ကွမ်းအစ်လေးရယ် မျက်နှာငယ်

0
790

ကုန်းဘောင်ခေတ်နန်းတွင်း၌ ‘ယာတော်ကွမ်း၊ ကွမ်းရေတော်ကိုင်’ ဟူသော အမှုထမ်းများ ရှိခဲ့သည်။ လောကီမင်္ဂလာ (၁၂) ပါးတွင် သားသမီး ဖွားမြင်ပြီး နောက် ၇၅ ရက်မြောက်တွင် ‘ကွမ်းဦးခွံ့ခြင်း’ ဟူသော တမ္ဗူလပတ္တ မင်္ဂလာ ပါဝင်သည်။
‘တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာက ဆေး၊ ကွမ်းသီးတောင်ငူနှင့်၊ ကိုင်းထုံးဖြူ၊ ပြည်ရှား၊ သာဝါးလို့ထွေး’ ဟူ၍ ကွမ်းခွံ့၊ ကွမ်းစားဓလေ့ကို မှတ်သားပြု စာဆိုဖွဲ့ခဲ့ကြသည်။
ရှင်ပြုရဟန်းခံမှအစ ထိမ်းမြားမင်္ဂလာ၊ အလှူမင်္ဂလာပွဲငယ်အဆုံး’ကွမ်းတော်ကိုင်’ ပါရှိခဲ့သည်။ မြို့ရွာ အတော်များများတွင် ယခုထိ ပါဝင်နေဆဲ။
‘ကွမ်းတော်ကိုင်’ ဟု ဆိုလိုက်လျှင် ယင်းမြို့၊ ယင်းရွာ၏ အလှပဂေး။

မြန်မာတိုင်းက မိမိအိမ်သို့ ဧည်သည်လာတိုင်း ကနဦး ဧည့်ခံခြင်းအဖြစ် ကွမ်းအစ်ကို ထိုးပေးတတ်ကြသည်။ ကွမ်း အစ်ထဲတွင် ပုံမှန်အားဖြင့် ကွမ်းသီး၊ ထုံး၊ ဆေးနှင့် ကွမ်းရွက်တို့ ပါမည်။
‘ကွမ်းဆေးမီလျှင်၊ ဧည့်သည်မြင်သော်၊ အလျင်ခဏ၊ တည်ပါကြ’ ဟု အင်းဝ ဒုတိယမင်းခေါင်လက်ထက်တွင် ရှင်မဟာ သီလဝံသဆရာတော်က လင်္ကာဖွဲ့ခဲ့သည်။

ကွမ်းအစ်ကို မိမိအိမ်၏ ငွေကြေးချောင်လည်မှုပေါ် မူတည်၍ ကြေး၊ ဘော်၊ ငွေ၊ သံ၊ ယွန်း စသည်တို့ဖြင့် အသုံးပြုတတ်ကြသည်။ နောက်ပိုင်းတွင် စတီးလ်ကွမ်းအစ်များ ခေတ်စားလာသည်။
ကွမ်းအစ်သည် မြန်မာမှုနယ်ပယ်တွင် ဧည့်ပြမျက်နှာ ပန်းအလှ ဖြစ်ခဲ့သည်။ ဧည်သည်ကလည်း မိမိကို ဧည့်ခံသည့် ကွမ်းအစ်အပေါ်မူတည်၍ အိမ်ရှင်၏ အခြေအနေ၊ မိမိအပေါ် တန်ဖိုးထားမှု စသည်တို့ကို အကဲဖြတ်တတ်ကြသည်အထိ ကွမ်းအစ်က အရေးပါခဲ့လေသည်။
ယခု လက်ငင်းခေတ်တွင် ယင်းအစဉ်အလာ ဆိပ်ကွယ် လုလု ရှိချေပြီ။

