ရယ်ရမောရ အရေးပေါ် ဆရာဝန်ဘ၀ (၃)

0
460

ရုပ်ရှင်တွေထဲက ဆရာဝန်တွေရဲ့ ဘ၀ကိုကြည့်တော့ ကျွန်တော်တို့ ဆရာဝန် တွေ ဘ၀ဆိုတာမျိုးက အားကျစရာ၊ အတော်လေး သပ်သပ်ရပ်ရပ်ခန့်ခန့်ထည် ထည် စမတ်ကျကျဘ၀တွေက လှပေ သကိုး။
လက်တွေ့ဘ၀တွေထဲက ကျွန်တော် တို့ နိုင်ငံရဲ့ဆရာဝန်ဘ၀က အဲသည်အဖြစ် တွေနဲ့ ပြောင်းပြန်။
ပစ္စည်းပစ္စယ၊ လူအင်အား မပြည့်မစုံနဲ့ အသက်ကယ်နိုင်ဖို့ ဝန်နဲ့အားမမျှ ကြိုး စားနေကြရပေမဲ့လို့ တခါတလေ ငါတို့ တွေဘ၀များ အငိုလွယ် အရှိုက်ခက်လှကွဲ့ လို့ စိတ်ထဲမောမောနဲ့ တွေးမိပါတယ်။

ဆရာဝန်ဆိုတာက လူကို အသက် ကယ် ကုသကြရတာဖြစ်ပြီး အမှားယွင်းခံ တာမဟုတ်၊ အသက်ဆိုတာမျိုးက အစား ပြန်ရတာ မဟုတ်လေတော့ နဂိုစိတ်ထဲ ဖိအားတွေက ခပ်များများရယ်။
အဲသည်နေ့ . . . . .
နေ့လယ်က အသက် ၁၅ နှစ် ကရင် အမျိုးသမီးငယ်တစ်ယောက် ပါးစပ်က အမြုပ်တွေ တစီစီထွက်၊ ရင်ဘတ်ထဲက ချွဲသံတွေ တဟွပ်ဟွပ်နဲ့ သတိလစ်ပြီး ရောက်လာတယ်။ ကားရှာနေတာနဲ့၊ သူတို့ရွာထဲကနေ ကားလမ်းအထိ သယ်ယူ ရတာနဲ့ အဲသည်ကောင်မလေး ဆေးရုံ ရောက်ချိန်မှာ အခြေအနေက မကောင်း တော့။

ရောဂါ ရာဇဝင်မေးတော့ . . .
“သူက ကျောင်းမတက်ချင်ဘူး။ ငါက ကျောင်းတက် ပညာတတ်ဖြစ်စေချင် တယ် ပြောတာ၊ စိတ်ဆိုးပြီး ဘာသောက် လဲ ငါလည်းမသိ။ သွားကြည့်တော့ သတိ မရဘူး”လို့ အမေက ဖြေတယ်။
အမေလည်း မမှားဘူး။ သမီးလည်း မမှားဘူးရယ်။ ပညာတတ်မှ ငါတို့လို ဝေးလံ သီခေါင်တဲ့ ကျေးလက်တောရွာ လေးကနေ သမီးဘ၀ အဆင့်မြင့်မားလာ မယ်ဆိုတာမျိုးက အမေ့အတွေး။ အခြေခံ ကိုကနည်းလို့ စာမလိုက်နိုင်တဲ့အထဲ ကျောင်းစရိတ်၊ ပညာသင်နေတဲ့ကာလ ကုန်ကျစားရိတ်တွေ ထပ်မကုန်စေချင် သလို၊ မိအို ဖအိုတွေရဲ့ လက်ငုတ် လက် ရင်းအလုပ်ကိုကူရင်း ဘ၀ကိုဖြတ်သန်း ချင်တာက သမီးရဲ့အတွေး။
နှစ်ဖက်လုံးက မှန်နေပေမဲ့ အခန့် မသင့်တဲ့အခါ ဖြစ်လေတော့ အမေက ဆူပူလို့ သမီးဖြစ်သူက စိတ်တွေ ထိခိုက် ပြီးခြံသုံးမြက်သတ်ဆေးကို သူဘယ် အချိန်က သောက်ပြီး သတိလစ်နေတယ် မသိလိုက်ဘူး။

