ဖြည့်စွက်ခွင့်ပြုငွေ တိုင်းအစိုးရ အဖွဲ့ရုံး ဒုတိယအများဆုံး တောင်းခံ

0
414

တနင်္သာရီတိုင်းဒေသကြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက် ခွင့်ပြုငွေ သန်းပေါင်း တစ်သောင်း ကျော်အား ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြတောင်းခံရန် ဩဂုတ်လ ၂၈ ရက်တွင် ကျင်းပသည့် တိုင်းလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် သဘော တူခဲ့သည်။
တိုင်းအတွင်း ဌာန အဖွဲ့အစည်း ပေါင်း ၂၄ ခုရှိရာ ဌာနအဖွဲ့အစည်းပေါင်း ၁၅ခုက ယခုနှစ်၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခဲ့ပြီး ယင်းတို့အနက် တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဒုတိယ အများဆုံး တောင်းခံခဲ့ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြော သည်။

ဖြည့်စွက်ခွင့်ပြုငွေ ကျပ်သန်း ပေါင်း တစ်သောင်းခွဲကျော် (၁၅၀၀၉ ဒသမ ၅၈၇ သန်း)ထဲမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက ကျပ်သန်း လေးထောင် ကျော်(၄၆၁၈ ဒသမ ၄၉၆ သန်း) တောင်းခံခဲ့ပြီး တိုင်းတစ်ခုလုံးအတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုပမာဏ၏ ၃၀ ရာခိုင်နှုန်းကျော် ရှိသည်။
“တိုင်းဒေသကြီးအတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ လွှတ်တော် ကိုယ်စားလှယ်များမှ ဆောင်ရွက်ပေးရန် အဆိုပြုထားသော လွှတ်တော် ကတိကဝတ်များ၊ ကျေး လက်လမ်းများ ဖောက်လုပ်ပေးရန် ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးဖြိုးဝင်းထွန်းက လွှတ်တော်တွင် ပြောကြားသည်။

အများဆုံး တောင်းခံသည့် ဌာန မှာ လမ်းဦးစီးဌာနဖြစ်ပြီး ကျပ် ၇၀၀၆၀ ဒဿမ ၀၅၃ သန်း(တောင်းခံငွေ စုစုပေါင်း၏ ထက်ဝက်ခန့်)ဖြစ်ပြီး တတိယအများဆုံးအဖြစ် စည်ပင် သာ ယာရေးအဖွဲ့နှင့် စတုတ္ထ အများဆုံး အဖြစ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းအတွက် တောင်းခံထားသည်။
ဝန်ကြီးချုပ် ဦးဆောင်သော တိုင်း ဒေသကြီး ဘဏ္ဍာငွေ စိစစ်ရေးကော်မတီမှ စိစစ်ရာတွင် လွှတ်တော်ကတိကဝတ်များ အပါအဝင် တိုင်းဒေသကြီးအတွင်း မြို့နယ်များအလိုက် ညီမျှစွာ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ဒေသအတွင်း ပြည်သူလူထု၏ လိုအပ်ချက်နှင့် ကိုက် ညီသော လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန် စသဖြင့် မူဝါဒများ နှင့်အညီ ဖြည့်စွက်ခွင့်ပြုငွေကို စိစစ် ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးဖြိုးဝင်းထွန်းက လွှတ်တော်တွင် ပြော သည်။

ဖြည့်စွက်ခွင့်ပြုငွေသည် ဒေသ အတွင်း မဖြစ်မနေ သုံးစွဲရန် လိုအပ် သည့် အသုံးစရိတ်များအတွက်သာ တောင်းခံရသော နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေဖြင့် ထပ်မံ သတ် မှတ်ပေးသည့် ရန်ပုံငွေ ဖြစ်သည်။