ညအိပ်ချိန်များ ကြည်ဖြူစွာ ဖဲ့နှုတ်ယူသွားသော

0
560

ညအိပ်ချိန်များအား ညတိုင်းနီပါး ဖဲ့နှုတ် ယူနေသူကို ကြည်ကြည်ဖြူဖြူ လက်ခံထားသူတို့ များလာသည်။ အများအားဖြင့် ညသူခိုးမှန်း သိလျှက်နှင့် နှစ်သက်မြတ်နိုးစွာ လက်ခံထားကြ သည်။ တချို့ဆိုက ညည သူမရှိလျှင် မနေတတ် လောက်သည်အထိ စွဲစွဲမက်မက်။
သူ စရောက်လာစဉ်က မိမိအိပ် အိပ်ချိန်များကို ဖဲ့နှုတ်ယူမည့်သူဟု မည်သူမျှ မတွေးမိ။ ညည သူ့မျက်နှာကို တစိမ့်စိမ့် ကြည့်မည်။ ည ၁၀ နာရီ၊ ၁၁ နာရီ သူ့ကို အသုံးပြု အဖော်လုပ်မည်။ ထိုမှ သည် နာရီပြန် ၂ ချက်တီး ၃ နာရီအထိ သုံးစွဲကြ။

“ည ၁၁ နာရီလောက်အထိ သုံးဖြစ်တယ်။ တခါတလေ ည ၂ နာရီလောက်အထိ ဖြစ်ဖူးတယ်”ဟု မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာသူ အသက် ၁၇ နှစ်အရွယ် မလွင်မာအောင်က ပြောလာသည်။
ကျား၊ မ ရွယ်စုံလက်ထဲ ညအိပ်ချိန် ဖဲ့နှုတ် ယူသူ ရောက်နေပြီ။ သူ မိမိဘ၀ထဲ ရောက်လာပြီး နောက် မိမိအိပ်ချိန်များကို တစစ ခိုးယူနေမှန်း လူတိုင်း သတိမထားမိ။
သို့သော် မိမိလက်ထဲ စမတ်ဖုန်းတစ်လုံး ရောက်လာသည့်နှစ်ကိုမူ လူတိုင်း သတိထားမိ ပါလိမ့်မည်။ စမတ်ဖုန်း စကိုင်ကြသည်မှာများစွာ မကြာလှသေး။ ၃ နှစ်မှ ၇ နှစ်ကြား။

တနင်္သာရီအပတ်စဉ်မှ မေးမိသူတိုင်းနီပါး လက်ထဲ စမတ်ဖုန်း ရောက်လာကတည်းက အိပ်ချိန် များ နှုတ်ယူခံရမှု စတင်သည်ဟု ဝန်ခံကြပါသည်။
ဖုန်းကိုင်သက် သုံးနှစ်ခန့် ရှိပြီဆိုသော ရေဖြူ မြို့နယ် ပုဂေါဇွန်းကျေးရွာမှ သင်္ချာတတိယ နှစ်ကျောင်းသူ မဝါဝါကလည်း စမတ်ဖုန်းကို ည ၁ နာရီထိုးတဲ့အထိ သုံးဖြစ်ကြောင်း ပြောသည်။
“အင်တာနက်ကျေးဇူးကြောင့်ပေါ့၊ အဲဒီမှာ သိုးမွေးထိုးနည်းတွေလိုက်လိုက် ကြည့်တယ်၊ Video ကြည့်တယ် စိတ်ညစ်နေတဲ့အချိန်ဆိုရင် ဟာသတွေကြည့်တယ်၊ ဖုန်းပျက်နေရင် စိတ်ထဲမှာ တမျိုးပဲ၊ ဟာနေသလို တစ်ခုခုလိုနေသလိုလို ခံစားနေရတယ်” ဟု မဝါဝါက ပြောသည်။

ညဘက် စမတ်ဖုန်းသုံးရာတွင် အတော်များ များက Line Viber Massenger စသည့် ဆော့ဝဲမျိုးစုံဖြင့် အသိမိတ်ဆွေများနှင့် အပြန်အလှန် စကားပြောကြသည်။ ခေတ်အခေါ် ချက်တင်ထိုင် ကြသည်။
“ချက်တင်လုပ်တယ်လေ၊ ကိုယ့်ချစ်သူနဲ့ရော သူငယ်ချင်းတွေနဲ့ရောပဲ၊ နာရီ မကြည့်ဖြစ်ဘူး”ဟု ထားဝယ်မြို့ မြောင်းပုလဲရပ်ကွက်မှ ကိုရဲဝင်းမြင့်က ပြောသည်။
အချို့က ဖေ့ဘုတ်ခေါ် လူမှုကွန်ရက်စာမျက် နှာတွင် ကိုယ်တိုင်ပို့စ်တင်ရေးကြ၊ သူများရေး ထားသည်ကို မှတ်ချက်ပြုကြ၊ မှတ်ချက်အပြန် အလှန်ပြုရင်း စိတ်လိုလက်ရ ညနက်ကြသည်။