အခန်းထဲ အသံမကြားလို့ အဖေဖြစ် သူက ဝင်ကြည့်တော့ အဖြစ်ပျက်က အမြုပ်တစီစီနဲ့ သမီးက သတိလစ်နေလို့ ဆေးရုံကြီးရဲ့ အရေးပေါ်ကို အမြန်ဆုံး ခေါ်လာတာဖြစ်သတဲ့။
ရောက်လာတာနဲ့ အရေးပေါ်ကုသမှု ရဲ့ကုထုံးတွေအတိုင်း အသက်ရှူလမ်း ကြောင်းဖွင့်၊ အသက်ရှူမရှူ စစ်ဆေး၊ အောက်ဆီဂျင်ပေး၊ သွေးလည်ပတ်မှု အတွက် လိုင်းတွေဖွင့်စတာတွေ ဇယ် ဆက်သလို အမြန်လုပ်ရင်းကနေ မြန်မာ စကား သေချာမတတ်တဲ့ အမေဆီက ရောဂါရာဇဝင်ကို ရယူကြရတယ်။ မျက် စိသူငယ်အိမ်က ကျဉ်းမြောင်းနေတာရယ်၊ မြက်သတ်ဆေး ရာဇဝင်ရယ်အရ အဆိပ် ဖြေဆေးလို့ မြန်မာမှုပြုရမဲ့ ကုသမှု အတွက် လိုအပ်တဲ့ဆေးတွေ အမြန် ထိုး ပေးရတယ်။

တစ်ဖက်ကနေ သူ့အသက်ရှူနှုန်း၊ သွေးခုန်နှုန်းတွေ တိုင်းတာရင်း လိုအပ် တာတွေ အလျင်အမြန် လုပ်ကြရတယ်။ အခြေအနေက သူ့ဖက် ၇၀ ရာနှုန်း၊ ကိုယ့်ဖက် ၃၀ ရာနှုန်းပေမဲ့ သည်အသက် သည် အရွယ်နဲ့ မသေသင့်ပေဘူးရယ်လို့ တစ် ဖွဲ့လုံး ဝိုင်းကြိုးစား အသက်ကယ်ကြ တယ်။
“ဆရာ၊ သူ့အသက်ရှူပုံက မကောင်း ဘူး၊ ချွဲသံတွေ ပွစိထနေတယ်၊ အစာအိမ် ဆေးဖို့ ပိုက်ထည့်ရင် အန္တရာယ်ရှိနိုင် တယ်”လို့ သူနာပြုဆရာမလေးက သတိ ပေးတယ်။

“ခက်တာက ငါတို့အစာအိမ် မဆေး ဘဲ နေလို့ကလည်း မရဘူးကွယ့်၊ မျက်စိ သူငယ်အိမ်က ကျဉ်းနေလေတော့ Organophosphate poisoning (ပိုး သတ်ဆေးအနွယ်ဝင်အဆိပ်) မိတာဖြစ် နိုင်တယ်”လို့ ပြောလည်း ပြောရင်း အန္တရာယ်များတဲ့ လုပ်ဆောင်မှုကို လုပ်ဖို့ ဆုံးဖြတ်ရတယ်။
နောက် အစာအိမ်ဆေးဖို့ကို သူ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု ပြဿနာ က ရှိလေတော့ ဘုရားတပြီးအတော့်ကို ချင့်ချင့်ချိန်ချိန်နဲ့ ပိုက်ကို အစာအိမ်ထဲ ရောက်အောင်သွင်း၊ ပြီးမှ အစာအိမ်ထဲက အဆိပ်ကို နိုင်သလောက် ဆေးထုတ်ယူရ တယ်။

အပြောကသာ လွယ်တာ၊ အမှန်အား ဖြင့် အဲအချိန်က အသက်တောင် မရှူနိုင် တဲ့ အထိ ကိုယ်တွေဘက်မှာ ချွေးသံရဲရဲနဲ့
“ဝေါ့”ခနဲ ကလေးမဆီက အန်ထွက် လာ တဲ့ အန်ဖတ်တွေကြား ပိုက်ကို ခဲရာ ခဲဆစ် ထိုးသွင်းယူပြီးအဆိပ်တွေ တတ် နိုင်သလောက် စင်သည်အထိ ဆေးရင်း ကနေ”ဟဲ့၊Vital sign (အသက်ရှင်ခြင်းရဲ့ လက္ခဏာတွေ)လည်းCheck (စစ်ဆေး ကြ) လုပ်ကြဦး”လို့လည်းမှာ ရသေးတယ်။ ကိုယ်တွေက သည်ဘက်က အလုပ်လုပ် နေချိန် တဘက်က အဖွဲ့ကလည်း မနေ မနား အလုပ်တွေလုပ်ရင်းကနေ ကျွန်တော် တို့တွေ အသက်ကယ်ဖို့ ကြိုးစားနေကြရ တယ်။ လူနာအခြေအနေ နည်းနည်း တည်ငြိမ်လာတာနဲ့ ဖျားနာကုသဆောင် ဖက်ကို ဆက်ပြီး လွှဲပို့ရတယ်။ ရုတ်တရက် အသက် မသေအောင်တော့ ကယ်နိုင်ခဲ့ကြ ပြီကိုး။

