တနင်္သာရီတွင် ခရီးသွားဇုန်ကြေး ကောက်မည့်အစီအစဉ် အထမမြောက်

0
360

လာမည့်ပွင့်လင်းရာသီတွင် တနင်္သာရီတိုင်းအတွင်း ခရီးသွားဇုန်ကြေး ကောက်ခံမည့် အစီအစဉ် အထမမြောက် ဟု တနင်္သာရီ တိုင်း ဒေသကြီး သယံဇာ တနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။

ခရီးသွားဇုန်ကြေးကို ပြည်ထောင် စုက ကောက်ခံထားပြီးဖြစ်သည့်အတွက် တိုင်းဒေသကြီးက ထပ်မံကောက်ခံမည် ဆိုပါက ခရီးသွားဝင်ရောက်မှုအပေါ် အဟန့်အတား ဖြစ်လာနိုင်သည့်အတွက် ဇုန်ဝင်ကြေးကောက်ခံမည့် အစီအစဉ်ကို ရပ်ဆိုင်းထားကြောင်း တိုင်းဒေသကြီး ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။
လာမည့် ပွင့်လင်းရာသီတွင် ခရီး သည်များ သွားလာလည်ပတ်မှုများသည့် နေရာများ၌ ဇုန်ဝင်ကြေး ကောက်ခံသွား မည်ဟု ၂၀၁၇ခုနှစ် ဇူလိုင်လအတွင်း အထက်ပါဝန်ကြီးက ပြောဆိုခဲ့ဖူးသည်။

“အဲဒီဟာကတော့ လောလောဆယ် ဒီလိုပဲ တန့်နေတာပေါ့၊ ခရီးသွားဇုန် ကြေးနဲ့ ပတ်သက်ပြီးတော့”ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
လက်ရှိအနေအထားအရ တိုင်းအ တွင်း ခရီးသွားလုပ်ငန်းမှာ မြန်မာနိုင်ငံ အခြားဒေသများကဲ့သို့ ဖွံ့ဖြိုးခြင်း မရှိသေးသည့်အတွက် ဇုန်ဝင်ကြေး ကောက်ခံပါက ဒေသပုံရိပ်ကို ထိခိုက် နိုင်ကြောင်း ထားဝယ်မြို့ အခြေစိုက် ရဟှယ်ရှင် ခရီးသွားလုပ်ငန်းပိုင်ရှင် ဦးဟိန်းထက်က ဆိုသည်။

“အရှိန်ယူနေဆဲ အနေအထားမှာ ဇုန်ကြေးမကောက်တာ ဖြစ်သင့်တယ်၊ ခရီးသွားလုပ်ငန်းအတွက် အခြေခံ အဆောက်အဦတွေ ပြည့်စုံမှပဲ ကောက် သင့်တယ်”ဟု ဦးဟိန်းထက်က ပြော သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က တနင်္သာ ရီတိုင်းအတွင်းသို့ ထီးခီး၊ မောတောင်နှင့် ကော့သောင်း နယ်စပ်ဝင်ပေါက်များမှ နိုင်ငံခြားသားခရီးသွား သုံးသိန်းနီးပါး (၂၈၇၇၇၉ ဦး) ဝင်ရောက်ခဲ့ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန စာရင်းအရ သိရ သည်။
၂၀၁၇ခုနှစ် ဇန်နဝါရီလမှ ဇူလိုင် လအထိ နှစ်သိန်းနီးပါး (၁၉၉၉၉၁ ဦး) ဝင်ရောက်ခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။
တိုင်းအတွင်းသို့ ပြည်တွင်းခရီး သွားများဝင်ရောက်မှု ပမာဏကို ကောက်ယူထားသည့် တိကျသည့် စာရင်းမရှိသော်လည်း ဝင်ရောက်မှု ပမာဏမှာ နှစ်စဉ်မြင့်တက်နေသည်။