လမ်းမှန်ပေါ်က လူများသာ

0
512

“နင်ဟာလေ အိမ်သိပ်မကပ်ချင် ဘူး… လမ်းပေါ်မှာပဲ နေချင်တဲ့ အကောင်”
အဆော့မက်သည့် အိမ်နီးချင်း သူငယ်ချင်း ကိုမိုးကို သူ့အမေက ဆူခြင်း ဖြစ်သည်။
ကိုမိုးနှင့် ကျွန်တော်သည် အဆော့ မက်ကြသူများပီပီ အိမ်ပြန်နောက်ကျခဲ့ သည်။ ယင်းအတွက် ဆူခြင်း ဖြစ်သည်။

ကျွန်တော် အမှတ်မမှားခဲ့လျှင် ထိုစဉ်က ကိုမိုးအမေ သုံးနှုန်းခဲ့သည့် “လမ်းပေါ်မှာ”ဟူသည့် စကားသည် အိမ်ခြေယာမဲ့ အလုပ်အကိုင် မည်မည်ရရ မရှိ လမ်းဘေးတွင် ဖြစ်သလို နေစား ကြသောသူများနှင့် နှိုင်း၍ ပြောခြင်း ဖြစ်သည်။ အမှတ်သည်းခြေ ကြီးလှသော ကိုမိုးတစ်ယောက် ထိုသို့ အဆူခံရပြီး နောက်ပိုင်း သိပ်မဆော့တော့။ အလည် မသွားတော့။ ထိုစဉ်က ကျွန်တော်တို့ အသက်ဆယ်နှစ်ပင် မပြည့်တတ်သေး။

ဆယ်စုနှစ် နှစ်ခုကို ဖြတ်ကျော်လာ ပြီးနောက်တွင် ကိုမိုးသည် သူ့အမေ ဆိုခဲ့သလိုပင် အိမ်ကို မကပ်တော့။ ကပ်ခွင့်လည်းမရ။ လမ်းပေါ်သို့ ရောက် နေသူတဦး ဖြစ်နေလေပြီ။ သို့သော် ယခု ကျွန်တော် ရည်ညွှန်းသည့် လမ်းပေါ်ဆို သည့် စကားက အရင်က ကိုမိုး အမေဆူ ခဲ့သည့် “လမ်းပေါ်မှာ”ဟူသော စကားနှင့် ဆိုလိုရင်း မတူ။

ယခုကိုမိုးသည် သူ့အိပ်မက်၊ ရည်မှန်းချက် ပန်းတိုင်ကို ရောက်မည့် လမ်းကြောင်းပေါ်တွင် ခရီးနှင်နေပြီဟု ဆိုလိုပေသည်။ ကိုမိုးသည် သူဝါသနာ ပါသော ကွန်ပျူတာ နည်းပညာကို လေ့လာချင်သည်။ သို့သော် ဆယ်တန်း အမှတ်အရ ကွန်ပျူတာတက္ကသိုလ် တက်ခွင့်မရ။ သို့သော် သူစိတ်မကျ။ အဝေးသင်တက်ရင်း နည်းပညာ ဒီပလိုမာ ဆည်းပူးသည်။ အင်္ဂလိပ်စာ လုပ် သည်။ နည်းပညာ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ် နေသည်။ သူ့စိတ်ကူးက ရှင်းသည်။ တစ်နေ့ ကျွမ်းကျင်ဆော့ဖ်ဝဲ အင်ဂျင်နီယာ တစ်ဦး ဖြစ်လာရမည်။ ထို့အတွက် ပြည်တွင်း၌ ပညာမသင်ရလျှင် ပြည်ပ ထွက် ဆည်းပူးမည်။ ထို့အတွက် သူအင်္ဂလိပ်စာလည်း လေ့လာခြင်း ဖြစ် သည်။ သူ့အိပ်မက် ပန်းတိုင်က ရိုးရှင်း သလို သူကိုယ်တိုင်လည်း ကြိုးစားသည်။ ဘ၀ပန်းတိုင်အတွက် အမြဲလမ်းကြောင်း ရှာနေတတ်သည်။ နည်းပညာကို ရူးသွပ် လှသည်။ သူသည် သူ့လမ်းနှင့်သူ့ခရီး နှင့် သူ့ပန်းတိုင်နှင့် နေ့စဉ်ဘ၀ကို ဖြတ်သန်းနေလေပြီ။

