AK ကုမ္ပဏီ တာဝန်ယူထားသည့် လမ်းပိုင်းပျက်စီးမှု နိုင်လွန်ကတ္တရာ ပြန်ခင်းပေးရမည်

0
490

မွန်ပြည်နယ်အတွင်း Family Aye Ko Construction Co., Ltd. (AK ကုမ္ပဏီ)က တာဝန်ယူထားပြီး ပျက်စီး မှုများသည့် မော်လမြိုင်-သံဖြူဇရပ် လမ်းပိုင်းကို လာမည့် ပွင့်လင်းရာသီ တွင် နိုင်လွန်ကတ္တရာ ခင်းပေးရန် ပြည် ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် သဘောတူထားသည်ဟု ယင်း ကုမ္ပဏီထံမှ သိရသည်။

AKကုမ္ပဏီက တာဝန်ယူထား သည့် လမ်းပိုင်း အရှည်၃၇မိုင်ရှိသည့် အနက်မိုင် ၂၀ ကို နိုင်လွန်ကတ္တရာဖြင့် ၂၀၁၈ခုနှစ် ဇွန်လတွင် အပြီးခင်းပေး ရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း အပြီးခင်း မပေးနိုင်ပါက ကုမ္ပဏီအနေ ဖြင့် ထွက်ခွာပေးသွားမည်ဟု ယင်း ကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာ ဦးစိုး မိုးက ပြောသည်။
လက်ရှိတွင် ပျက်စီးနေသည့် လမ်းကို ပြင်နေသည်ဟု ပြောသည်။

“လောလောဆယ်ကတော့ ပေါက် နေတာတွေ အားလုံးကို ပြန်ဖာထား ပြီးပြီ၊ ဆက်ပေါက်ရင်လည်း ဆက်ဖာ သွားမယ်”ဟု အထက်ပါ စီမံကိန်း ဒါရိုက်တာ ဦးစိုးမိုးက ပြောသည်။
၎င်းပြင် ကျန်လမ်းပိုင်း ၁၇မိုင် ကိုလည်း ၂၀၁၉ ခုနှစ် ဇွန်လတွင် အပြီး ခင်းရန် ပြည်ထောင်စုနှင့် သဘောတူ ထားသည်ဟု ဦးစိုးမိုးက ဆက်ပြောသည်။
လမ်းပျက်စီးရခြင်းသည် ယခုနှစ် ပုံမှန်ထက် မိုးများသောကြောင့်အပြင် တန်ပိုတင်သည့်ယာဉ်များ ဖြတ်သန်း သွားလာမှုကြောင့် လည်းပါသည်ဟု ၎င်းက ရှင်းပြသည်။

AK ကုမ္ပဏီမှ တာဝန်ယူထားသည့် လမ်းပိုင်းတွင် မိုးရာသီကာလအတွင်း ပျက်စီးမှု ပိုမိုဆိုးရွားနေသည်ဟုဆိုကာ အဆိုပါ လမ်းပျက်စီးနေမှု အခြေအနေ ဓာတ်ပုံကို ဩဂုတ်လဒုတိယ အပတ်ခန့် က ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာ ပေါ် ပျံ့နှံ့လာသည့်နောက်ပိုင်းတွင် ကုမ္ပဏီအပေါ် ဝေဖန်မှု ပိုမိုမြင့်တက် လာခဲ့သည်။
အဆိုပါ လမ်းပျက်စီးမှုနှင့် ပတ် သက်ပြီး ပြည်ထောင်စုက စာထုတ် သတိပေးထားသကဲ့သို့ ပြည်နယ် အစိုးရကလည်း ကုမ္ပဏီကို ပြင်းထန်စွာ ခေါ်ယူ သတိပေးထားကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

AK ကုမ္ပဏီသည် မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းကိုBOT စနစ်ဖြင့် အစိုးရနှင့် အနှစ်၄၀နှင့် ထပ်တိုး ၅ နှစ် နှစ်ကြိမ် စုစုပေါင်း အနှစ်၅၀ စာချုပ် ချုပ်ဆိုထားသည်ဟု ကုမ္ပဏီထံမှ သိရ သည်။