ဆရာမ အီးတီကို နှုတ်ဆက်ခြင်း

0
689

အာရှတစ်လွှား နာမည်ကျော်သော ဗေဒင်ဆရာမ အီးတီမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
အမည်ရင်းမှာ ဒေါ်ဆွေဆွေဝင်း ဖြစ်ပြီး ဆုံးပါးချိန်တွင် အသက် ၅၈နှစ် ရှိပြီဖြစ်သည်။
၁၉၈၀ ပြည့်နှစ် ကျော်များတွင် ကမ္ဘာကျော်သော ရုပ်ရှင်ဇာတ်ကောင်ET နှင့်တူသောကြောင့်ET ဟု လူသိ များသည်။
ဆရာမထံ ဗေဒင်မေးခဲ့ဖူးသူများ တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ထိုင်း ဝန်ကြီးချုပ် သက်ဆင်တို့ အပါအဝင် ဗေဒင်ကို ယုံကြည်သော အာရှသူဌေး များ၊ အနောက်တိုင်းသားများလည်း ပါ ဝင်လေ့ရှိသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် သက်ဆင် မှာ ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် ပါက ကံဆိုးမိုးမှောင် ကျလိမ့်မည်ဟု ခန့်မှန်းခဲ့ဖူးပြီး ယင်းအတိုင်း မှန်ကန် ခဲ့သည်။
သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်အာဏာသိမ်းခံခဲ့ရပြီး ယခုအခါ ဟောင်ကောင်၊ ဒူဘိုင်း၊ စင်ကာပူတို့တွင် လှည့်လည် နေထိုင်ရသည်။
တစ်ခါတစ်ရံ မြန်မာနိုင်ငံသို့လည်း လာလည်လေ့ ရှိသည်။

ထိုင်းရုပ်ရှင် ကုမ္ပဏီတစ်ခုက ဗေ ဒင်ဆရာမ အီးတီအကြောင်း မှတ်တမ်း ရုပ်ရှင်ရိုက်ကူးဖူးပြီး ၂၀၁၂ ခုနှစ်တွင် ထုတ်လွှင့်ခဲ့သည်။
ထိုအချိန်က ထိုင်းနိုင်ငံသို့ သွား ရောက် လည်ပတ်ခဲ့ဖူးသည်။ ထိုင်း အများအပြားက ထိုင်းနိုင်ငံရေးအကြောင်း ဗေဒင်ဟောပေး စေလိုသော်လည်း သူမကဟောပေးရန် ငြင်းဆန်ခဲ့ဖူးသည်။
သူမ ထိုင်းရောက်ချိန်က ထိုင်းမှာ ရေကြီးမှု ဒဏ်ကိုခံရပြီးခါစဖြစ်ပြီး ထိုင်း အများအပြားမှာ ထိုသို့ ထပ်ဖြစ်မည်ကို စိုးရိမ်နေချိန် ဖြစ်သည်။
သို့သော် ထိုသို့ ထပ်ဖြစ်တော့မည် မဟုတ်ကြောင်း ဆရာမအီးတီက ဟော ကိန်းထုတ်ခဲ့သည်။

ထိုင်းနိုင်ငံသား အများအပြားသည် ဆရာမအီးတီနှင့် တွေ့ရန် ရန်ကုန်သို့ လာလေ့ရှိပြီး ယင်းတို့တွင် ရုပ်ရှင်ဒါ ရိုက်တာတစ်ဦးဖြစ်သူ နီရာတီစိုင်း လည်း ပါဝင်သည်။
ဆရာမနှင့် တွေ့ဆုံစဉ်က မိသားစု အကြောင်းများကို မှန်ကန်အောင် ဟော နိုင်ခဲ့ပြီး သူ့ဖခင်အမည်ကိုပင် မှန်အောင် ပြောနိုင်ခဲ့ကြောင်း ၎င်း၏ ပြောဆိုချက်ကို မြန်မာတိုင်းမ်သတင်းတွင် ဖော်ပြထား သည်။

