ထော်လာဂျီမဝင်ရ လမ်းသတ်မှတ်ထားသော်လည်း လိုက်နာမှုအားနည်းနေဟု ပြည်သူများ ဝေဖန်

0
383

ထားဝယ်မြို့အတွင်းရှိ လမ်းအချို့ ကို ဇူလိုင်လမှစပြီး ထော်လာဂျီ မဝင် ရလမ်းအဖြစ် သတ်မှတ်ခဲ့သော်လည်း ကြပ်မတ်မှု အားနည်းသဖြင့် ထော်လာဂျီ ယာဉ်မောင်းအချို့ လိုက်နာမှု အားနည်း နေကြောင်း ပြည်သူများအကြား ဝေဖန် လျက်ရှိသည်။

မြို့နယ်စည်ပင်အဖွဲ့က မြို့တွင်း လမ်းအချို့ကို ထော်လာဂျီ မဝင်ရလမ်း အဖြစ် ဆိုင်းဘုတ်ထောင် သတ်မှတ်ထား သော်လည်း လိုက်နာမှုအားနည်းကာ ညွှန်ကြားထားသည့်အမိန့် ညွှန်ကြား ချက်များ အသက်မဝင်ဖြစ်နေကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေး မှူးတစ်ဦးက ဆိုသည်။
“ထုတ်ပြန်ပြီးရင်လည်း တိတိ ကျကျ ကြပ်မတ် တားဆီးဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ထော်လာဂျီ အများစုမှာ ဝန်ပိုတင်ခြင်း၊ အသံ ဆူညံ လွန်းခြင်း(အိတ်ဇောပိုက် မတပ် ဆင်ခြင်း)နှင့် အရှိန် ပြင်းထန်စွာ မောင်းနှင်နေခြင်းများကြောင့် ကျောင်း သူ၊ ကျောင်းသားများနှင့် သက်ကြီးရွယ် အိုများအတွက် အန္တရာယ် များနေကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆို သည်။

မဝင်ရ လမ်းများ သတ်မှတ်ထား သော်လည်း ထော်လာဂျီအချို့ ဝင်ရောက် မောင်းနှင်နေသည့်အပေါ် သက်ဆိုင်ရာ ဌာနများက တားဆီးကြပ်မတ်နေသည်ကို မတွေ့ရဟု ထားဝယ်မြို့ ကြက်စား ပြင်ရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ် သုံးဘီး ယာဉ်မောင်းတစ်ဦးက ဆို သည်။
မဝင်ရ သတ်မှတ်ထားသည့် လမ်း များကို ဝင်ရောက်မောင်းနှင်သည့် ထော်လာဂျီများကို ဖမ်းဆီးကြပ်မတ် နေပြီး နောင်တွင်လည်း ပိုမိုကြပ်မတ် သွားမည် ဖြစ်ကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးညီညီ လှိုင်က ဆိုသည်။

ထားဝယ်ဒေသရှိ ထော်လာဂျီ အများစုမှာ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ အသံဆူညံစွာ မောင်းနှင်ခြင်းနှင့် တန်ပို တင်ဆောင်ကာ မောင်းနှင်သွားလာမှု များကြောင့် ပြည်သူများအကြား ဝေဖန် နေကြသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။