ထားဝယ်ရေနက်ဆိပ်ကမ်းက ပေးတဲ့ အလုပ်အကိုင်အိပ်မက်

0
553

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် လောက် ကတည်းက ထားဝယ်ရေနက် ဆိပ်ကမ်း မှာ အလုပ်ခေါ်မယ်ဆိုတဲ့ အွန်လိုင်း မီဒီယာ ကြော်ငြာကြောင့် ထားဝယ်ဒေသ တစ်ခွင် ဟိုလေးတကျော် ဖြစ်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကြော်ငြာမှာ ပါတဲ့ ဆက်သွယ်ရမယ့် သူရဲ့အမည်က ကျွန်တော့်အမည်နဲ့ လာတူနေသေး။ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာကနေ”ကိုအောင်လွင် အလုပ်ခေါ်နေတယ်ဆို၊ ဘယ်လို လျှောက်ရမလဲ” လို့ မေးလာ တဲ့သူတွေကို ပြန်ရှင်းပြနေရတာက အလုပ်တစ်ခု ဖြစ်ခဲ့သေးတယ်။

တစ်ရက်လုပ်ခ ဘတ် ၅၀၀ – ၇၀၀ ရမယ်ဆိုတော့ အလုပ်တစ်ခုရဖို့ အရေး မျက်စိထဲက သွေးထွက်လောက်မတတ် ရှာနေကြရတဲ့ ကိုယ်တွေဆီကလူတွေ စိတ်မဝင်စားဘဲ ဘယ်နေမလဲ။ ခုဘတ် ဈေးနဲ့ပြန်တွက်ရင် တစ်ရက်လုပ်ခ ကျပ်၂၀၀၀၀ ကျော်ဆိုတာ ကျွန်တော် တို့လို သာမန်လက်လုပ် လက်စားတွေ အတွက်က မက်လောက်စရာ မဟုတ် ပါလား။ လက်တွေ့ကျ၏လော မကျ၏လော၊ သတင်းမှားလော သတင်းမှန် လော ခွဲခြမ်းစိတ်ဖြာဖို့ ကျွန်တော်တို့ လူတွေ မတွေးအား။ အဖြစ်အပျက်တွေ အပြောင်းအလဲတွေ ထင်တာထက် မြန် ဆန်လွန်းလှတဲ့ ခုခေတ်ကြီးမှာ သူများ မိုးခါးရေ သောက်တုန်းမှာမှ ကိုယ်တွေ လိုက်မသောက်ထားရင် ကိုယ်ကျန်ခဲ့မယ် ဆိုတဲ့အတွေးက ရာခိုင်နှုန်များများရယ်။ ဒီတော့လည်း အဲဒီအလုပ်ကြော်ငြာကို ကြည့်ပြီး စုံစမ်းဟယ် မေးမြန်းဟယ်၊ လျှောက်လွှာ တွေရေးဟယ် လျှောက်ဟယ် လုပ်ကြတာက သိပ်တော့ လည်းမဆန်း ပြန်။

“သားသား .. သူများတွေ ရေနက် ဆိပ်ကမ်းမှာ အလုပ်လျှောက် ကုန်ကြ ပြီနော်” ဆိုပြီး မျက်စိကို ခပ်စွေစွေလေး ကြည့်ပြီး မင်းကော ခုထိမလျှောက်သေး ဘူးလားဆိုတဲ့ အဓိပ္ပာယ်နဲ့ သူ့အမေက မေးငေါ့ကြောင်း သူငယ်ချင်းအရင်း ခေါက်ခေါက် တစ်ယောက်က ဆိုလာ တယ်။ တကယ်တော့ အဲဒီသူငယ်ချင်းက သူ့ဘာသာ ပုံမှန်ဝင်ငွေလေးနဲ့ တည်ငြိမ် နေတဲ့ တစ်ယောက်။ အရမ်းတော့ မများ ဘူးပေါ့လေ။

