ပြင်ကြီး အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့်ရရေးဒေသခံများ စိတ်ပါဝင်စားရန်လိုဟုဆို

0
473

လောင်းလုံးမြို့နယ်၊ ပြင်ကြီးရွာ ပြည်သူအစုအဖွဲ့ပိုင် သစ်တောအမြန် တည်ထောင်ခွင့်ရရေးမှာ ဒေသခံများ စိတ်ပါဝင်စားရန် လိုအပ်ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က တိုင်းလွှတ် တော်တွင် ဖြေကြားခဲ့သည်။
ဩဂုတ်လ ၃၁ရက်နေ့တွင် ပြု လုပ်သည့် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လောင်း လုံးမဲဆန္ဒနယ် အမှတ် ၁ မှ လွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေး၏ ယင်း သစ်တော လျှောက်ထားနေမှု လုပ်ငန်း စဉ် အဘယ်ကြောင့် ကြန့်ကြာနေသည် ကို သိလိုကြောင်း မေးမြန်းချက်အား ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြင်ကြီး(CF)တည်ထောင်ခွင့် ရရေးအတွက် လိုအပ်နေသေးသော အချက်အလက်များအား ဒေသခံအဖွဲ့ ဝင်များမှ သစ်တောဦးစီး ဌာနနှင့် စိတ် ပါဝင်စားစွာ ပေါင်းစည်း ဆောင်ရွက် ပါက လုပ်ငန်းများ ပိုမိုမြန်ဆန်လာမည် ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
ယင်း (CF) လျှောက်ထားသည့် မြေ ၈၈ ဧကတွင် ယခင်နှစ်ပေါင်း ၄၀ ခန့်ကမှစ ဒေသခံများက ချဉ်ပေါင် စိုက်ပျိုး အသုံးပြုခဲ့ကြသော်လည်း ၂၀၁၂ ခုနှစ်ခန့်မှစ ခြံလုပ်ငန်းရှင် ၅ ဦးနှင့် အခင်း အကြိမ်ကြိမ် ဖြစ်ပြီး နောက် ဒေသခံ ၃၁၃ ဦး စုပေါင်း၍ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ အစုအဖွဲ့ပိုင်သစ်တောအဖြစ် လျှောက် ထားခဲ့ခြင်း ဖြစ်သည်။

ပြင်ကြီးအစုအဖွဲ့ပိုင်သစ်တော စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌအဖြစ် လျာ ထားရွေးချယ် ခံထားရသူ ဦးအောင် ကျော်ဆန်းကမူ အစုအဖွဲ့ပိုင်သစ်တော လျှောက်ထားစဉ်ကတည်းကစ၍ ရွာသားများ စွမ်းဆောင်နိုင်သမျှ၊ ဌာန က လုပ်ခိုင်းသမျှ လုပ်ကိုင်ပေးနေပြီး ရွာသားများ စုပေါင်းကာ သစ်တောရုံးသို့ သွားရောက်ခြင်း၊ သစ်တောဌာနမှ တာ ဝန်ရှိသူများ ရွာသို့လာရောက်က လို အပ်သည်များ လိုက်လံဆောင်ရွက် ပေး ခြင်းများ ပြုလုပ်ခဲ့ရသည်မှာ အကြိမ် ၂၀ခန့် ရှိပြီဖြစ်ကြောင်း ပြောသည်။
ယခု ရက်ပိုင်းအတွင်း၌လည်း လောင်းလုံး သစ်တောရုံးမှ ခေါ်သဖြင့် (CF) ကိစ္စ လက်မှတ်များ ထိုးပေးခဲ့ရ သေးကြောင်း ၎င်းက ပြောသည်။