သင့်ကြောင့် မီးမလောင်ပါစေနဲ့

0
636

မီး…။ မီး…။
မိုးရာသီပင် မကုန်တတ်သေး၊ နှောင်းရုံသာရှိသေး။ ဟိုနားက မီး လောင်၊ သည်နားကပြာကျနဲ့ နားမ ချမ်းသာစရာ မီးသတင်းများ ခပ်စိပ် စိပ်ကြားလာရပါလား။
အင်း . . . မီးဆိုတာမျိုးက ဘယ်ရာသီ ဖြစ်ဖြစ် အကြောင်း ညီညွတ်ရင် လောင်တတ်တာမျိုး မဟုတ် လား။ အတော်များများက ပေါ့ဆမိလို့ လောင်တာ၊ ဟော… အချို့ကျတော့ လောင်အောင်ရှို့တာ၊ တို့တာမျိုး။ ဘယ်လိုကြောင့်ပဲ လောင်လောင် လောင်ပြီဆိုရင် အနည်းနဲ့အများ ဆုံးရှုံး မှုတွေရှိမယ်။ အထိတ်တလန့်ဖြစ်ရ၊ လူမောစိတ်မော ဖြစ်ရတာမျိုး။ အခုလို ခြောက်သွေ့လာ၊ အပူချိန်ပိုလာတဲ့ အခါ မျိုးဆိုတော့ ပိုပြီး သတိထားရမပေါ့။ ပေါ့ပေါ့ တန်တန်နဲ့ လုပ်မိလို့ မီးလောင် ရင် ပိုပြီးလောင်နိုင်တယ်၊ ဆုံးရှုံးမှုတွေ ပိုများနိုင်တယ်။

ဆိုတော့ မလောင်အောင် သတိထား လုပ်ဆောင်ကြဖို့က ပထမ။ လောင်ရင် ငြိမ်းဖို့ အဆင်သင့်ဖြစ်အောင် စီမံထား ရမှာကလည်း ပထမပဲ။
ပေါ့ဆမီး မဟုတ်ပေမဲ့ တို့မီးရှို့မီး တွေလည်း ရှိနိုင်တယ် မဟုတ်လား။ ဘယ်သူ အာမခံနိုင်မလဲ။ မလောင်ဘူး လို့။ ရန်သူငါးပါးထဲ ပါတဲ့ဟာကို ပေါ့ ပေါ့ဆဆ သဘောထားတာဟာ အန္တရာယ် များ တတ်တယ်လေ။
မီးဆိုလို့ . . . ဟိုလိုမျိုး လောင် တဲ့ မီးမှ မဟုတ်ဘူး။

စစ်မီး၊ ပဋိပက္ခ အဓိကရုဏ်းမီး တွေကိုလည်း သတိထားရသဗျ။ မြန် မာပြည်ကြီး လွတ်လပ်ရေးနဲ့အတူ ပြည် တွင်းစစ်မီးကြီး တဟုန်းဟုန်း၊ တငွေ့ ငွေ့ အနှစ်ခြောက်ဆယ်ခုနစ်ဆယ်နီးပါး လောင်လိုက်တာများ တိုင်းပြည်ကြီး မွဲပြာကျသွားတာ အခုထိ ကုန်းရရုန်း ရတုန်း။ မီးကလည်း လုံးဝမငြိမ်းသေး။ တချို့ဟာက မီးခဲပြာဖုံး၊ တငွေ့ငွေ့။ စစ်မီးကြီး ငြိမ်းဖို့ ဝိုင်းကြိုးစားကြတုန်း မဟုတ်လား။ ဒီဖိုးသက်ရှည် စစ်မီးကြီး က အသက်မထွက်သေးဘူး။ ဘာသာ ရေးအကြောင်းပြုပြီး ပဋိပက္ခအဓိက ရုဏ်းမီးတွေက ထပ်လောင်ပါလေရော။ (အရင့်အရင်ကလည်း အချို့ ပုဂ္ဂိုလ်များ က ဒီလိုမီးမျိုး တမင်လောင်အောင် ရှို့ဖူးတယ်လို့ အထောက်အထားနဲ့တကွ ဖတ်မှတ်ခဲ့ရဖူးပါရဲ့)။ အရင် အစိုးရလက် ထက်မှာ ဘာသာရေးအကြောင်းပြုလို့ ပဋိပက္ခမီးတွေကြီး သွားလိုက်တာ၊ အတော် လေး ငြိမ်းယူခဲ့ရတယ်မဟုတ်လား။

