ထားဝယ်ခရိုင်တွင် ရပ် / ကျေး အုပ်ချုပ်ရေးမှူးရုံး ၁၂ ရုံး ဆောက်မည်

0
535

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၁၂ ရုံးကို အသစ်ဆောက်လုပ်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ထံမှ သိရသည်။

မြို့နယ်တစ်ခုတွင် ၃ ရုံးနှုန်းဖြင့် ဆောက်လုပ်မည်ဖြစ်ပြီး ရပ်/ကျေး အုပ်ချုပ် ရေးမှူးရုံး အင်္ဂါရပ်နှင့် ညီညွတ် ခြင်းမရှိသော ရပ်ကွက်၊ ကျေးရွာများကို ဦးစားပေး ရွေးချယ်ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာနမှ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မောင်က ပြောသည်။
“အချို့ရွာတွေမှာဆို ဇရပ်တွေမှာ ဖွင့်ထားတာရှိတယ်၊ အုပ်ချုပ်ရေးမှူး ရဲ့အိမ် မှာ ဖွင့်ထားတာရှိတယ်။ အဲလိုဟာမျိုးတွေကို ဦးစားပေးအရင်လုပ်တာ”ဟု ဦးကျော်ကျော်မောင်က ဆိုသည်။

ယင်းရုံးများ ဆောက်လုပ်ရန် စုစုပေါင်း ကျပ်သိန်းပေါင်း တစ်ထောင့် ငါးရာ (တစ်ရုံးလျှင် ၁၃၂သိန်း)ခန့် အသုံးပြုရန် လျာထားပြီး စက်တင်ဘာ လ ၁ ရက်နေ့မှ စတင်ကာ လုပ်ငန်းရှင်များကို ဈေးပြိုင်အဆိုပြုလွှာ ခေါ်ယူလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများကို ဘဏ္ဍာနှစ်အလိုက် တစ်ဆင့်ချင်း ဆောက်လုပ်လျက်ရှိကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံး ၅၅ ရုံး ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။

ထားဝယ်ခရိုင်တွင် ရပ်ကွက် ၃၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၉ အုပ်စု ရှိကြောင်း အထက်ပါရုံးစာရင်းများအရ သိရသည်။

အုပ်ချုပ်ရေးမှူး ရုံးအသစ်ဆောက်မည့် ရပ်ကွက်”ကျေးရွာများ
စဉ် မြို့နယ် ရပ်ကွက်၊ ကျေးရွာ
၁ ထားဝယ် ဒေါင်းငူ၊ မောင်မယ်ရှောင်၊ သဗျာ
၂ လောင်းလုံး မောင်းမကန်၊ ပြင်ချောင်း၊ ကျောက်တွင်း
၃ သရက်ချောင်း ပဒက်ချောင်း၊ ကရင်တောင်ပျောက်၊ ကနက်သီရိ
၎ ရေဖြူ ဥဿရံ၊ တလိုင်းယာ၊ မင်းသာ