ကြက်မွေးမြူရေးဇုန်လုပ်ရန် တိုင်းအစိုးရ မြေနေရာရှာ

0
455

ထားဝယ်မြို့အတွင်းရှိ ကြက် မွေးမြူရေးခြံများကို လူနေအိမ်များနှင့် လှမ်းသည့်နေရာတွင် ကြက် မွေးမြူရေး ဇုန်တစ်ခု ဖော်ဆောင်နိုင်ရန် မြေနေရာ ရှာဖွေလျက်ရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးက ပြောကြားသည်။

မြို့နှင့် မနီးမဝေးတွင် အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနေရာကို မြေစာရင်းဌာနအား ရှာဖွေခိုင်းထားပြီး တွေ့ရှိပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြဆွေးနွေး သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။
“ကက်ဘိနက်မှာ မဆုံးဖြတ်ခင် မြေနေရာရှာထားဖို့ လိုတာပေါ့၊ ကိုယ့် မှာ မြေမရှိဘဲ ဒီလိုလုပ်ပေးမယ်ဆိုလေပဲ ဖြစ်သွားမှာ”ဟု ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။

ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် အပြင်းစားကြက်ငှက်တုပ်ကွေး H5N1 ဖြစ်ပွားပြီးနောက် ကြက်မွေးမြူရေးဇုန် တည်ထောင်ရန် တိုင်းအစိုးရက စီစဉ် လာခြင်း ဖြစ်သည်။
ကြက်ခြံကို ပြောင်းရွေ့ရမည် ဆိုပါက ကြက်ခြံအဆောက်အအုံ အသစ် ဆောက်ရန် တတ်နိုင်မည် မဟုတ်ကြောင်း ထားဝယ်မြို့ ဝဲကျွန်း ထိန်သစ်ရပ်ကွက် တွင် ကြက်မွေးမြူရေး လုပ်ကိုင်နေသူ ဦးသိန်းတန်က ဆိုသည်။

ထားဝယ်မြို့တွင် ကြက်ငှက်တုပ် ကွေးဖြစ်ပွားစဉ်က ဦးသိန်းတန်ပိုင် ဆိုင်သည့် ကြက်ခြံအပါအဝင် ကြက်ခြံ ပေါင်း ၁၄ ခြံတွင် မွေးမြူထားသည့် ကြက်ကောင်ရေ နှစ်သောင်းကျော်ကို မြေမြှုပ် ဖျက်ဆီးခဲ့သည်။
“လက်ရှိကတော့ ကြက်ခြံ ပြောင်း ရမယ်ဆိုရင် ဘာမှ မပြောတတ်သေး ဘူး”ဟု ဦးသိန်းတန်က ပြောသည်။

ထားဝယ်မြို့အတွင်းရှိ ကြက်ခြံ အများစုမှာ စာသင်ကျောင်းများ၊ လူနေ အိမ်များနှင့် နီးကပ်စွာ တည်ရှိနေမှု များကြောင့် မြို့နေလူထုကြား ဝေဖန် မှုများ ရှိသည်။
ထားဝယ်တွင် အပြင်းစား ကြက်ငှက် တုပ်ကွေးရောဂါကို ဩဂုတ်လ ၃ ရက်တွင် နောက်ဆုံးတွေ့ရှိခဲ့ပြီး ဩဂုတ် လ ၂၅ ရက်တွင် ရောဂါ ကင်းစင်ပြီဖြစ် ကြောင်း တိုင်းအစိုးရက ကြေညာခဲ့ သည်။

ရောဂါကင်းစင်ကြောင်း ကြေညာ ပြီး ရက်ပေါင်း ၉၀ ပြည့်မှသာ ကြက်၊ ဘဲများ ပြန်လည်မွေးမြူခွင့်ရမည် ဖြစ် ကြောင်း သိရသည်။
ရက်ပေါင်း ၉၀ ပြည့်ချိန်တွင် တိုင်းဒေသကြီး ကြက်ငှက် တုပ်ကွေး ရောဂါ ကာကွယ်ထိန်းချုပ် တားဆီး ရေးကော်မတီ အစည်းအဝေးထိုင်ကာ သမ္မတ ရန်ပုံငွေ တောင်းခံပေးသွား မည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့် စန်းက ပြောဆိုထားသည်။