ဟော .. အခုများ တဖက်က ပြည် တွင်း စစ်မီးကြီးကို နိဂုံးချုပ်ဖို့ အစိုးရ ကော၊ ပြည်သူတွေကပါ အားထုတ်နေချိန် တစ်ဖက်မှာ လူတစ်စုက လူမျိုးရေး အကြောင်းပြ အကြမ်းဖက်မှုမီးကြီးကို စရှို့လိုက်ကြပါရော။ ရခိုင်ပြည်နယ်က ပြည်သူတွေခမျာ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ ပျော်ရွှင်မှုတွေ ဆုံးရှုံးရ၊ ဘေး တွေ့လာရတော့ ပြောင်းရရွှေ့ရ ထွက်ပြေး ကြရနဲ့ ဒုက္ခရောက်ရှာတော့တာပဲ။ ဒီအကြမ်းဖက်မှုဟာ လူမျိုးရေးကို အကြောင်းပြလို့ နိုင်ငံတော်ရဲ့အချုပ် အခြာအာဏာကို ထိပါးစော်ကားလာတဲ့ လုပ်ရပ်ဖြစ်တယ် ဆိုတာလည်း သိပြီး သား ဖြစ်ကြမှာပါ။

သတင်းစာ၊ ဂျာနယ်တွေ၊ လူမှု ကွန်ရက်နဲ့ ရုပ်မြင်သံကြား သတင်းဌာန တွေကတစ်ဆင့် ဒီဖြစ်ရပ်အပေါ် သုံးသပ် ပြနေတဲ့ ထင်ရှားတဲ့ ပညာရှင်တွေရဲ့ အမြင်တွေ၊ ယူဆချက်၊ သုံးသပ်ချက် တွေက ဘယ်လိုပဲရှိပါစေ ရိုးရိုးရှင်းရှင်း မြင်ကြည့်ရင် အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်ရန်ပြုတဲ့ စက် ဆုပ်ရွံရှာဖွယ် လုပ်ရပ်ကြီးက ဖုံးကွယ်လို့ မရတဲ့ အမှန်တရားပါပဲ။
ဒီအဖြစ်အပျက်များနဲ့ ဆက်စပ်လို့ အစိုးရမှာလည်း နိုင်ငံတကာရဲ့ ဖိအား ပေးမှုတွေ ရင်ဆိုင်ကြုံတွေ့နေရတာ ကြားကြမှာပါ။ အစိုးရအနေနဲ့ ဒီမီးကြီး ငြိမ်းအောင် ဘက်ပေါင်းစုံက အားထုတ် ဖြေရှင်းနေတာကိုလည်း မြင်ကြမှာပါ။