တချို့ကလေးတွေကတော့ မှတ်ပုံ တင် အပြေးအလွှား သွားလုပ်နေကြ တာတွေ တွေ့နေရလေရဲ့။ မေးကြည့်တော့ ရေနက် ဆိပ်ကမ်းမှာ အလုပ်ခေါ်နေတာ လျှောက်မလို့ မှတ်ပုံတင် ခုထိမရှိသေးလို့ တဲ့။ အလုပ်လျှောက်လျှောက် မလျှောက် လျှောက် မှတ်ပုံတင်ဆိုတာ မဖြစ်မနေ ရှိထားရမယ့် နိုင်ငံသားစိစစ်ရေးကတ် ပြားဆိုတာ ကျွန်တော်တို့ရွာက တချို့က လေးတွေ တကယ်မသိဘူးလားဆိုပြီး စိတ်မှာ ဒွိဟဖြစ်ရသေးတယ်။

တချို့ကလည်း ကိုယ့်ဘာသာ မလျှောက်တတ်လို့ လျှောက်လွှာတစ်ခုကို ကျပ် ၃၀၀၀ ပေးပြီး သူများကို ရေးခိုင်း ရသတဲ့။ တချို့ကျတော့ သူတို့ လျှောက် လွှာကို ဘန်ကောက်ကို ပို့လိုက်ပြီ ဖြစ်ကြောင်း၊ အလုပ်လာခေါ်မယ့်ရက်ကို စောင့်နေဖို့သာ လိုတော့ကြောင်း ပြော လာတယ်။
ဘာပဲဖြစ်ဖြစ်ပါ။ အလုပ်ရမယ် ဆိုတော့ ဒါ မင်္ဂလာသတင်းပါပဲလေ။

အလုပ်အကိုင်ရှားပါးတဲ့ ကျွန်တော် တို့ဆီမှာ အလုပ်ပေးမယ့် စီမံကိန်း မျိုးတွေရှိလာတာ ကြိုဆိုစရာပေါ့။ အထူး သဖြင့် ဒေသခံတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးမယ်ဆို တဲ့ စီမံကိန်းမျိုးဟာ ကျွန်တော်တို့ ဒေသခံတွေ အတွက်တော့ ပြောမဆုံးပေါင် တောသုံးတောင် စီမံကိန်းမျိုးတွေပေါ့။
ဒီမှာတစ်ဆင့်တက်ပြီး စဉ်းစား ရမှာက ကိုယ်တွေဆီမှာ လာလုပ်မယ့် စီမံကိန်းတွေက တကယ်ပဲ ကိုယ့်ဒေသခံ တွေရဲ့ စားဝတ်နေ ရေးနဲ့ လူမှုဘ၀ဖူလုံ ရေးကို အာမခံပေးနိုင်တဲ့ စီမံကိန်းမျိုးတွေ ဖြစ်မလားဆိုတာပါ။ နောက်တစ်ဆင့် တက်ပြီး စဉ်းစားမယ်ဆို ရင်တော့ အဲဒီ စီမံကိန်းတွေကြောင့် ဒေသရဲ့ လူမှုဘ၀နဲ့ သဘာဝပတ်ဝန်းကျင်ကို ဘာတွေ ကောင်းစေမှာလဲ ၊ ဘာတွေ ဆိုးစေမှာလဲ။ စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာစွာ ဖော်ဆောင်ရဲ့လား၊ ပြီးတော့ အဲဒီစီမံကိန်း တွေကနေ ဘယ်သူတွေ တကယ်အကျိုး အမြတ်ရနေလဲ။ နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တကယ်ပဲ အရေးပါ ပြီး မဖြစ်မနေလုပ်ဆောင်ဖို့လိုတဲ့ စီမံကိန်း မျိုးလား အစရှိသည်ဖြစ် ထည့်သွင်း တွက်ချက်ရမှာပါ။

