ရယ်ရ မောရ အရေးပေါ် ဆရာဝန် ဘ၀ (၂)

0
334

ကျွန်တော်တို့တွေရဲ့ လက်တွေ့ ဘ၀မှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ အကျပ်အတည်းတွေ များလာတယ်။ ယှဉ်ပြိုင်မှုတွေအကြား စိတ်ဖိအားတွေ များစွာ ရင်ဆိုင်ကြရတယ်။
မိမိကျင်လည်ကြရာ ပတ်ဝန်းကျင် မှာ မိဘက မိဘအလျောက်၊ သားသမီး က သားသမီးအလျောက် ဆိုသလို ဖိအား တွေအကြား ရင်မောကြရ စိတ်ဖိအားတွေ ရင်ဆိုင်ကြရပါတယ်။

အဲလို ဖိအားတွေကြားက မိသားစု ဘ၀ကို ရုန်းကန်ကြ ရင်ဆိုင်ကြရာမှာ မိသားစု အချင်းချင်း အချိန်ပေး၊ နွေး ထွေးတဲ့ ဆက်ဆံရေးနဲ့ အလေးထား တန်ဖိုးထားကြောင်း ပြသတဲ့ ဆက်ဆံ ရေးက အတော်အရေးပါပါတယ်။
နွေးထွေးသော၊ လုံခြုံသော ချမ်း မြေ့သော မိသားစုဘ၀တွေ တည်ဆောက် ပါမှ ပြင်ပ ပတ်ဝန်းကျင်က အရက်နဲ့ မူးယစ်ဆေးတွေရဲ့ အမြူအဆွယ်တွေ အောက်မှာ မနစ်မွန်းကြမှာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးစဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံ မှာလည်း အဲသည် မိသားစုဘ၀အချိန် မပေးနိုင်မှုနဲ့ မူးယစ်ဆေးကြောင့် စိတ် မကျန်းမာကြတဲ့သူတွေ တစ်နေ့တစ်ခြား များသထက်များလို့ လာပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေမှ သည် စိတ်မကျန်းမာမှု ဖြစ်မလာအောင် မိသားစုဝင် အချင်းချင်း အပြန်အလှန် နွေးထွေးချစ်ခင်စွာ အချိန်ပေးကြဖို့ လို အပ်ပါတယ်။
တကယ်လို့ စိတ်မကျန်းမာပါက စိတ်ရောဂါ အထူးကုဆရာဝန်ကြီးတွေ နဲ့ ဆောလျင်စွာ ပြသဖို့ လိုအပ်လှပါတယ်။

အရေးပေါ်ဌာနက ဆရာဝန်လည်း တစ်ခါတလေတော့ သည်လို စိတ် မကျန်းမာသူတွေနဲ့ အလွမ်းသင့် အောင် အဆင်ချောအောင် ပြောရဆိုရ ဆက် ဆံကြရပါတယ်။ အခန့်မသင့်လို့ အဲသူ တွေက လက်ရောက်ကျူးလွန်ခဲ့ရင် လည်း ကိုယ်တွေက အခံဘက်ကပဲ ဆိုတာ သိနေ လေတော့ ရယ်ရင်းက မောနေကြရတဲ့ ဘ၀တွေလို့ပဲ ဆိုရမှာ ပါပဲ။
ဆက်လက်စနဲ့ အရူးလို့ အရပ်ခေါ် ခေါ်ကြတဲ့ စိတ်မကျန်းမာ သူတွေရဲ့ ဖြစ်ရပ်လေး ဆက်ကြတာပေါ့လေ။

။။ ။။
တစ်ညနေ ကျွန်တော့် ရုံးခန်း ကခေါ်လို့ သွားပြီးအပြန် ကိုယ့်အရေး ပေါ်ဌာနရှိရာ အောက်ကို ဆင်းလာတော့ ဝုန်းဒိုင်းတွေကြဲပြီး လိုက်တဲ့ သူကလိုက်၊ ပြေးတဲ့သူက ပြေးနဲ့ ဖြစ်နေ ပါတယ်။
နောက်က တုတ်တွေနဲ့ လိုက်လာ တာက ကိုယ့်ဆေးရုံဝန်ထမ်း ကိုဝင်း ကျော်နဲ့ အဲသည်လူနာရဲ့ ရာအိမ်မှူး။
ကိုယ်ကလည်း ညနေစောင်း လေး နာရီကျော်လာပြီဆိုတော့ အိမ်ပြန်မယ့် အတွေးလေးနဲ့ သာယာနေတုန်း အဲသည် လူစုကြောင့် မျက်လုံးပြူးသွားတယ်။
သူက ဘယ်ဘက် ပြေးရင် ကိုယ်က ဘယ်ဘက် ရှောင်၊ သူကညာ ဖက်လှည့် ရင် ကိုယ်က ညာဘက် တိမ်းမိသလိုဖြစ်လို့ အဲသည်ရှေ့ဆုံးက ပြေးလာတဲ့ လူနာ ကိုယ်နဲ့ ပိတ်မိပြီး နောက်က ပြေးလိုက် လာတဲ့ သူတွေက သူ့ကိုဖမ်းမိသွားတယ်။