အခုလို အချိန်မှာ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒီအကြမ်းဖက်မှုများနဲ့ ပတ် သက်လို့ အစာမကြေတာမျိုး ရှိနေကြ မှာပဲ။ လူသားတွေပီပီ စိုးရိမ်စိတ်၊ ကြောက်စိတ်တွေလည်း ရှိနေကြမှာပဲ။ ဒီအခါမျိုးမှာ နောက်ထပ် သတိထား ရမယ့်မီးက ဘာသာရေးပဋိပက္ခ အဓိက ရုဏ်းမီးပါပဲ။ သတိထားမိကြမယ်ထင်ပါ တယ်။ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ စာနယ်ဇင်းတွေ၊ ရုပ်သံသတင်းတွေနဲ့ လူမှုကွန်ရက်တွေမှာ တခုတ်တရ ဖော်ပြ ကြပါတယ်။ အထူးသဖြင့် လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ရေးသား၊ မျှဝေနေကြတာ တွေ အများစုဟာ ကျင့်ဝတ်တွေ၊ စည်းကမ်း တွေကို မသိဘဲ၊ ဒါမှမဟုတ် လျစ်လျူရှု ပြီးလုပ်နေကြတာ တွေ့လာရပါတယ်။

ပြီးတော့ ထင်ရာမြင်ရာ ရေးထားတဲ့ သွေးကြွစေတဲ့ဟာတွေ၊ အနိဋ္ဌာရုံပုံတွေ၊ ခပ်တည်တည်နဲ့ အစစ်သဖွယ် ဖွထားတဲ့ သတင်း၊ ဓာတ်ပုံ၊ ကောလာဟလ၊ သွေး ထိုးလှုံ့ဆော်တဲ့ စာသားတွေဟာ ဖေ့စ် ဘုတ်က သာမက အခြားလူမှု ကွန်ရက် မက်ဆေ့တွေကတဆင့် နေ့စဉ်နဲ့အမျှ တဖွဲဖွဲ အချင်းချင်း ဝေမျှနေကြတာပါ။ အများစုကတော့ စိုးရိမ်တာ ကြောက်လန့် တာနဲ့ မခံမရပ်နိုင်ဖြစ်ပြီး ဝေမျှနေကြ တာပါပဲ။ ကနေ့ ခေတ်လို လူမှုကွန်ရက် ကို လူတိုင်းနီးပါး လက်လှမ်းမီနေချိန်မှာ ဒီလိုမျိုး မခိုင်မာတဲ့သတင်း၊ ကောလာ ဟလနဲ့ သွေးထိုးတဲ့စာတွေဟာ အလွှာ အသီးသီးက လူတွေဆီရောက်မှာ အသေ အချာပါ။ ဆိုတော့ ဒီဟာတွေကို သေသေ ချာချာ မစောကြောဘဲ စိုးရိမ်ကြောက် လန့်စိတ်သို့ မခံချင်စိတ်များကြွပြီး မဆင် မချင် ပြုလုပ်မိကြရင်ဖြင့် မလိုလားအပ်တဲ့ ပြဿနာများစွာ ဖြစ်လာနိုင်ပါတယ်။

ဘာသာရေးပဋိပက္ခ အဓိကရုဏ်း မီးလောင်အောင် ဖန်တီးနေသူတွေလည်း မရှိဖူးလို့ မပြောနိုင်ပါဘူး။ အခုလို အချိန်ဟာ တကယ့်ကို ထိရှလွယ် သတိ ထားရမယ့်အချိန်၊ အတိမ်းအစောင်း မခံ နိုင်တဲ့ အနေအထားမျိုး၊ ပေါ့ဆလို့ရတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ဒီမီး လောင်ခဲ့ရင် တိုင်းပြည်ကြီး ပြာတောင် မကျန်တော့တဲ့ဟာမျိုး မဖြစ်သွားဖူးလို့ မဆိုနိုင်ပါဖူး။
ဒီတော့ ဒီလိုမျိုး ပြဿနာတွေ၊ ပဋိပက္ခတွေ မဖြစ်အောင် တားဆီးကာ ကွယ်ဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ကျွန်တော်တို့ အစိုးရိမ်လွန်နေလို့ ကြောက်နေလို့ မဆင်မခြင်လုပ်နေမိတာ မျိုးတွေ၊ ပြောဆိုပြုမူနေမိတာမျိုးတွေ မဖြစ်အောင် ထိန်းရပါမယ်။ ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်လို့ ပေါ့ပေါ့တန်တန် နဲ့ တွေ့ကရာ သတင်းတွေပုံတွေ စာသား တွေကို မှန်မမှန်၊ အကျိုးရှိ မရှိ မဆင်ခြင် ဘဲ လူမှုကွန်ရက်မှာ ဝေမျှနေတာမျိုး၊ မက်ဆေ့ခ်ျ ပို့တာမျိုးတွေဟာ အဓိပ္ပာယ်မဲ့ လှသလို မရည်ရွယ်ပါဘဲ ပြဿနာကို မီးမွှေးသူလို ဖြစ်သွားတတ်ပါတယ်။

