ကျွန်းစုတွင် ပုစွန်မွေးမြူရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်မည်ကို ရွာသားအချို့ သဘောမတူ

0
541

ကျွန်းစုမြို့နယ် ကတ္တလူကျေး ရွာတွင် ပြည့်ဖြိုးထွန်းကုမ္ပဏီက ပုစွန် မွေးမြူရေးကန် တိုးချဲ့လုပ်ကိုင်မည်ကို ရွာသားအချို့ သဘောမတူကြောင်း ယင်းရွာသားများမှ သိရသည်။
ပြည့်ဖြိုးထွန်းကုမ္ပဏီမှ ပုစွန် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် ၂၀၁၃ ခုနှစ်မှစပြီး ဒီရေတော ဧက ၄၀၀ ကျော် အား အပြောင်ရှင်းကာ လုပ်ငန်းဆောင် ရွက်ခဲ့ပြီးဖြစ်ကြောင်း န၀ရတ် သစ်တော ထိန်းသိမ်းရေး ကော်မတီမှ သိရသည်။

လက်ရှိတွင် ပုစွန်မွေးမြူရေး ကန် လုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန် ဒီရေတော မြေ ဧက ၇၀၀ ကျော်အား အသုံးပြု မည်ကို ရွာသား တချို့က လက်မခံ ကြောင်း အထက်ပါကော်မတီ ဥက္ကဋ္ဌ ဦးအင်ထွေးထံမှ သိရသည်။
ယင်းကဲ့သို့ ကုမ္ပဏီက မြေ ၇၀၀ ဧကကျော်အား လုပ်ငန်းတိုးချဲ့ လုပ်ကိုင် မည်ကို သဘောမတူသည့်အတွက် ပြည်ထောင်စုအစိုးရ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာ ဌာန များသို့ စက်တင်ဘာလ ၄ ရက် နေ့စွဲ ဖြင့် ရွာသား ၃၀ ဦးကျော် လက်မှတ် ရေးထိုးကာ ကန့်ကွက်စာတင်ခဲ့ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

ကုမ္ပဏီဘက်ကမူ မြေယာများ အသုံးပြုပြီး လုပ်ငန်းဆောင်ရွက်မည့် အပေါ် စက်တင်ဘာလ ၁၄ ရက်က ကတ္တလူကျေးရွာရှိ ရတနာမာန်အောင် ကျောင်းတိုက်တွင် ရွာသားများ၏သဘော ထား ဆန္ဒတောင်းခံသည့် တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း ကတ္တလူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သန့်က ပြော ပြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒေသခံတစ်ရာ ဝန်းကျင်ခန့် တက်ရောက်ပြီး အားလုံး လည်း သဘောတူကြသည်ဟု အုပ်ချုပ် ရေးမှူး ဦးကျော်သန့်က ပြောသည်။
“ကိုယ်ပိုင်မြေတွေ ဝယ်ယူထားတဲ့ မြေကွက်တွေအပေါ်မှာပဲ လုပ်တာပါ။ မြေလွတ်မြေရိုင်းတွေကျတော့ နိုင်ငံတော် ကို သီးသန့်လျှောက်မှာပါ”ဟု ပြည့် ဖြိုးထွန်းကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးလှသန်းက ပြောသည်။

ထို့ပြင် ဒီရေတောပျိုးပင် ကိုးသောင်း ပျိုးထားပြီး ပုစွန်ကန်ဝန်းကျင်ရှိ မြေလွတ် နေရာများတွင် စိုက်ပျိုးပေးသွားမည် ဖြစ် ကြောင်း အထက်ပါကုမ္ပဏီမှ သိရသည်။
ပုစွန်ကန်တိုးချဲ့မြေယာများမှာ တောင်စပ်မြေ(လယ်ပျက်)များဖြစ်ကြပြီး ယင်းမြေယာပိုင်ရှင်များထံမှ ကုမ္ပဏီက ဝယ်ယူထားပြီးဖြစ်ကြောင်း အုပ်ချုပ်ရေး မှူး ဦးကျော်သန့်က ပြောပြသည်။

န၀ရတ် သစ်တော ထိန်းသိမ်းရေး အဖွဲ့နှင့် ကျေးရွာသားတချို့ တင်ထား သည့် ကန့်ကွက်စာတွင်မူ လက်ရှိ ပုဇွန်မွေးမြူရေး လုပ်ငန်းကြောင့် ယင်း ပတ်ဝန်းကျင်ရှိ ချောင်းများတွင် ကန်မှ စွန့်ပစ် ပလတ်စတစ်များ၊ ရေဆိုးများ အညစ်အကြေးများကြောင့် ငါးပုဇွန် ဂဏန်းပေါက်ဖွားရာ စားကျက်များ နည်းပါးလာခြင်း၊ ချောင်းအတွင်းသို့ ကုမ္ပဏီပိုင် စက်လှေများ၊ သင်္ဘောများ ပိတ်ဆို့မှုကြောင့် ဒေသခံစက်လှေငယ် များ သွားလာမှုခက်ခဲခြင်း စသည်တို့ကို ခံစားနေရသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် စီးပွားဖြစ် ပုဇွန်ကန် တိုးချဲ့ ခွင့်ပြုမည့်အစား ဒေသခံများအား သစ်တောထိန်းသိမ်း စောင့်ရှောက်ခွင့် ပြုနိုင်စေရန် ကန့်ကွက် တင်ပြစာတွင် ရေး သားသည်။