ပုံမှန်အားဖြင့် စီမံကိန်းကြီးတွေ ရောက်လာရင် စီမံကိန်းကို အကောင် အထည်ဖော်မယ့်သူတွေဟာ ရွာမှာလမ်း တွေ ကောင်းသွားမယ်၊ လျှပ်စစ်မီးတွေ လင်းသွားမယ်။ စာသင်ကျောင်းတွေ ဆောက်ပေးမယ်။ မြေကြီးအတွက် ထိုက်တန်တဲ့ လျော်ကြေးတွေ ပေးပါ့ မယ်။ ပြန်လည်နေရာချထားရေးတွေ အဆင်ပြေအောင်လုပ်ပေးပါ့မယ်၊ ရွာက လူတွေ အလုပ်ရမယ်ဆိုတဲ့ စကားလုံး တွေနဲ့ ဒေသခံတွေကို ချုပ်လေ့ရှိပါတယ်။

ကမ္ဘာတစ်လွှားက ဖြစ်ပျက်ခဲ့ပြီးတဲ့ ဥပမာတွေကို ပြန်ကြည့်လိုက်ရင် အထက်ပါ ကတိတွေဟာ အစပိုင်းမှာ တည်မလိုလိုနဲ့ နောက်ပိုင်းမှာ အဖျား ရှူးသွားတတ်လေ့ရှိပါတယ်။ ကျွန်တော် တို့ နိုင်ငံတွင်းမှာကိုပဲ ဥပမာယူစရာ သာဓကတွေ အများကြီးရှိခဲ့ပါပြီ။
ဥပမာ တစ်ခုအနေနဲ့ပြောရရင် စီမံကိန်းတစ်ခုဟာ သူတို့ သိမ်းယူမယ့် မြေနေရာအတွက်(ခြံအတွက်) ခေတ်နဲ့ လျော်ညီတဲ့ လျော်ကြေးငွေ ပေးအပ် ကောင်း ပေးအပ်ပါလိမ့်မယ်။ ဒါပေမဲ့ နဂိုမူလရှိရင်းစွဲ စားဝတ်နေရေးနဲ့ လူမှု ဘ၀ကို ပြန်ရဖို့ကိုတော့ ဘယ်လိုမှ မဖော် ဆောင်ပေးနိုင်ပါဘူး။ လေ့လာတွေ့ရှိ ချက်တွေအရလည်း ဘယ်လောက်များ တဲ့ လျော်ကြေးငွေ ပမာဏကို ပေးလိုက် သည်ဖြစ်စေ ဒေသခံတွေဟာ အဲဒီငွေတွေ ကို နှစ်အနည်းငယ် အတွင်းမှာပဲ သုံးစွဲ ပစ်လိုက်ပြီး စားဝတ်နေရေး အခက်အခဲနဲ့ ကြုံရသူတွေ ဒုနဲ့ဒေးပါ။

“ဒီစာရဲ့ အဓိက အကြောင်းအရင်း ဖြစ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းအ ကြောင်းကို ဆက်ပြောပါမယ်။ အထူး စီးပွားရေးဇုံတွေဟာ တကယ်ပဲ ဒေသ ခံတွေကို အလုပ်အကိုင် အခွင့်အလမ်း တွေ ဖော်ဆောင်ပေးနိုင် မလားပေါ့။ ရိုးရိုးလေး စဉ်းစားကြည့်ရင်တော့ မှန်ပါ တယ်။ ဒီလောက်ကြီးတဲ့ စီမံကိန်းကြီး (ထားဝယ်ရေနက် ဆိပ်ကမ်းဟာ စီစဉ် ထားတဲ့အတိုင်း ဆောက်ဖြစ်ရင် အရှေ့ တောင် အာရှမှာ အကြီးဆုံး စက်မှုဇုန်ကြီး ဖြစ်လာပါမယ်) ဆောက်တာ အလုပ် သမားတွေ လိုမှာပေါ့။ ဒါပေမယ့် ဒါဟာ အခိုက်အတန့်ပဲ ဖြစ်ဖို့များ ပါတယ်။