ကျွန်တော်တို့ ဝေမျှလိုက်တာတွေ ဟာ ပြဿနာဖြစ်ဖို့ မီးစ၊ လောင်စာတွေ ဖြစ်သွားခဲ့ရင် အခုလို လူထု အပူချိန် တက်နေတဲ့အချိန် အခါမရွေးဝုန်းခနဲ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ကာ စာ ဖတ်ပြီ၊ သတင်းကြည့်ပြီ နားထောင်ပြီ ဆိုတဲ့အခါ သံသယ ထားရမယ်၊ ဆင်ခြင် စဉ်းစားရမယ်၊ ဖြစ်နိုင်မနိုင်၊ ယုတ္တိကျ မကျ တွေးကြည့်ရမယ်။ ဘာတွေကို အသားပေးပြီး ဘာကို ဖုံးထားလဲ၊ မျှမျှ တတ ဖော်ပြထားသလား၊ အချက်အလက် တွေ ပါသလား၊ တိကျသလား၊ အခြားသတင်းအရင်းအမြစ်တွေကရော ဒီအဖြစ်အပျက်ကို ဘယ်လိုဖော်ပြလဲ၊ ဘယ်လို သတင်းဌာနတွေက ယုံကြည်လို့ ရလဲ သိထားရမယ် စသည်အားဖြင့် သတိကြီးကြီးထားဖို့ လိုပါတယ်။ မိမိ စိတ်ထဲမှာ သံသယရှိတဲ့ သတင်းမျိုးကို မမျှဝေတာ အကောင်းဆုံးပါပဲ။

အချုပ်ဆိုရရင်တော့ ကျွန်တော်တို့ မပေါ့ဆရပါဘူး။ ဘာကိုလဲဆိုတော့ သေသေချာချာ မစဉ်းစားဘဲ သူများရေး သမျှ ပြသမျှ လွယ်လွယ်ယုံပြီး ပေါ့ပေါ့ တန်တန် မဆင်မခြင်သတင်း (ကော လာဟလ၊ အတု၊ လှုံ့ဆော်)တွေ မျှဝေ တာမျိုး၊ ဘာသာခြား လူမျိုးခြားတွေနဲ့ ပြုမူပြောဆိုတာမျိုးတွေမှာပါ။ အရေးကြီး ဆုံးအချက်လည်း ရှိပါတယ်။ ပဋိပက္ခ ရဲ့ အကြောင်း အရင်းကို မြင်အောင်ကြည့် တတ်ဖို့ပါ။ ဒီလိုကြည့်တတ်သွားရင် သူများ ခြေထိုးတာကနေ လွတ်နိုင်ပါ လိမ့်မယ်။ သူများရှို့မီးမှာ ကိုယ်က လေယပ် သူ၊ လောင်စာထိုးသူ မဖြစ်အောင် သတိ ထားဖို့ လိုပါတယ်။ ပေါ့ဆမိတဲ့အတွက် ကိုယ်ကိုယ်တိုင် မီးမွှေးသူလည်း ဖြစ်သွား နိုင်ပါတယ်။
ဒါကြောင့်မို့ သင့်ကြောင့် မီးမ လောင် ပါစေနဲ့လို့ တခုတ်တရ ပြောပါရစေ။
ဖိုးကြာရိုး