ဖမ်းမိ လိုင်စင်မဲ့ယာဉ်များ မွန်ပြည်နယ်အစိုးရက လေလံတင် ရောင်းချတော့မည်မဟုတ်

0
479

မွန်ပြည်နယ်၌ ၂၀၁၆ ခုနှစ် အတွင်းက ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား လေလံတင် ရောင်းချခြင်းကို ပြည်နယ်အစိုးရက လုပ်ဆောင်တော့မည်မဟုတ်ဘဲ ပြည်ထောင်စု အစိုးရကသာ လုပ်ဆောင် သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင် ဘာလကုန်ထိ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားပြီး တရားရုံးမှ အမှုပြီး ပြတ်ပြီဖြစ်သည့် မော်တော်ယာဉ် အစီး ၄၀၀ နီးပါး ရှိသည်။
“အရင်တုန်းက ပြည်နယ်က ဖမ်းဆီးရမိတဲ့ကားကို ပြည်နယ်ကသာ စီမံခန့်ခွဲတယ်။ အခုက ဘယ်ကပဲ ဖမ်းမိ ဖမ်းမိ ပြည်ထောင်စုကပဲ စီမံခန့်ခွဲတယ်”ဟု အထက်ပါ ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

အဆိုပါ လိုင်စင်မဲ့ယာဉ်များကို အခြားတိုင်းနှင့် ပြည်နယ်က ဌာနဆိုင်ရာ များအတွက်ပေးရန် ပြည်ထောင်စုက ရည်ရွယ်ထားကြောင်းလည်း ၎င်းက ဆက် ပြောသည်။
မွန်ပြည်နယ်သို့ နယ်စပ်မှတစ်ဆင့် တရားမဝင် ခိုးသွင်းလာသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ၂၀၁၂ ခုနှစ် အောက်တိုဘာလခန့်မှစပြီး စီမံချက် ဖြင့် ဖမ်းဆီးခဲ့သည်။

ဖမ်းမိလိုင်စင်မဲ့ယာဉ်များသည် ဖမ်းဆီးမိစဉ်က အကောင်းအတိုင်းရှိ နေသော်လည်း အမှုပြီးပြတ်ပြီး ထုတ် ရောင်းသည့်အချိန် ကြာမြင့်သည့် အတွက် ကားများထုတ် ရောင်းသည့် အချိန်တွင် ကားအတွင်းပိုင်း ပျက်စီး ကုန်သည်ဟု ပေါင်မြို့နယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်း အောင်က ထောက်ပြ ပြောဆိုခဲ့သည်။

မွန်ပြည်နယ်အတွင်း ဖမ်းဆီး ရမိထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ် များအနက် တရားရုံးမှ စိစစ်ပြီးဖြစ်သည့် မော်တော်ယာဉ် များကို ပထမအကြိမ် အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၆ ရက် က မော်တော်ယာဉ် ၈၈ စီး၊ ဒုတိယ အကြိမ်အဖြစ် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်က မော်တော် ယာဉ် ၁၅၀ စီး၊ တတိယအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်က မော်တော်ယာဉ် ၂၉၁ စီးအား မွန်ပြည် နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လေလံတင် ရောင်းချခဲ့ပြီး ဖြစ်သည်။

လိုင်စင်မဲ့မော်တော်ယာဉ်များသည် နယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် မြ၀တီမှတစ်ဆင့် မြန်မာပြည်အနှံ့ ပို့ ဆောင်သည်။
အထူးသဖြင့် ထိုင်းနယ်စပ်နှင့် အနီးစပ်ဆုံးဖြစ်သည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လိုင်စင်မဲ့ မော်တော် ယာဉ် အသုံးပြုမှုများပြားပြီး သက်ဆိုင် ရာမှ လိုက်လံဖမ်းဆီးမှု ပြုလုပ်နေ သော်လည်း အသုံးပြုမှုများပြားဆဲ ဖြစ် သည်။