များသောအားဖြင့် အဲဒီလို စီမံကိန်း ကြီးတွေဟာ တည်ဆောက်ရေးကာလ မှာသာ အလုပ်သမား လိုအပ်ချက် မြင့်မား လေ့ ရှိပါတယ်။ တကယ်တမ်း စက်ရုံ လုပ်ငန်းတွေ လည်ပတ်တဲ့အချိန် ရောက် ရင်တော့ စက်ရုံလည်ပတ်မှုမှာ ပညာ ရှင်အချို့နဲ့ ကျွမ်းကျင်အဆင့် အလုပ် သမားတွေသာ လိုပါတော့တယ်။ ဒါက လည်း ဆောက်မယ့် စက်ရုံအမျိုးအစား ပေါ်မှာ မူတည်နေပါသေးတယ်။ အထည် ချုပ် စက်ရုံလို၊ စားသောက်ကုန်ထုတ်လုပ်တဲ့စက်ရုံလို စီမံကိန်းမျိုးအတွက် အလုပ်သမား လိုအပ်ချက်မြင့်မားပြီး ဒေသခံတွေ ရေရှည်အလုပ်အကိုင် ရရှိနိုင် မှု အာမခံချက်ရှိတဲ့ စီမံကိန်းမျိုးပါ။ ထားဝယ် အထူးစီးပွားရေးဇုံလို ရေနံချက် စက်ရုံတွေ၊ ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အခြေခံစက်ရုံတွေ အများစုပါဝင်မယ့် ရှုပ်ထွေး များပြား လွန်းတဲ့ စက်မှုဇုန်မှာ ဒေသခံတွေ ရေရှည်အလုပ်အကိုင်ရရှိနိုင် မနိုင်ဆို တာကတော့ တကယ့်ကို မေးခွန်း ထုတ်စရာ ဖြစ်နေဆဲပါ။

ဒီနေရာမှာ မိတ်ဆွေ အစ်ကို တစ်ယောက်ပြောတဲ့ ဥပမာလေးတစ်ခု ယူသုံးချင်တယ်။ “ရေနံချက်တယ်ဆိုတာ ရွာက ဘုန်းကြီးကျောင်းမှာ ထမင်း ချက်သလို မိုးပြဲဒယ်အိုးထဲကို ထည့်ပြီး ယောက်မနဲ့မွှေရတာမဟုတ်ဘူးဗျ”တဲ့။ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေက အတွေ့ အကြုံအရလည်း အထူးစီးပွားရေးဇုန်တွေ ကြောင့် ဒေသခံတွေ အလုပ်အကိုင် အခွင့် အလမ်းတွေရပြီး တိုးတက်သွားတယ် ဆိုတာ ခပ်ရှားရှားရယ်ပါ။ အဲဒီအစား စက်မှုဇုန်တွေက မြေသိမ်းလို့ မြေမဲ့ယာမဲ့ ဖြစ်ရသူတွေ၊ စက်ရုံအလုပ်ရုံတွေက စွန့်ပစ်လိုက်တဲ့ ရေဆိုးတွေကြောင့် ပင်လယ်အပါအဝင် ချောင်းမြောင်း အင်း အိုင်တွေပျက်စီးပြီး စားဝတ်နေရေး ခက်ခဲ နေရတဲ့ ဒေသခံတွေ၊ အကြီးစားစက်မှုဇုန် တွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ အကြီးအကျယ်ထိခိုက်ပြီး ကင်ဆာ ရောဂါနဲ့ အခြားရေထု၊ မြေထုနဲ့လေထု ညစ်ညမ်းမှုတွေရဲ့ဒဏ်ကို ခါးစည်းခံနေ ရတဲ့ ဒေသခံတွေက ခပ်များများရယ်။