ဗေဒင်လာမေးသူတွင် ပါလာသော ငွေစက္ကူ နံပါတ်များကို မှန်ကန်စွာ ဟောနိုင်ခြင်းကြောင့်လည်း ထင်ရှား သည်။ သို့သော် ထွက်မည့် ချဲထီနံပါတ် များကို မဟောပေးပါကြောင်း သူမ ဟောခန်းတွင် ရေးသားထားသည်။
ဗေဒင်ဟောခအတွက် ၁၅ မိနစ်ကို ကျပ်ငွေ ဆယ်သိန်းခန့်ပေးရကြောင်း နိုင်ငံတကာ သတင်းအချို့တွင် ရေးသား ထားပြီး တစ်နှစ်ကို ငွေကျပ် သိန်းသောင်း ချီ ဝင်ငွေရှိကြောင်း ရေးသားကြသည်။

သို့သော် သူမထံ ဗေဒင်သွားမေး ဖူးသူ အချို့ကမူ စေတနာရှိသလောက် ထည့်ခဲ့ရကြောင်း ပြောဆိုသည်။
ငယ်စဉ်က မိုးကြိုးစက်ကွင်း မိခဲ့ ဖူးပြီးနောက် ဆရာမအီးတီသည် သာမန် လူများကဲ့သို့ ကောင်းမွန်စွာ စကား ပြောနိုင်ခြင်း၊ ဆက်သွယ်ပြောဆို နိုင်ခြင်း မရှိပေ။
ထိုကြောင့် ညီမဖြစ်သူ ဒေါ်သီသီ ဝင်းမှ တစ်ဆင့်သာ ဆက်သွယ်ပြောဆို လေ့ရှိသည်။
ငယ်စဉ်က ပစ္စည်းအပျောက်အရှ များကို ခန့်မှန်းပေးရာမှ ထင်ရှားသော ရှေ့ဖြစ်ဟော ဆရာမ ဖြစ်လာခဲ့သည်။
ဟောပြောချက်များကို လက်ရေးဖြင့် ရေးသားလေ့ရှိပြီး ထိုရေးသားချက်ကို ဒေါ်သီသီဝင်းက အဓိပ္ပာယ်ဖော်ပေးရ သည်။

ဗေဒင်ဟောကြားမှုကြောင့် ရရှိသော ငွေကြေးဖြင့် အီးတီဖောင်ဒေးရှင်းကို ထူ ထောင်ခဲ့ပြီး အထူးသဖြင့် မျက်စိဝေဒနာ ရှင်များကို ထောက်ပံ့ပေးသည်။
ဆရာမ အီးတီသည် ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ လွတ် မြောက်ရေးအတွက်လည်း ထိုင်းဘုရင်ထံ အသနားခံပေးခဲ့ဖူးသည်။
ဆရာမ အီးတီမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က အိပ်ပျော် နေရင်း ဆုံးပါးသွားခြင်း ဖြစ်ကြောင်း ဆွေမျိုးများကို ကိုးကား၍ ပြည်တွင်း သတင်းများတွင် ဖော်ပြထားသည်။

သူမ ထိုသို့ နှလုံးရောဂါဖြင့် စောစီး စွာ ကွယ်လွန်မည့်အကြောင်းကို နှစ် အတန်ကြာကတည်းက ဟောကြားခဲ့ဖူး သည်။
ဆရာမ၏ အသုဘအခမ်းအနားကို ထိုင်းနိုင်ငံမှလူ အများအပြား လာရောက် ခဲ့သည်။ ဆုံးပါးချိန်တွင် ဝင်ပူးသည် ဟုဆိုကာ ဟိုးလေးတကျော်ဖြစ်ခဲ့သေး သည်။
အထူးသဖြင့် ရှေ့ဖြစ် ဗေဒင်ကို အထူးယုံကြည်ကြသော မြန်မာနှင့် ထိုင်းတို့ အကြားတွင်မူ ထူးခြားသော ပါရမီရှင် အီးတီအကြောင်းမှာ ဒဏ္ဍာရီ သဖွယ် ကျန်ရစ်နေတော့မည် ဖြစ်သည်။