အဲတော့မှ ကိုယ့်အဖွဲ့တွေ သူ့ဆီမှာ ကိုယ့် ဆီမှာအန်ဖတ်တွေ၊ ရေတွေပေ သလူးနံစော်နေတာ သတိထားမိပြီး ရယ် နိုင်ပြုံး နိုင်ကြတယ်။
ငါတို့နိုင်ခဲ့ကြပြီပေါ့လေ။
အပျော်က စီးကူးသွားကြတယ်။
ချွေးသံရဲရဲနဲ့ ကိုယ့်ဖက်က မနားနိုင် သေးဘူး။ ခုနက ပေးထားတဲ့ ကုသမှု တွေကို အသေအချာ Chart (လူနာကုသမှု မှတ်တမ်း)တွေမှာ အသေးစိတ် ရေးမှတ် ယူကြရတယ်။

အသက်ဝအောင် မရှူနိုင်သေးချိန် မှာပဲ နောက်အသက် ၆၀ကျော် အဘွားအို လူနာတစ်ယောက် ရောက်လာတယ်။
“အမေက ဘာမှ ရောဂါမရှိဘူး၊ အကောင်းကြီးကနေ ဘယ်ဖက် လက်မ လှုပ်တော့ဘဲ ဖြစ်သွားတာ”တဲ့။
ခဏတော့ ထကြည့်လိုက်ပေမဲ့ ရောဂါ ပြင်းထန်မှုအဆင့် ၂ ဆိုတော့ အဆိုးကြီး မဟုတ်ဘူး။

အဲတော့ ကိုယ့် သူနာပြုလေးတွေကို သွေးပေါင်ချိန်တိုင်း၊ သွေးချို ဆီးချို ဖောက်၊ နှလုံးအတွက်ECGဆွဲဆိုတာ တွေ ဇယ်ဆက်သလိုခိုင်းနေရင်း ကိုယ် ကပြီးခဲ့တဲ့ ကောင်မလေးရဲ့ ကုသမှုတွေ ဆက်ရေး နေတယ်။ သွေးတိုးကတော့ တက်နေတယ်။ ဒါပေမဲ့ လုပ်သင့်တာတွေ အရင် လုပ်ခိုင်းရင်း ကိုယ်က လုပ်လက်စ အလုပ်တွေ လုပ်နေတော့ လူနာအနား မရှိနေခဲ့ဘူး။

နှစ်မိနစ် မကြာဘူး။ ခုနက အဘွား အိုက အကောင်းကြီးကနေ တွန့်လိမ် ကောက်ကွေးပြီး တက်ချက်သွားတယ်၊
“လုပ်ကြပါဦး၊ အမေရယ်၊ လာ တုန်းက အကောင်းသားရယ်”လို့ အော်သံ ဟစ်သံတွေ ညံလို့။
အဘွားအိုက မေးတွေ ချီလာပြီး အသက်ပါ ငင်တဲ့အခြေအနေ ဖြစ်လာလေ တော့ အထက်တန်းသူနာပြု (Senior Staff) ရော ကိုယ်ပါ အမြန်လုပ်လက်စ တွေ ပစ်ချလို့ လူနာအနား ပြေးကြရတယ်။ ဆေးသွင်းဖို့ လိုင်းတွေရှာ၊ အောက်ဆီဂျင် ပေး၊ အသက်ကယ်ဆေးတွေထိုးနဲ့ အမြန် လုပ်ကြရတယ်။

အဲလူနာနဲ့ ပါလာတဲ့ လူနာစောင့် တွေက ကိုယ်တွေဘက်ကို ခဲနေတဲ့ မျက် စောင်းနဲ့ တောက်ခေါက်သံတွေက တစ်ခါ တည်းသာ အဲလူနာ အဲမှာသေလို့က ကိုယ်တွေကို အသေသတ်မယ့် အပေါက် မျိုး။
ကိုယ်တွေမှာလည်း အသည်းအသန် နှလုံးပြန်နှိုးကြရ၊ အသက်ပြန်ရှူအောင် လုပ်ကြရနဲ့။ ဘုရားသိကြားမလို့ ကံသီ ပေလို့သာ အဲသည်အဘွား ချက်ချင်း အသက်မသေတယ်။