ထားဝယ်မြို့ မြောက်ရွာရပ်ကွက် အသက် ၅၆ ဦးအောင် အောင်၏ အိမ်တွင် အဆစ် ၃ ဆင့်ပါ ပန်းကနုတ်ဖော် ယွန်းကွမ်းအစ် တစ်လုံး ရှိသည်။ သို့သော် ယင်းကွမ်းအစ်ဖြင့် မည့်သည့် ဧည့်သည်ကိုမျှ ဧည့်ခံ မကျွေးမွေးဖူး။ သူ့အသက် ၂၀ အရွယ်ကတည်းက ဗီရိုထဲ သိမ်းထားသည်။
“အခုကတော့ အိမ်တွေမှာ ကွမ်အစ်မတွေ့ရတော့ဘူး သာရေးနာရေးတွေမှာပဲ တွေ့ရတော့တယ်”ဟု ဦးအောင်အောင် က ပြောသည်။
အိမ်များတွင် ကွမ်းအစ်ထားသည့်ဓလေ့ နည်းပါးလာသည့် အဓိက အကြောင်းအရင်းမှာ ဧည့်သည်များ၊ အိမ်သူအိမ်သားများ ကွမ်းမစားကြတော့၍ မဟုတ်ပေ။ ကွမ်းယာဆိုင်များ မှိုလို ပေါက်လာ၍ ဖြစ်ကြောင်း လူတိုင်းအသိ ဖြစ်သည်။

ထားဝယ် ကညုံရပ်ကွက်မှ အသက် ၅၆ နှစ်အရွယ် ဒေါ်ချိုချိုတင့်သည်လည်း ၎င်းတို့အိမ်သို့ ဧည့်သည်လာလျှင် ကွမ်းအစ်နှင့် ဧည့်ခံသည့်အလေ့အထကို အသက် ၈ နှစ် အရွယ်ဝန်းကျင်အထိသာ တွေ့မြင်ခဲ့ရသည်။
“ဧည့်သည်လာရင်လည်း သူ့ကွမ်းယာထုပ်လေးနဲ့သူ လာကြတယ်လေ၊ အရင်ကဆိုရင် ကွမ်းအစ်နဲ့ ကွမ်းတံထွေး လို့ရအောင် ထွေးခံလေးပါ ချပေးထားတာ၊ အဲလိုဟာမျိုးတွေ အခုက ပျောက်ကွယ်သွားပြီ” ဟု ဒေါ်ချိုချိုတင့်က ပြောသည်။

ကော့သောင်းမြို့မှ ဒေါ်ခင်ဝေ (ပိတောက်ရွှေဝါရပ်ကွက်)၊ ဦးငြိမ်းမောင် (အေးရိပ်ငြိမ်ရပ်ကွက် ) ဒေါ်ခင်မော် (အောင်သုခရပ်ကွက်) တို့ကလည်း အိမ်တွင် ကွမ်းအစ်မထားသလို ကိုယ် တိုင်လည်း အပြင်မှာသာ ဝယ်စားဖြစ် ကြောင်း ပြောကြသည်။
သို့ဆိုလျှင် ကွမ်းအစ်ဖြစ် ဧည့်ခံ ခြင်း၊ အိမ်သားများ ကိုယ်တိုင်စား ကြ ခြင်း မပြုတော့ပါသလား။
အချို့ရွာများတွင်တော့ ရှိသေး သည်။

ထားဝယ် ကံပေါက်ကျေးရွာ၊ မြ သီတာရပ်ကွက်မှ အသက် ၂၆ နှစ် အရွယ် မထက်ထက်ဝင်းကတော့ သူမ တို့ တစ်ရွာလုံး ကွမ်းအစ်သုံးနေသေး ကြောင်း ပြောလာသည်။
“ကျွန်မတို့ရွာမှာတော့ တစ်ရွာလုံး နီးပါးရှိကြတယ်၊ ကွမ်းအစ်ကို ကိုယ် တိုင်လဲသုံးသလို ဧည့်သည်တွေလာ ရင်လဲ ဧည့်ခံတယ်”ဟု မထက်ထက် ဝင်က ဆိုလာသည်။
ယင်းသို့ ကွမ်းအစ်ကို သုံးစွဲဆဲဆို သူများမှာ အများအားဖြင့် မြို့ပြများထက် ကျေးလက်နေများ၊ သက်ကြီးရွယ်အိုများ ဖြစ်ပါသည်။

