအနက် အမှန်တကယ်စိုက်ပျိုး ခြင်းမရှိသည့် မြေကို ပြန်လည် သိမ်း ယူမည်ဟု တိုင်းအစိုးရအဖွဲ့က ပြောဆို ထားသည်။
အမှန်တကယ်စိုက်ပျိုးထားခြင်း မရှိသည့်မြေများအနက် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများပေါ် ခွင့်ပြုထားသည့် မြေများကို စတင်သိမ်းယူလိုက်ခြင်း ဖြစ်ပြီး အခြားသစ်တော၊ ဥယျာဉ်ခြံမြေ စသည့် မြေများပေါ်တွင် ခွင့်ပြုထားသည့် မြေကိုလည်း ပြန် လည်သိမ်းဆည်းနိုင်ရန် သက်ဆိုင်ရာ ဌာနအလိုက် လုပ်ဆောင် လျက်ရှိကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

၂၀၁၂ ခုနှစ် မြေလွတ်မြေလတ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂(ဂ)တွင် မူလခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ် လုပ် ကိုင် အသုံးပြုခြင်းမရှိသေးသော မြေလွတ် မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီး ဖြစ်သည်ဟု မှတ်ယူ ရမည်ဟု ပြဋ္ဌာန်းထားသည်။