မွန်တွင် ငါးဖမ်းကွက်လေလံ စတင်ရောင်းချ

0
555

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ငါးဖမ်း ရာသီအတွက် မွန်ပြည်နယ်အတွင်းရှိ သံလွင်မြစ်၊ အတ္ထရံမြစ်နှင့် ဂျိုင်းမြစ် တို့တွင် ဖမ်းနေသည့် ငါးဖမ်းကွက် (ငါးဖမ်းပိုက်ချက်)များကို ဩဂုတ်လ ၂၈ ရက်တွင် ပထမအကြိမ် လေလံတင် ရောင်းချခဲ့ကြောင်း မွန်ပြည်နယ် ငါး လုပ်ငန်း ဦးစီးဌာနမှ သိရသည်။

မော်လမြိုင်ခရိုင်အတွင်းရှိ မော်လ မြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ချောင်းဆုံမြို့ နယ်နှင့် သထုံခရိုင် ပေါင်မြို့နယ်တို့မှ ငါးဖမ်းပိုက်ချက် ၁၀၈ ခုအနက် ၃၇ ခု လေလံအောင်ခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၁၄၀၀ နီးပါးရရှိသည်ဟု အထက်ပါ ဌာ နမှ သိရသည်။

အထူးတင်ဒါ ပိုက်ချက်များ၏ စည်းမျဉ်းစည်းကမ်းအရ တင်ဒါကို ၅ ကြိမ်အထိ ရောင်းချ ခွင့်ရှိပြီး ကျန်ရှိနေ သေးသည့် ပိုက်ချက် များကို ဩဂုတ်လ ၃၁ ရက်တွင် ဒုတိယအကြိမ် ဆက်လက် ရောင်းချပေးသွား မည်ဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ပြည် နယ်ဦးစီးမှူး ဦးသံချောင်းက ပြောသည်။

“မနှစ်က ပိုက်ချက် ၂ ချက် ဆွဲ တယ်၊ တစ်ချက်ကို ၃၁ သိန်းနဲ့ လေ လံရရှိတယ်၊ ငါးမမိလို့ ပိုက်ချက် ၂ ချက် စလုံး အရှုံးပေါ်တယ်၊ ဒီနှစ်တော့ ဘယ်လို လာမလဲ မသိသေးဘူး”ဟု မော်လမြိုင်မြို့ မှ ငါးလုပ်ငန်းရှင် ဦးကျော်ဝင်းက ပြော သည်။

ယမန်နှစ်က ငါးဖမ်းပိုက်ချက် လေလံတင်ရောင်းချပွဲတွင် အပြိုင်အဆိုင် ဝယ်ယူခဲ့ကြသည့်အတွက် လေလံ အောင်သွားသည့် ငါးလုပ်ငန်းရှင်အများစု အရှုံးပေါ်ခဲ့ရသည်ဟု လေလံဝယ်ယူသည့် ငါးလုပ်ငန်းရှင်တို့က ပြောသည်။

တင်ဒါပိုက်ချက်များအတွက် ကြမ်းခင်းဈေး သတ်မှတ်ရာတွင် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်က လေလံတင် ရောင်းချခဲ့သည့် ပိုက်ချက်တစ်ချက်စီ၏ ရငွေမှ ၁၀ ရာခိုင်နှုန်းတိုးပြီး သတ် မှတ်ထားကြောင်း ငါးလုပ်ငန်း ဦးစီး ဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ငါးဖမ်း ပိုက်ချက်များ ကို လေလံပေးရောင်းချခဲ့ရာ ငါးဖမ်း ပိုက်ချက်ပေါင်း ၉၃ ရောင်းချရပြီး ငွေ ကျပ်သိန်းပေါင်း ၁၂၁၅၄ ကျော် ရရှိခဲ့ သည်ဟု ပြည်နယ် ငါးလုပ်ငန်း ဦးစီး ဌာနရှိ စာရင်းအရ သိရသည်။
ငါးဖမ်းရာသီမှာ စက်တင်ဘာလမှ မေလအထိဟု သိရသည်။