ကျိုက်ထီးရိုးရှိ လုပ်ငန်းနှင့် ဈေးဆိုင်များအား ရန်ပုံငွေ တိုးကောက်မည်

0
412

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဒေသရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များကို ယမန်နှစ်ထက် ရန်ပုံငွေ ၁၀ ရာခိုင်နှုန်း တိုးကောက်ပြီး ယခင်လူဟောင်းများ ကိုသာ လုပ်ပိုင်ခွင့် ပေးသွားမည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုးဒေသရှိ ရင်ပြင်တော် စခန်း၊ ကင်မွန်းစခန်း၊ ရသေ့တောင် စခန်းနှင့် ရေမြောင်ကြီးစခန်းတို့တွင် ရောင်းချလျက်ရှိနေသည့် ဆိုင်ခန်း များနှင့် လုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ခုနှစ် ဘုရားပွဲတော်ကာလတွင် ယင်းသို့ တိုးမြှင့် ကောက်ခံသွားမည် ဖြစ်သည်။
“မနှစ်က မတိုးဘူး၊ ဒီနှစ်ဝန်ကြီး ချုပ်က တိုးကောက်မယ်ဆိုလို့ ဈေးဆိုင် တွေနဲ့ လုပ်ငန်းရှင်တွေကို အကြောင်း ကြားထားပြီးပြီ”ဟု ကျိုက်ထီးရိုး ဂေါပက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိန်မြင့်က ပြောသည်။

ထို့အပြင် အလှူခံဌာန၊ ရွှေဆိုင်း အရောင်းဌာနနှင့် ဆည်းလည်း အရောင်း ဌာနတို့ကို ယမန်နှစ်ကအတိုင်း ဘုရား ဂေါပကအဖွဲ့က တိုက်ရိုက်ကိုင်တွယ် သွားမည်ဟုလည်း ဦးစိန်မြင့်က ပြောသည်။
ကျိုက်ထီးရိုးဘုရားဒေသတွင် ရောင်းချ လျက်ရှိသည့် ဈေးဆိုင်ခန်း ပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး လုပ်ငန်း အမျိုးအစားပေါင် ၅၀ ဝန်းကျင်ရှိကြောင်း ဘုရားဂေါပက အဖွဲ့ရှိ စာရင်းအရ သိရသည်။

“ဘယ်နေ့မှာ ပေးသွင်းရမလဲဆိုတာ မသိသေးဘူး”ဟု ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ရှိ ထမင်းဆိုင်ပိုင်ရှင် တစ်ဦး က ပြောသည်။
ယမန်နှစ်က ဆိုင်ခန်းအရွယ် အစားအပေါ်မူတည်ပြီး ရန်ပုံငွေကိုအများ ဆုံး ကျပ်သိန်း ၁၀၀ကျော်မှ အနည်းဆုံး ကျပ်သိန်း ၈၀ ကျော် ပေးသွင်းခဲ့ရပြီး လုပ်ငန်းများတွင်လည်း လုပ်ငန်း ကြီး ငယ်ပေါ်မူတည်ကာ အများဆုံး ကျပ်သိန်း ၃၀၀ ကျော်မှ အနည်းဆုံး ကျပ် ၅ သိန်း ဝန်းကျင်ရှိခဲ့သည်ဟု ဂေါပကအဖွဲ့ စာရင်းအရ သိရသည်။

ကျိုက်ထီးရိုးဘုရားပွဲကာလသည် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန် လပြည့်နေ့အထိဖြစ်ပြီး ဘုရားပွဲတော် ကာလတွင် ပြည်တွင်းပြည်ပ ဘုရားဖူး ဧည့်သည် တစ်ရက်လျှင် သိန်းချီလာ ရောက်ကြသည်ဟု ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။