(၂)
လွန်ခဲ့သည့် သုံးလခန့်က ရန်ကုန် အမေရိကန်စင်တာ၌ iPACE ကျောင်း သားဟောင်းများ တွေ့ဆုံပွဲတစ်ရပ် ကျင်းပခဲ့သည်။ ထိုပွဲ၌ မိတ်ဆွေဟောင်း အတော်များများနှင့် ပြန်ဆုံဖြစ်သည်။
မိတ်ဆွေဆရာဝန်တစ်ဦးက မကြာမီက သူလုပ်ခဲ့သည့် စာကြည့်တိုက် အကြောင်း သင်တန်းများအကြောင်းကို ပြောပြသလို၊ ရှေ့ဆက်ရမည့် ခရီးစဉ်နှင့် အလုပ်များကိုလည်း ပြောပြသည်။

“လောလောဆယ်တော့ အိမ် မကပ်ဘူး၊ လမ်းပေါ်မှာပဲ… ကျွန်တော် ခရီးသွားနေသည်ပေါ့လေ”တဲ့။ တကယ် တော့ ဆရာက ဆေးတက္ကသိုလ်မှ ဆရာ ဝန်ဘွဲ့ရထားသလို အမေရိက၊ ဩစတေး လျစသော နိုင်ငံများ၌လည်း ပညာဆည်း ဖူးထားခဲ့သူ ဖြစ်သည်။ ဆရာဝန်တစ်ဦး အဖြစ် အသက်မွေးနိုင်သော်လည်း သူဖြစ်လိုသော အခြားအိပ်မက်ပန်းတိုင်ကို အပင်ပန်းခံ ဆက်ချီတက်နေဆဲ။ သူ့မှာ ဘ၀ မျှော်လင့် ချက်အပြည့်၊ ယုံကြည် ချက်အတိ။ သူသည်လည်း လမ်းပေါ်က လူတစ်ဦး ပင်။
(၃)
ကျောင်းတွင် ပထဝီဝင် ဘာသာရပ် သင်ကြရသည်။ ထိုဘာသာရပ်တွင် မြေပုံကြည့်ရှုလေ့လာခြင်း၊ မြေပုံဆွဲခြင်း၊ တိုင်းတာတွက်ချက်ခြင်းများ ပြုလုပ် ခဲ့ကြရသည်။
မေးခွန်းပါ မြို့ရွာများ၏ အကွာ အဝေး၊ ခရီးလမ်းကြောင်း ပထဝီဝင် အနေအထားများကို ရှာရသည်။ တိုင်း တာ တွက်ချက်ကြရသည်။ မည်သည့် လမ်းက သွားနိုင်မည်နည်း၊ ကား၊ ရထားလမ်းလော၊ ရေကြောင်း လော၊ လေကြောင်းလမ်း ရှိသလောဟု ရှာခဲ့ကြ ရသည်။ ဤသည်က အတန်းတွင်း သင်ခန်းစာ ဖြစ်သည်။
ပြင်ပလောကတွင်လည်း မြေပုံက အရေးပါသည်။ အစိုးရဌာနများတွင် မြေပုံသည် မရှိမဖြစ်၊ အထူးသဖြင့် စစ်ဌာနများတွင် မြေပုံတွင် အင်မတန် အရေးပါကြောင်း ပြောစရာ မလိုတော့။

(၄)
ကျွန်တော်တို့ ဘ၀တွင်ဖြစ်လိုသော အိပ်မက်ဆန္ဒပန်းတိုင် အသီးသီး ရှိကြ သည်။ ထိုအရာများကို ကျွန်တော်တို့ သွားလို၊ ရောက်ရှိလိုသော အရပ်များဟု ဆိုပါစို့။ ထိုအရပ်သို့ရောက်ရန် ကျွန် တော်တို့ ခရီးထွက်ကြရမည်။ ထို့ အတွက် ဘ၀မြေပုံ လိုသည်။ တကယ် တော့ ဘ၀မြေပုံဟူသည် ကိုယ့်ဘ၀ အတွက် ကိုယ်ကိုယ်တိုင် တွက်ဆ ရေးဆွဲထားရသည့် မြေပုံမျိုး။