” Facebook ပေါ် စီးမျောလာတော့ အချိန် နဲ့ ငွေကုန်မှန်းမသိကုန်ဆုံးလာတယ်။ စာကျက်ချိန် အားနည်းလာတယ်”ဟု ပုလောမြို့မှ ဝိဇ္ဖာဘွဲ့ရ မဖြူစင်ထွေး ကပြောသည်။
“စာမေးပွဲကျတဲ့အဆင့်ထိ ဖြစ်ခဲ့တယ်”
အချို့က ညည ဂိမ်းဆော့ကြသည်။ ဂိမ်းဆို၍ ကလေးသာဆော့သည် မထင်ပါနှင့်။ လူလတ်ပိုင်း များပါ စွဲမက်စွာ ဆော့ကြသည့် ဂိမ်း ဆန်းဆန်း များက နေ့တိုင်းနီးပါး အသစ် အသစ် ပေါ်ပေါ်လာ နေသည်။

“ကျွန်တော် ခုဆော့နေတဲ့ဂိမ်းက Portalquest လယ်ဗယ်(အဆင့်)တက်အောင် ဆော့ရင်းနဲ့ ည ၂ နာရီ
ကျော်ကျော်သွားတယ်” ဟု ထားဝယ် တလိုင်းမရပ်မှ အသက် ၂၇ နှစ်အရွယ်ရှိ ကိုအောင်မျိုးသူက ပြောသည်။
ညနက်အထိ မသုံးပါဟု ဆိုသူများလည်း ရှိပါသည်။ ထိုသူများက ည ၁၀ နာရီ၊ ၁၁ နာရီ အထိသာ သုံးသည်ဆို၏။ သူတို့လက်ထဲ စမတ်ဖုန်း မရောက်ခင်ကဆိုလျှင် ယင်းအချိန်သည် အိပ်ချိန်။

ညနက်သည်အထိ သုံးသူအချို့က အိပ်ရေးပျက်တာသာရှိပြီး အခြားဆိုးကျိုး မခံစားရသေးဟု ဆိုသူရှိသကဲ့သို့ အချို့က သိသာသော ကျန်းမာရေးဆုတ်လျှော့မှု ရှိလာကြောင်း ဝန်ခံလာသည်။
“အခုတော့ နည်းနည်း သတိထားနေရတယ်။ အိပ်ရေးပျက်များလာလို့၊ အာရုံကျော အားနည်းလာတာတွေ ရှိတယ်။ မျက်စိထိခိုက်တာလည်း ရှိတယ်။ ဒါကြောင့် နည်းနည်း လျှော့သုံးနေတယ်”ဟု ၂၁ နှစ်အရွယ် ကိုရဲဝင်းမြင့်က ပြောသည်။
သူ လျှော့သုံးသည်ဆိုသော အချိန်က ည ၁၀ နာရီခွဲ။

စမတ်ဖုန်းများက ညအိပ်ချိန်များ ဖဲ့နှုတ်ယူကြောင်း သိသော်လည်း အမှတ်မထင်တစ်မျိုး အမှတ်ထင်ထင်တဖုံ သုံးစွဲမိပြီးမှ မနက်ဖြန်များတွင် ကုန်ဆုံးသွာသော ညအိပ်ချိန်များကို နှမျောတသနေတတ်သူများလည်း ရှိသည်။
“ငါ အဲလိုညနက်အောင် မသုံးတော့ဘူးလို့လည်း ဆင်ခြင်မိတယ်”ဟု စန္ဒဝတ်ကျေးရွာသူ မလွင်မာအောင်က ပြောသည်။
သူငယ်ချင်းများနှင့် ည ၁၁ နာရီခွဲခန့်ထိ စမတ်ဖုန်းဖြင့် ပုံမှန်ချိတ်ဆက် စကားပြောသည်ဆိုသော ကော့သောင်းမှ မူလွန်ကျောင်း ဆရာမ တစ်ဦးဖြစ်သူ မနိုနိုဆန်နီကတော့ အိပ်ပျက်ညများအတွက် နောင်တရသော်ငြား ညသူခိုး စမတ်ဖုန်းကို ဖြတ်မထားရက်နိုင်သေး။

“အိပ်ယာထနောက်ကျတော့ တခါတလေ နောင်တရမိတယ်။ ဒါပေမဲ့ နောက်ညတွေလည်း အရင်လို ဆက်သုံးတာပဲလေ”ဟု ၎င်းက ပြောသည်။
အချို့က စမတ်ဖုန်းသုံး အိပ်ပျက်ညများကို မစွန့်နိုင်ဟု ဆိုကြသည်။ ချိုမြိန်သည့် စိတ်ခံစားမှုကို ပေးစွမ်းနေကြောင်း ပြောကြသည်။
စမတ်ဖုန်းသုံးသည့်သက်တမ်း ၄ နှစ်ခန့် ရှိပြီဆိုသော ကော့သောင်းမြို့မှ ပညာရေးဌာန စာရေးတစ်ဦးဖြစ်သူ မချိုခိုင်ကတော့ ညသူခိုးကို ကြည်ဖြူစွာ ဆက်ပေါင်းမည် ဆိုသည်။

” နောင်တရတယ်လို့မရှိပါဘူး။ ချစ်သူနဲ့လဲ တစ်ယောက်တစ်နေရာစီဆိုတော့ ဒီက သုံးရတာ အဆင်ပြေတယ်လေ၊ အမြဲသုံးနေဦးမှာပဲ၊ အိပ်ရေးပျက်လည်း သုံးဖြစ်နေမှာပဲ” ဟု မချိုခိုင်က ပြောသည်။