အသေအချာ ချုပ်သိုင်းပြီး အရေး ပေါ်ကုတင်မှာ အတင်းသိပ်တော့ အဲလူ က စကားထပြောတယ်။
ခုနက သတ်မယ်ဖြတ်မယ်ဆိုလို့ အားလုံး ပြေးသူပြေး၊ လိုက်သူက လိုက် နေကြရတဲ့ စိတ်ဝေဒနာသည်။
ခု ကိုယ်နဲ့တွေ့တော့ ငြိမ်လို့ရယ်။
“ကျုပ်ကို မဖမ်းနဲ့ ကျုပ် အဲဆာဝံ (ဆရာဝန်)နဲ့ သိတယ်”တဲ့။
အလဲ့။

“ခညားနဲ့ ကျုပ်က ဘယ်မှာသိ တုန်း”မေးတော့
“ကျုပ်မျက်ခုံးကွဲတုန်းက သည် ဆာဝံပဲ ချုပ်ပေးထားတာလေ”တဲ့။
သူ့မျက်ခုံးက အမာရွတ်လေးကို သက်သေပြရင်း ဖြေတယ်။
ဆက်ပြောတာက ကြည့်ဦး။

“လမ်းဘေးက ဖိနပ်ချုပ်သမား လောက်တောင် လက်ရာမကောင်းဘူး”တဲ့။
ကိုယ့်မှာ နင့်ခနဲပဲ။
အသာလေး ထိန်းပြီး သူ့ ရာဇဝင် ကို အသေအချာ ပြန်မေးပါမှ သည်လူက တကယ့်လူတော်တစ်ယောက်။
ဝါလတ်တွေက ဒုံတွေ ပျက်သမျှ ပြင်တတ်တဲ့ လူတော်။ မလေး (မလေး ရှားနိုင်ငံ)ဘက်ကနေ ပညာ သင်ပြီး ကိုယ့်နိုင်ငံကိုယ် ပြန်လာပြီး ကိုယ်ပိုင် အလုပ်လုပ်နေသူတစ်ယောက်။

သူက အကုန်မှတ်မိတယ်။
အဲသည်အချိန်တုန်းက ၂၀၀၄ ။သူတို့ လင်မယားလည်း မင်္ဂလာဆောင် ကာစ၊ ကိုယ်တွေလည်း မင်္ဂလာဆောင် ကာစ အချိန်။ ရန်ကုန် – မြိတ် ခရီးစဉ် ပြေးဆွဲတဲ့ လေယာဉ်ကြီး မြိတ်ကွင်းမှာ ဘီးပေါက်ပြီး ပြေးလမ်းမှာ ကန့်လန့် ဖြတ်ပိတ်နေလို့ လေယာဉ်ဆင်းမရတော့ ရန်ကုန်ကို “မြစ်ကြီးနား”သင်္ဘောနဲ့ သွားကြတယ်။

လှိုင်းလေက ပြင်းပြင်း၊ မိုးတွေ သည်းသည်းကြားမှာ သည်သင်္ဘောက ကိုကိုးကျွန်းကိုပတ်တဲ့အပြင် မုန်တိုင်း တွေမိ၊ လမ်းမှာ လေးညနဲ့ ငါးရက် အတူ ဒုက္ခခံခဲ့ကြရင်း ရင်းနှီးခဲ့ကြတာကို သူအကုန်သိနေတယ်။
သူအကုန် မှတ်မိတယ်။
အဲသည်အချိန်က နောက်ထပ် တစ်ရက်သာ ထပ်ကြာရင် အဲသည် သင်္ဘောထဲမယ် ဝယ်သောက်စရာ ရေ မရှိတော့၊ အိမ်သာတက်ပြီး သုံးစရာ ရေမရှိ ဖြစ်တဲ့ အခြေအနေမျိုးမှာ ကျွန် တော်တို့တွေ ရင်းနှီးခင်မင်ခဲ့ကြ ရသူ တွေ။

ထားတော့။
အဲသည် ခုနက ဆေးအထိုး မခံတဲ့ သူ၊ ခုတော့ ကိုယ့်မိတ်ဆွေဟောင်းကြီး လူနာကို ချော့မော့ဆေးထိုးသိပ်ပြီး အချုပ်ခန်း လူနာဆောင်ထဲ ထည့်ပြီးမှ သက်မောချရတယ်။
“ဆရာက အရူးလည်း နိုင်တယ် နော်”
သူနာပြု ဆရာမလေးတွေက ရယ် ကျဲကျဲ ဆိုတယ်။

အရူးလို့ အခု မသုံးနှုန်းကြရတော့ ဘူး ညီမရေ။
စိတ်မကျန်းမာသူရယ်လို့ ခေါ်ဝေါ် သုံးစွဲကြရတယ်။
အမှန် ပတ်ဝန်းကျင်မှာ အဲသည် စိတ်မကျန်းမာသူ ရာခိုင်နှုန်း အများ သားရယ်။ အချို့က ကိုယ့်အနေအထား ကိုယ်သိကြတယ်။ ကုသမှု ခံယူကြရ ကောင်းမှန်း သိကြတယ်။ အချို့က ကိုယ့်ဘာသာကိုယ် စိတ်မကျန်း မာတာ မသိကြသလို ကုသမှုခံယူရ ကောင်းမှန်း လည်း မသိကြဘူးကွယ့်။
ပုထုဇနော ဥမ္မတ္တကော ရယ်လို့ ဘုရားဟောခဲ့တာ အရှိပဲ၊ လူတိုင်း တစ် မျိုးစီ ထူးတတ်ကြပါတယ်ကွယ်လို့ ရယ်ရင်း မောရင်းက ပြောဖြစ်ပါတယ်။