အခြေအနေ တည်ငြိမ်လို့ ရောဂါ ရာဇဝင် အသေအချာမေးတော့မှ အဲသည် အဘွားအိုက လွန်ခဲ့တဲ့ တစ်နှစ်ကတည်း က ဦးနှောက်ထဲ သွေးခဲလိုလို အကြိတ် လိုလို တည်ပြီး ဆေးရုံတက်ခဲ့၊ လက်နဲ့ခြေ မလှုပ်နိုင်ဖြစ်ခဲ့ပြီး ဆေးရုံတက်ဖူးတယ်။ သွေးတိုး ရှိဖူးတယ်။
ဆေးရုံဆင်းကတည်းက တစ်ကြိမ်မှ ပြန် လာပြီးမပြဘူး။ ဘာမှလည်း ကုသမှု ဆက်မယူသလို အဲအချိန်က စာရွက် စာတမ်းတွေ အားလုံးဘာဆို ဘာမှ မရှိ တော့ဘူး။ ခုတစ်နှစ် ကျော်ကြာလို့ ထပ်ပြီး ခြေနဲ့လက် လှုပ်မရ၊ တက်ချက်မှသာ ဆေးရုံလာပို့ကြတာ။

ပို့သာ ပို့လာကြတယ်။ နောက်ဆက် တွဲ ကုသမှု(Follow up treatment)တစ်ကြိမ်မှ မယူလေတော့ ဆရာဝန်တွေ ရဲ့ အဆူခံရမှာကြောက်လို့ ရောဂါ ရာဇဝင် ကို အမှန်မပြောဘူး။ အကောင်းကြီး ကနေ ဖြစ်သွားတယ်။ ဘာရောဂါမှ မရှိ ဘူးဆိုတာပဲ ပြောတယ်။
အဲဒီလိုသူတို့ လစ်ဟာခဲ့တာကို သတိ မထားမိဘူး။ ဒါမှမဟုတ် သတိထားရ ကောင်းမှန်း မသိတာလည်းဖြစ်ရင် ဖြစ်မှာ ပေါ့လေ။
ဆိုတော့ လိုအပ်တာ လုပ်ပေးနေပါ လျက်နဲ့ ရုတ်တရက် ရောဂါထဖောက်ချိန် မှာ ကိုယ်တွေ သူ့လူနာအနားမရှိနေခဲ့ တာကိုဘဲ စားမတတ်၊ ဝါးမတတ် မျက် စောင်းတခဲခဲနဲ့ အခြေအနေမှာ ကျွန်တော် တို့ အသက်မရှူနိုင်ကြဘူး။

အရင်လူနာကိစ္စနဲ့ အမောတကြီးက နေခဏ အသက်၀၀ရှူနေကြရတဲ့ ကိုယ် တွေဘက်ကို သူတို့မသိကြဘူး။ သူတို့ အတွက်ကလည်း အမေဆိုတာ ဖြစ်နေ လေတော့ အပြစ်မမြင်မိပါဘူး။
လူနာရဲ့ကံ ကိုယ့်ရဲ့ကံနဲ့ အဲသည် လူနာ ကိုယ့်အရေးပေါ်ဌာနကနေ ဖျားနာ ကုသဆောင်ကို အသက်နဲ့ ခန္ဓာတွဲလျက် လွှဲပို့ပေးနိုင်ခဲ့သလို အဲသည်ပြီးပါမှ ကျွန်တော်တို့အဖွဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်းတွေ ချနိုင်ကြပါတယ်။

“ဆရာရေ၊ အဲလူနာသာ အရေး ပေါ်မှာ သေသွားလို့ကတော့ အဲလူနာစောင့် တွေ ကျွန်မတို့ကို သတ်မလားမသိဘူး နော်”တဲ့။ ဆရာမကပြောလာတဲ့အခါ
“ခုတောင်မှ သူတို့တွေ မျက်စောင်းနဲ့ ငါတို့ သေကြတော့ မတတ်ပါကွယ်”လို့ ပြောရင်း မောမောနဲ့ ရယ်မိကြပါတယ်။ အသက်ဆိုတာ ပြန်မရနိုင်တာ သေချာ ပေမဲ့ သေချာ ပြန်လည်ပြသပြီး ကုသမှု မပြတ်ယူသင့်တဲ့ အနေအထားကို မလုပ် ပါဘဲခုလို အသည်းအသန်မှ ခေါ်လာပြီး ကိုယ်တွေဖက်ကို ပုံချဖို့ဆိုတာကလည်း အမြဲအသင့်ဆိုတော့ အခက်သားရယ်။

ရယ်ရင်း မောနေကြရတဲ့ ကိုယ်တွေ ရဲ့ အဖြစ်တွေက အဲသလိုပါဆိုနေ။
ဆက်ပါဦးမယ်။
(စာကြွင်း။ ။ အဲသည်လူနာ နှစ် ယောက်လုံး နောက်ငါးရက်ကြာသည် အထိ အသက်နဲ့ ခန္ဓာမြဲလျက် တိုးတက် ပြီး ကျန်းမာလာကြောင်း ဖျားနာကုသ ဆောင်မှ လက်ထောက် ဆရာဝန် လေးက ပြန်ပြောပြချိန်မှာ ကျွန်တော်တို့ တွေထပ် ပြီး အမောပြေခဲ့ ကြရကြောင်းပါ။-)