ပုလောမြို့မှ အသက် ၇၆ နှစ် ရှိပြီဖြစ်သော ဦးနောင်အိုင်းကတော့ သူ့ယောက္ခမနှစ်ပါး အမွေထားခဲ့သည့် ကြေးပိသာ ၅၀ ကျပ်သားရှိသည်ဆိုသော ကြေးကွမ်းအစ်ကြီးနှင့်သာ ယခုထိ နှစ်ပါးသွားနေလေသည်။
သူ့အိမ်တဝိုက် ကွမ်းသီးကွမ်းရွက် တစ်နိုင်တစ်ပိုင်စိုက်ထားသဖြင့် နှစ် ၉၀ သက်တမ်းရှိပြီဆိုသော သူ့ကွမ်းအစ်ထဲ ကွမ်းသီးကွမ်းရွက်က မပြတ်လတ်။ သူကွမ်းစားလျှင် ထုံးဖိုးသာကုန်သည်။

“အဖိုးကတော့ ဆိုင်ကွမ်းမစားဘူး၊ ကိုယ့်အိမ်မှာပဲစားလေ့ရှိတယ်၊ ဆိုင်ကွမ်း က ဓာတုဆေးတွေနဲ့ တွဲစပ်ပြီးရောင်း တော့ စားရင် အဆင်မပြေဘူး” ဟု ဦးနောင်အိုင်းက ပြောသည်။
ဦးနောင်အိုင်းတို့ ပုလောမြို့နှင့် အခြားမြို့မှ အိမ်အတော်များများကတော့ အိမ်ကွမ်းမစား၊ ဆိုင်ကွမ်းသာ စားကြ တော့သဖြင့် ကွမ်းအစ်ရှိသည့်အိမ်ရှား လာလေပြီ။
“နောက်ဆိုရင်တော့ ကွမ်းအစ်ဆို တာရှားပါး ပစ္စည်းဖြစ်လာပြီး ပြတိုက် ထဲမှာ သွားကြည့်ရတော့မဲ့ပစ္စည်းတစ်ခုဖြစ်လာမယ် ထင်တယ်” ဟု ထားဝယ် မြို့မှ ဒေါ်ချိုချိုတင့်က ပြောလာသည်။

တချိန်က အလွှာမရွေး၊ နေရာ မရွေးမရွေး ကွမ်းအစ်ရှိခဲ့သည်။ ရှေး မြန်မာကြီးများက ခရီးထွက်လျှင်ပင် ကွမ်းအစ်ကြီး ဆောင်သွားတတ်ကြ သည်။ “ကွမ်းတစ်ယာညက်ခရီး” ဟူ၍ အကွာအဝေးကို ကွမ်းဖြင့် ခိုင်းနှိုင်းမှတ် သား ပြောဆိုတတ်သည်အထိ။
ယခု ခေတ်ကာလရေစီးကြောင်း အရ ကွမ်းအစ်က ဒေါ်ချိုချိုတင့် ပြော သကဲ့သို့ ပြတိုက်ရောက်တော့မည်လော။ အကယ်၍သာ ကွမ်းအစ်များ ပျောက် ကွယ်သွားလျှင် ကွမ်းတော်ကိုင်လေးများ အတွက် ခက်ချေပြီ..။

မြိတ်မြို့မှ အသက် ၆၂ နှစ် ဦးထူးငယ်ကတော့ ကွမ်းအစ်က လုံးလုံး မပျောက်ကွယ်နိုင်သေးဟု ခန့်မှန်းနေ သည်။
“အပြင်လောကမှာ ပျောက်ရင် တောင်မှ ဘုန်းကြီး ကျောင်းမှာ ရှိဦးမှာ ပါ” ဦးထူးငယ်က ပြောပါသည်။