ဘန်းချောင်း ကျောက်မီးသွေး စီမံကိန်းကိစ္စ တိုင်ကြားချက် ထိုင်း လူ့အခွင့်အရေးကော်မရှင် ကြားနာစစ်ဆေး

0
445

ထားဝယ်ခရိုင်၊ ဘန်းချောင်းဒေသ တွင် ကျောက်မီးသွေး တူးဖော်နေ သည့် စီမံကိန်းအပေါ် ဒေသခံများ တိုင်ကြား ချက်ကို ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင်က စက်တင်ဘာလ ၁၁ ရက်က ကြားနာ စစ်ဆေးခဲ့ကြောင်း ကြားနာပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။
ထိုင်းနိုင်ငံက ကုမ္ပဏီများ လုပ်ကိုင် လျက်ရှိသည့် ဘန်းချောင်းဒေသတွင် ကျောက်မီးသွေးစီမံကိန်းတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများ၊ လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိနေသည်ကို လာရောက် စစ်ဆေးပေးရန် ထိုင်းအမျိုး သား လူ့အခွင့်အရေးကော်မရှင်သို့ ဒေသခံများက ယခုနှစ် ဇွန်လက စာပို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တိုင်ကြားမှုကြောင့် ဒေသခံ ကိုယ်စားလှယ်များ၊ ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တိုင်ကြားခံ ထားရသည့် Energy Earth PCL , East Star Company နှင့် Thai Asset Mining Company တို့ကိုခေါ် ယူကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိထိုင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရုံးတွင် ကြားနာ စစ်ဆေးခဲ့သည်။

“နှစ်ဖက်စလုံးကို စစ်တယ်။ ပြီး တော့ မြန်မာHRC (လူ့အခွင့်အရေး ကော်မရှင်)နဲ့ ပူးပေါင်းပြီး ကွင်းဆင်း စစ်ဆေးမယ် ပြောတယ်”ဟု ကြားနာပွဲ တက်ရောက်ခဲ့သည့် တာကပေါလူငယ် အဖွဲ့မှ အကြံပေးဖြစ်သူ နော်ပီသလောက ပြောသည်။
ဘန်းချောင်းဒေသတွင် ကျောက်မီး သွေးတွင်းမှ ထွက်လာသည့် မြေစာများ မှာ မီးလောင်ကျွမ်းပြီး အနံ့ဆိုး အဆက် မပြတ် ထွက်နေသည့်အတွက် မူးဝေအော့ အန်ခြင်း၊ ဖျားနာခြင်းများ ဖြစ်ပေါ်လျက် ရှိသည်ဟု ကြားနာပွဲ တက်ရောက်ခဲ့သည့် ဒေသခံ ကိုယ်စားလှယ် ကွမ်းချောင်းကြီး ကျေးရွာမှ နော်အယ်ဒီးနားက ပြောသည်။

“ရွာသားတွေကတော့ မီးငြိမ်းဖို့ပဲ လိုတယ်။ မီးခိုးအနံ့ထွက်နေတာတွေကို ရွာသူရွာသားတွေ မခံနိုင်ဘူး”ဟု ၎င်း က ဆိုသည်။
ထို့အပြင် ကျောက်မီးသွေးတူးဖော် မှုကြောင့် ဒေသခံများ၏ ဥယျာဉ်ခြံများ လည်းပျက်စီးခဲ့သည်။
ဘန်းချောင်းကျောက်မီးသွေးစီမံကိန်းကို မြန်မာမေဖလားဝါးကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားပြီး မြေပြင်တွင် East Star ကုမ္ပဏီက အကောင်အထည် ဖော်လျက်ရှိသည်။

Thai Asset ကုမ္ပဏီသည်ကျောက် မီးသွေးသယ်ယူပို့ဆောင်ရေးအတွက် လမ်းတည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိပြီး Energy Earth ကုမ္ပဏီမှာ ကျောက်မီး သွေးဝယ်ယူမည့် ကွန်ရက်တွင် ပါဝင်သည့် ကုမ္ပဏီဖြစ်ကြောင်း ဒေသခံများနှင့် တာကပေါလူငယ်အဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံမှ မေဖလားဝါး ကုမ္ပဏီ သည် ဘန်းချောင်းဒေသရှိမြေဧက ၂၁၀၀ တွင် ကျောက်မီးသွေးတူးဖော်ခွင့် ရထားပြီးလက်ရှိတွင် ကွမ်းချောင်းကြီး ကျေးရွာရှိ ဧက ၆၀တွင် ကျောက်မီးသွေး တူးဖော်လျက်ရှိကြောင်း ဒေသခံများ နှင့် တာကပေါလူငယ်အဖွဲ့ထံမှ သိရ သည်။

ကုမ္ပဏီဘက်မှ စည်းကမ်းချက်များ ကို လိုက်နာခြင်း မရှိဟုဆိုကာ ဘန်း ချောင်းဒေသတွင် ကျောက်မီးသွေး တူးဖော်မှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းရန် တိုင်းအစိုးရအဖွဲ့က ယခုနှစ် မတ်လအစပိုင်းတွင် ညွှန်ကြား ထားပြီး လက်ရှိအချိန်အထိ ပြန်လည် တူးဖော်ခွင့် မပြုသေးပေ။
ထိုင်းအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံသို့ ထားဝယ်အထူးစီးပွား ရေးဇုန်စီမံကိန်းအတွက် တိုင်ကြားစာ နှင့် ဟိန္ဒားသတ္တုတွင်းအတွက် တိုင်ကြား နှစ်စောင်ကိုလည်း ယခင်ကပေးပို့ခဲ့ဖူးပြီး ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း နှစ်ကြိမ်တိုင်လာရောက်စစ် ဆေးခဲ့ဖူးသည်။