အလုပ်သမားကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ်ပြောစရာတစ်ခုပါလာတာက အလုပ်သမားအခွင့်အရေး။ များသော အားဖြင့် အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်တဲ့အခါ အဲဒီက စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်တဲ့ အလုပ် သမားတွေကို အလုပ်သမား သမဂ္ဂလို လွတ်လပ်တဲ့အဖွဲ့အစည်းတွေ ဖွဲ့ခွင့် မပေး။ အင်ဒိုနီးရှားမှာဆို စီးပွားရေး ဇုန်အနီးအနား ပတ်ဝန်းကျင်ရွာက ဒေသခံတွေကို အလုပ်မခန့်။ အကြောင်း ပြချက်က ဒေသခံတွေက စက်ရုံတွေနဲ့ နီးနီးကပ်ကပ်နေနေတော့ ပြဿနာ ဖြစ်နိုင်ခြေပိုများပြီး ဖြစ်ရင်လည်း ရှင်းရ ခက်လို့တဲ့။ စက်မှုဇုန်ပြင်ပက အလုပ် သမားအရေးလှုပ်ရှားတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်တဲ့ အလုပ်သမား တွေကို လည်း စက်ရုံတွေက တိတ်တဆိတ် လေ့လာပြီး အလုပ်ဖြုတ်ပစ်လေ့ရှိသတဲ့။ အဆိုးဆုံးက လုပ်ခလစာ ကောင်းကောင်း မပေးတာနဲ့ အန္တရာယ်ရှိတဲ့ အလုပ်ခွင်မှာ နှစ်ရှည်လများ အလုပ် လုပ်ကြရတာ တွေပါ။

အပေါ်က ပြောခဲ့တာတွေက စိုးရိမ်ချက်တွေပါ။
ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ချင်မှ လည်း ဖြစ်မှာပါ။ ဒါပေမယ့်လက်ရှိ ရှိရင်းစွဲ ဥပဒေတွေ ဖြစ်ပျက်ခဲ့တဲ့ ဥပမာတွေနဲ့ ချိန်ထိုးကြည့်ရင်တော့ ဖြစ်ဖို့ ရာခိုင်နှုန်း လည်း အတော်များနေ ပါတယ်။ ထို့ အတူပဲ အလုပ်ခေါ်တဲ့ ကိစ္စကလည်း နေ့ချင်းညချင်းဖြစ်မယ့် ကိစ္စမျိုးတော့ မဟုတ်။

ထားဝယ် အထူးစီးပွားရေးဇုန် အတွက် မဟာစီမံကိန်း Master Plan ရေးဆွဲနေ ဆဲသာဖြစ်ပြီး အလုပ်ခေါ်တဲ့ ကိစ္စက လည်း တစ်ခုခု မှားယွင်း နေတယ်လို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ တွဲဖက် အတွင်း ရေးမှူး – ၁ က မကြာသေးခင် ရက် ပိုင်းကပဲ တရားဝင် ဖြေဆိုထားသေးတယ်။
ဒါ့အပြင် ဩဂုတ်လ ၂၈ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာလည်း စီးပွားကူးသန်း ဒုဝန်ကြီးက ထားဝယ် အထူးစီးပွားရေး ဇုန်ဟာ တာစူနေဆဲ အဆင့်မှာ သာရှိသေးတယ်လို့ ဖြေသွားခဲ့ ပါသေး တယ်။

ချုပ်ပြောရရင် တိုင်းပြည် တိုးတက် ဖို့အတွက် စီမံကိန်းတွေ လိုပါတယ်။ လုပ်မယ့် စီမံကိန်းတွေဟာ ဒေသခံတွေရဲ့ လူမှုဘ၀နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းနိုင်သမျှ နည်းပြီး နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို ရေရှည် အထောက်အပံ့ ဖြစ်နိုင်ရမှာဖြစ်သလို ဒေသမှာ နေထိုင်သူတွေရဲ့ စားဝတ်နေ ရေးနဲ့ လူမှုဘ၀တိုးတက် ရေးတွေကို ရေရှည်အာမခံချက်ရှိတဲ့ စက်ရုံအလုပ်ရုံ မျိုး ဖြစ်ရပါမယ်။

နှစ်အနည်းငယ်သာ အလုပ်ရပြီး ဒေသခံတွေရဲ့ မူလအခွင့်အရေးတွေ ဆုံးရှုံးမယ့်အပြင် ရေရှည် ဆိုးကျိုး တွေပဲရမယ့် အကြီးစားစက်မှု စီမံကိန်း တွေကို လက်ခံ မခံ ကတော့ ဒေသခံ တွေ ကိုယ်တိုင်ဆုံးဖြတ်ရမှာ ဖြစ်ပါ တယ်။
အောင်လွင် (ကံပေါက်သား)