ဆီအုန်း ပြဿနာ ကြပ်မတ်ရေး အဆိုအောင်

0
457

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသည့် ဆီအုန်းပြဿနာများ အား ပြည်ထောင်စုအစိုးရနှင့် တိုင်း ဒေသကြီးအစိုးရတို့မှ ကြပ်ကြပ်မတ်မတ် အရေးယူ ဆောက်ရွက်ရေးပေးရန် တိုက်တွန်းကြောင်း အဆိုကို တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်က အတည် ပြုလိုက်သည်။
ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးရဲမြင့်ဆွေ တင်သွင်းသည့် ယင်းအဆိုအား စက်တင်ဘာလ ၄ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် မတ်တပ်ရပ် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုတွင် တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းများကြောင့် ဖြစ်ပေါ်နေသော ဒေသခံများ၏ မြေယာ၊ လူမှုဘ၀နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ပြဿနာများကို ထိရောက်စွာ ဖြေရှင်း ပေးနိုင်ရန်၊ ဥပဒေ၊ နည်းဥပဒေများ လိုက်နာရန် ပျက်ကွက်နေသော ဆီ အုန်း စိုက်ပျိုးရေး လုပ်ငန်းများ၊ သတ် မှတ် ခွင့်ပြုလျာထားချက်အတိုင်း ပြည့်မီ အောင် မစိုက်ပျိုးနိုင်သည့်ကုမ္ပဏီများ ထံမှ ဥပဒေနှင့်အညီ ရယူထားခြင်း မရှိသော မြေများကို ဒေသခံပြည်သူ များထံသို့ ပြန်လည် ပေးအပ်နိုင်ရေး အစိုးရမှ ကြပ်မတ်ပေးရန် တိုက်တွန်း ထားသည်။

လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ကလည်း ၎င်းတို့၏ ဒေသတွင် ဖြစ် ပျက်နေသည့် ဆီအုန်းပြဿနာများကို ကိုးကားတင်ပြကာ အဆိုအား အလေး အနက် သဘောတူထောက်ခံကြောင်း လွှတ်တော်တွင် တင်ပြခဲ့သည်။
သို့သော် စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက အဆိုနှင့်ပတ်သက်၍ ပြည်ထောင်စု အစိုးရ အဖွဲ့များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဆောင်ရွက်နေသည့် လုပ်ငန်း ဖြစ်သောကြောင့် အဆိုအား မှတ်တမ်း တင်ထားရန်သာ လွှတ်တော်တွင် ပြော ကြားသည်။

“စိုက်ပျိုးမြေရယူပြီး စိုက်ပျိုးခြင်း မရှိသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ် အဖွဲ့ အစည်းများ၏ မူလခွင့်ပြုမိန့်များ ပယ် ဖျက်၍ ဆောင်ရွက်နေပါတယ်၊ ဥပဒေ နဲ့အညီ ခွင့်ပြုမိန့် ရုပ်သိမ်းဖို့ ဆောင် ရွက်ရမှာ ဖြစ်တဲ့အတွက် အချိန်အနည်း ငယ် ကြာမြင့်နေခြင်း ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးမြင့်စန်းက ဖြေကြားကာ လွှတ်တော်တွင် တင်ပြခဲ့သည်။

ဝန်ကြီးဖြေကြားသည့် အချက် အလက်များက အလွန်ပင် ယေဘုယျ ဆန်ပြီး အဆိုမှာ အစိုးရသစ်၏ ပုံရိပ် များ ပိုမို ကောင်းမွန် လာစေရန်အတွက်၊ တောင်သူဦးကြီးများ၏ လယ်ယာပိုင် ဆိုင်ခွင့် ရရှိရေးတွက် တင်ပြထားခြင်း ဖြစ်သည့်အတွက် ဟုဆိုကာ အဆိုအား လွှတ်တော်အဆုံးအဖြတ် ရယူရန်တင်ပြ ခဲ့သည်။
“ဘယ်တော့ အရေးယူမှာလဲ အရေးယူတဲ့ ကုမ္ပဏီတွေ ဘယ်လောက် ရှိပြီလဲ တိတိကျကျ သိဖို့လိုအပ်ပါ တယ်”ဟု ဦးရဲမြင့်ဆွေက လွှတ် တော်တွင် ပြောကြားခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌက အဆိုအား မတ်တပ်ရပ် မဲခွဲစနစ်ဖြင့် မဲခွဲရန် ဆုံးဖြတ်ခဲ့ရာ အဆိုကို မှတ်တမ်းတင်ရန် သဘောတူသူ ၇ ဦးရှိ ခဲ့ပြီး ယင်း ၇ ဦးစလုံးမှာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး မှအပ) ဖြစ်ကြသည်။
အဆိုအား အတည်ပြုရန် သဘော တူသူ ၁၉ဦး ရှိခဲ့ပြီး ယင်း ၁၉ ဦးမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လွှတ်တော် တက်ရောက်သည့် တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံး၊ အရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ် အားလုံးတို့ ပါဝင်သည်။
ထို့ကြောင့် လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုကြောင်း ကြေ ညာခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် အောင်မြင်ခဲ့သောအဆိုများ၊ ကတိကဝတ်များကို အစိုးရအဖွဲ့မှ အ ကောင်အထည်ဖော်မှု အားနည်းနေ သဖြင့် “အောင်မြင်ခဲ့သော အဆိုများ၊ ကတိကဝတ်များကို အစိုးရအဖွဲ့မှထိ ရောက်စွာ အကောင်အထည်ဖော်ရေး အဆို”ကို တင်သွင်းခဲ့ဖူးရာ ယင်းအဆို လည်း အောင်မြင်ခဲ့သည်။

“ကာလ တစ်ခုအထိ စောင့်ကြည့် မယ်၊ အဲဒီ(အဆိုတွင်ပါသည့် အချက် များ) အတိုင်း မလုပ်ဘူးဆိုရင် ဥပဒေ နည်းဥပဒေအတိုင်းပဲ လုပ်ရမှာဖြစ်ပါ တယ်”ဟု ဦးရဲမြင့်ဆွေက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၆(က)အရ ဥပဒေအရ ပေးအပ်ထား သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ပါက တိုင်းဒေသကြီး ဝန်ကြီးချုပ်(သို့မဟုတ်) ဝန်ကြီးများအား အ ရည်အချင်း ပျက်ယွင်းသူအဖြစ် စွပ် စွဲပြစ်တင်ခြင်း ပြုနိုင်သည်။