၂၀၁၇ မော်ဒယ် ဆိုင်ကယ် လိုင်စင်ဈေးနှုန်း သတ်မှတ်ရေး တိုင်းအစိုးရအဖွဲ့ထံ တင်ပြထား

0
935

ကနဦး လိုင်စင်ဈေးနှုန်း ထုတ်ပြန် စဉ်က မပါသည့် ၂၀၁၇ ခုနှစ်ထုတ် ဆိုင်ကယ်များအတွက် လိုင်စင်ဈေးနှုန်း ကို သတ်မှတ်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန)ထံမှ သိရသည်။

လက်ရှိ ထုတ်ပြန်ထားသည့် ဒေသ လိုင်စင်အတွက် ကျသင့်ဈေးနှုန်းတွင် အခြားမော်ဒယ် ဆိုင်ကယ်များ၏ ကုန်ကျမည့် ကျသင့် ငွေပမာဏကို ထုတ်ပြန်ထားပြီး ၂၀၁၇ ခုနှစ်ထုတ် ဆိုင်ကယ်များအတွက် ကျသင့် ဈေးနှုန်း ပါဝင်ခြင်း မရှိသေးပေ။
“လိုင်စင်လုပ်ပေးနေတဲ့ ကာလ အတွင်း(၄လအတွင်း)မှာပဲ ဈေးနှုန်းတွေ ထွက်လာလိမ့်မယ်ထင်တယ်”ဟု ကညန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင် ပေါ်က ပြောသည်။

ဒေသလိုင်စင် စလုပ်ပေးသည့် စက်တင်ဘာလ ၆ ရက်က လိုင်စင် လာလုပ်သည့် ၂၀၁၇ ခုနှစ်ထုတ် ဆိုင် ကယ် ထားဝယ်ခရိုင် တွင် ၂ စီး၊ မြိတ်ခရိုင်တွင် ၁ စီးနှင့် ကော့သောင်း ခရိုင်တွင် ၁ စီး ရှိကြောင်း သက်ဆိုင်ရာ ကညနရုံးများထံမှ သိရသည်။
အဆိုပါ ဆိုင်ကယ်များကို ကျသင့် ဈေးနှုန်း မထွက်သေးသည့်အတွက် ဒေသလိုင်စင် မလုပ်ပေးနိုင်ဘဲ ပြန် လွှတ်လိုက်ရကြောင်း သိရသည်။
တိုင်းအတွင်း ဒေသလိုင်စင် လုပ် ပေးသည့် ပထမရက်တွင် ထားဝယ်ခရိုင် တွင် ဆိုင်ကယ် ၂၉၉ စီး၊ မြိတ်ခရိုင်တွင် ၁၀၅ စီးနှင့် ကော့သောင်းခရိုင်တွင် ၁၇ စီးကို လိုင်စင်လုပ်ပေးခဲ့ကြောင်း တိုင်း ဒေသကြီး ကညနရုံးထံမှ သိရသည်။

အဆိုပါ ဆိုင်ကယ်များကို ဒေသ လိုင်စင်လုပ်ပေးရာမှ ရရှိသည့်ငွေ၏ ၇၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီး အစိုးရက ရရှိမည်ဖြစ်ကာ ၂၅ ရာခိုင် နှုန်းကို ပြည်ထောင်စုအစိုးရက ရရှိ မည်ဖြစ်သည်။