ကော့သောင်းမြို့ ဘုရင့်နောင် ကဇာတ်ရုံဝင်းကို အများပိုင်မြေအဖြစ် သတ်မှတ်

0
429

ကော့သောင်းမြို့ ရွှေဇင်ယော် ရပ်ကွက်ရှိ ဘုရင့်နောင် ကဇာတ်ရုံဝင်းကို အများပိုင်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း မြို့နယ်စည်ပင်သာယာအဖွဲ့ထံမှ သိရသည်။ ဧကဝက်ကျော် (၀.၆၉၉ ဧက) ရှိသည့် အဆိုပါ ကဇာတ်ရုံကွင်းအား ကဇာတ်ရုံဝင်းအဖြစ် ငှားရမ်းထားပြီး ယမန်နှစ် ဧပြီနှင့် ဇူလိုင်လက ဘုရင့်နောင် ရပ်ကွက်သူ/သားများက အများပိုင်မြေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။

ယင်းသို့ တောင်းဆိုပြီး တစ်နှစ်ခန့်အကြာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ယင်းသို့ အများပိုင်မြေအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ယင်းစည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။ စည်ပင်က ကြီးကြပ်ထိန်းသိမ်းရမည်ဖြစ်သော်လည်း စည်ပင်ပိုင်မြေ မဟုတ်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဘဂွမ်က ပြောသည်။

“အခုလို မြို့သူမြို့သားတွေ အားလုံးသုံးခွင့်ရတော့ ကျေနပ်ပါတယ်၊ တစ်ဦးတစ်ယောက်ပိုင် မဖြစ်ရင်ရပြီ”ဟု ကန့်ကွက်စဉ်က ပါဝင်ခဲ့သူ ရွှေဇင်ယော်ရပ်ကွက်မှ ဦးအေးမောင်က ဆိုသည်။

တိုင်းဒေသကြီးအဖွဲ့၏ လမ်းညွှန်ချက်အရ ဩဂုတ်လ ၁၂ ရက်က အဆိုပါဝင်းထဲတွင် နေထိုင်လျက်ရှိသူ အိမ်များမှ အိမ်ထောင်ဦးစီး ၁၇ ဦးအား တွေ့ဆုံ၍ အများပိုင်မြေဖြစ်သည့်အကြောင်း ကြိုတင်ဆွေးနွေးရှင်းပြခဲ့ပြီး ဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးဘဂွမ်က ပြောသည်။ ၎င်းတို့ကို အောက်တိုဘာလ ၁၅ ရက်တွင် နောက်ဆုံးဖယ်ရှားပေးရန် စာထုတ်အသိပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြို့နယ်အများပိုင် ဘုံမြေ သတ်မှတ်လိုက်သည့်အတွက် မည်သည့် ရပ်ကွက်မဆို အကျိုးပြုလုပ်ငန်းများ လာရောက်ကျင်းပခွင့် ရှိမည်ဖြစ်ပြီး မြို့နယ်စည်ပင်မှတစ်ဆင့် ပြန်လည် ခွင့်ပြုချက် ပေးသွားမည်ဖြစ်ကာ ကွင်းပြုပြင်ခြင်းလုပ်ငန်းများအား စည်ပင်သာယာအဖွဲ့က လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။