အကွာအဝေး၊ အခက်အခဲကို တွက်ဆရမည်။ ပြီးလျှင် မိမိတို့နှင့် အသင့်ဆုံး လမ်းတစ်ခု၊ အရန် နှစ်ခု သုံးခု ရွေးထားမှ တော်ကာကျမည်။ ထိုမျှ မကသေး။ ခရီးသွားဖို့ ဘက် ပေါင်းစုံ ပြင်ရဆင်ရသည်။ ဘ၀ပန်း တိုင်သို့ ခရီးချီသည့်အခါ လမ်းကြောင်း မှန်ပေါ် ရောက်နေမှ ခရီးတွင်မည်။ ကြုံလာသည့် ပြဿနာများကို ကျော် လွှားရမည်။ ခရီးဘယ်လောက် တွင်ခဲ့ ပြီလဲ၊ ဘယ်နေရာရောက်ပြီလဲ သိနေဖို့ လမ်းအကွာ အဝေးပြ မိုင်တိုင်၊ လမ်း ညွှန် အမှတ်အသား ဆိုင်းဘုတ်များကို ကြည့်၊ မြေပုံကိုကြည့်ရသလိုပင် ဘ၀ ခရီးတွင်လည်း ခရီးတွင်မတွင် လမ်းမှန် မမှန် သိနေဖို့ အစီအမံ အမှတ်အသားများ လုပ်ထား ရသည်။

လမ်းမှားလမ်းပျောက်၍ အခက် တွေ့သည့်အခါ မြေပုံ၊ သံလိုက် အိမ် မြှောင်တို့ကိုကြည့်၍ လမ်းမှန်ပြန် ရောက်အောင် လုပ်ရသကဲ့သို့ ဘ၀တွင် လမ်းမှန်ပြ ကူညီဖေးမမည့် ဆရာမိတ် ဆွေကောင်းများ လိုသည်။ ခရီးဆက် ရင်းပင် လမ်းအသစ်များ တွေ့လာနိုင် သလို လမ်းမှား၍ လျှောက်နေမိသည် မျိုး၊ ဆက်မသွားချင် စိတ်ပျက်မိသွား သည်မျိုးလည်း ကြုံနိုင်သည်။ ကိုယ့် မြေပုံ အချက်အလက် ပြည့်စုံနိုင်သမျှ ကိုယ့်အကျိုးရမည်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ လမ်းကြောင်းမှန်အပေါ်လျှောက် နေသူအဖို့ ပန်းတိုင်ခရီးကို ရောက်မည် မှာမလွဲ။ ခရီးအကွာအဝေး အရသာ အချိန်ကြာခြင်း၊ တိုခြင်းတို့ ရှိမည်ပင်။

(၅)
မျှော်လင့်ချက်ဖြင့် မနက်ဖြန် များစွာကို ကျော်ဖြတ်ခဲ့ကြသည်ဟု အချို့က ဆိုကြသည်။ သို့သော် မျှော် လင့်ချက်မှာ မိမိ၏ အားထုတ်မှုကြောင့် တစ်နေ့တွင် မိမိမျှော်မှန်းသလို ဖြစ်လာ ရမည်ဟု ယုံကြည်မှုအပြည့်ဖြင့် မျှော် လင့်ခြင်းမျိုး ဖြစ်သင့်သည်။ တစ်စုံ တစ်ယောက် (တစ်စုံတစ်ရာ)ကြောင့် မိမိဘ၀ကြီး ပြောင်းလဲသွားမည်၊ လိုရာ ဆန္ဒပြည့်လာမည်၊ အိပ်မက်များ တကယ်ဖြစ်လာမည်ဟူသော မျှော်လင့် ချက်မျိုးကား မျှော်ရင်း အချိန်လင့်၍ အကျိုးများမည် မထင်ပေ။ လူတိုင်းနီးပါး မျှော်လင့်ချက်အပြည့်ဖြင့် အိပ်မက်တွေ ပန်းတိုင်တွေ ရှိကြသော်လည်း ကံမကောင်း စွာပင် အချို့ကအကြောင်း အမျိုးမျိုး ကြောင့် ဘ၀မြေ ပုံမရှိ၊ ခရီးသွားလမ်း ညွှန် နတ္ထိ။

ထိုအရာတွေ လိုသည်ဟုပင် မသိ။ အတော်များများကလည်း တစ်ခုခုကို မျှော်ရင်း အချိန်တွေ လင့်ပါးနေရသည့် မျှော်လင့်မှုမျိုးနှင့် ဘ၀ခရီး ဆက်နေ ကြသည်။ အများအားဖြင့် ဝင်္ကပါထဲတွင် ခြေဦးတည့်ရာ သွားနေမိသလိုမျိုး ဖြစ်နေ တတ်ကြ ပြန်သည်။
ဤသို့ဆိုလျှင် ထိုသို့သော အဖြစ် မျိုးကို မည်သို့ ကုစားနိုင်မလဲဟု မေးဖွယ် ရာရှိသည်။ ရိုးသားစွာ ဖြေရလျှင် ကျွန်တော်ထံတွင် တိကျသော ကုထုံးမရှိ။ သို့သော် ကျွန်တော်နှင့် ကြုံဆုံခဲ့ကြသော ဘ၀ခရီးလမ်းမှန်ပေါ် လျှောက်နေကြ သည့် မိတ်ဆွေအချို့၏ စကားများကို လက်ဆင့်ကမ်းပေး နိုင်သည်။
သူတို့၏ အတွေ့အကြုံများက အဖိုးတန် မှတ်သားဖွယ် စကားများကို ဖြစ်စေသည့်အလား။

ကိုမိုးက ပြောသည်။
“အဓိကက ကိုယ်ဘာဖြစ်ချင်လဲ ဘ၀မှာ၊ အဲဒါသေချာသိဖို့ လိုတယ်။ သေချာမသိရင် လမ်းပျောက်တာမျိုးပဲ၊ ကိုယ်ဘာဖြစ်ချင်လဲ သေချာပြီဆို ပန်းတိုင်ဆီ ရောက်နိုင်မယ့် နည်းလမ်း ရှာ၊ တွေ့အောင်ရှာ၊ သေချာရှာ၊ နှစ်ခုသုံးခု ရှာထား။ ဇွဲရှိဖို့တော့လိုတယ်။ ပန်းတိုင် လည်းရှိ လမ်းလည်းသိပြီဆို လမ်းပေါ်မှာ နေ၊ ဆက်လျှောက်နေဖို့ပဲ”တဲ့။

ဆရာကတော့ သူ့အတွေ့အကြုံ နှင့်ယှဉ်ရင်း “ဘ၀မှာ နောင်တ သိပ်မရ ချင်ဘူး၊ တသက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားချင်ရင်တော့ ကိုယ့်အိပ်မက် ရည်မှန်းချက်ကို အကောင်ထည်ဖော်နိုင်ဖို့ ကြိုးစားပေါ့။ အိပ်မက်က ဘာလဲဆို တာတော့ သေချာသိဖို့တော့ လိုတယ် နော်။ တစ်ခါတလေမှာ ကိုယ်ဘာ ဖြစ်ချင် မှန်းမသိဘဲ တစ်ခုခုလုပ်နေ တတ်တာ မျိုးတွေ ရှိတယ်။ အဲလိုလုပ် ခဲ့မိလို့ ရလဒ် တစ်ခုခုရလာမှ ဪ..ငါလိုချင်တာ ဒါမျိုးမဟုတ် ပါလားဆိုတာမျိုး ဖြစ် တတ်တယ်။ အဲဒီအခါ ကျရင်လည်း စိတ်ဓာတ်မကျဘဲနဲ့ ကိုယ့် ဘာသာသိအောင် သေချာပြန်လုပ်၊ အခွင့်အလမ်းရှာ ဆက်လျှောက်သွားပေါ့၊ လမ်းမှန်သွားရင် တစ်နေ့မလွဲပါဘူးဟု ဆိုသည်။

အိပ်မက် စိတ်ကူးဆန္ဒ ရည်မှန်းချက် ပန်းတိုင်တွေ ကိုယ်စီအသီးသီးရှိကြ သည့် ကျွန်တော်တို့တတွေ မနက်ဖြန်များ စွာကို မျှော်လင့်ချက်အပြည့်ဖြင့် ဖြတ် ကျော်ကြရဦးမယ်။
မည်သို့သော် မျှော်လင့်ချက်မျိုးဖြင့် ဖြစ်စေ ဘ၀ခရီးကတော့ တရွေ့ရွေ့ ဆက်နေရသည်။ တချို့က အိပ်မက်တွေ အကောင်အထည် ဖော်နိုင်သွားကြသည်။ ရည်မှန်းချက် ပန်းတိုင်တွေဆီ အောင် အောင်မြင်မြင် အရောက်လှမ်း နိုင်သွား ကြသည်။ တချို့က အိပ်မက်တွေ အရောင်မှိန်သွားခဲ့ကြရလို ရည်မှန်းချက် ပန်းတိုင်တွေနှင့် ပိုပို၍ ဝေးသွားကြသည်။

လူတိုင်းကတော့ အိပ်မက်တွေ ရည်မှန်းချက်တွေ ပန်းတိုင်တွေနှင့် နီးဖို့ မျှော်လင့်ကြသည်။ ခရီးလမ်းကြောင်း မှန်ရှာ တတ်ဖို့လိုသည်။ လမ်းမှန်ပေါ် ရောက်နေလျှင်တော့ တစ်နေ့ရောက်ကို ရောက်မည်။ လမ်းပေါ်တွင် လမ်း မချော်အောင် သွားတတ်နေတတ်ဖို့တော့ လိုမည်ပေါ့။
ဖိုးကြာရိုး