H1N1 H5N1ကိစ္စ မေးစရာ တွေးစရာ

0
431

ရာသီတုပ်ကွေး(H1N1 )နဲ့ ကြက် ငှက်တုပ်ကွေး( H5N1)က လုပ် သင့်လုပ် ထိုက်၊ ပူးပေါင်းသင့် ပူးပေါင်းထိုက်တဲ့ အရေးအရာတွေမှာ ပူးပေါင်းကြဖို့ အသိ ပေးခဲ့တယ်။ လန့်နိုးလာသင့်တဲ့ အိပ် ပျော်နေသူတွေကို အိပ်ရာက နိုးလာစေခဲ့ ပါတယ်။

ဖြစ်ရပ်တစ်ခု ဖြစ်လာတာနဲ့ သိ ချင်စိတ်ပြင်းပြလာတဲ့ ပြည်သူတွေရဲ့ တောင့်တမှုအတွက် သတင်းအမှန်ထုတ် ပြန်ပေးဖို့ တက်ကြွနေတဲ့ မီဒီယာတွေနဲ့ သည်ဘက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအပိုင်းမှာဖြစ်စေ၊ ဝန်ကြီးဌာန အတွင်း ဦးစီးဌာနအချင်းချင်း၊ နေပြည် တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ ကုသရေးနဲ့ ပြည်သူ့ ကျန်းမာရေးဌာနတွေ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်နိုင်မှု အပိုင်းမှာ ဖြစ်စေ၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနနဲ့ ပြည်နယ်/တိုင်း ဒေသကြီး အစိုးရအဖွဲ့တွေအကြားမှာ ဖြစ်စေ၊ ဗဟို အစိုးရအဖွဲ့အတွင်း ပြန် ကြားရေးနဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကြားမှာဖြစ်စေ ကွက်လပ် တွေက များလှပါတယ်။

လုပ်သင့်လုပ်ထိုက်တာကို အချိန် နဲ့တစ်ပြေးညီ မလုပ်နိုင်ကြတဲ့ အခါမှာ လုပ်နိုင်စွမ်း မရှိလောက်သေးတဲ့အခါ သတင်းကိုအချိန်နဲ့ တစ်ပြေးညီမထုတ် ပြန်နိုင်တော့။ အဲဒီအချိန်မှာ လွဲမှားတဲ့ သတင်းရင်းမြစ်တွေကနေ လွဲမှားတဲ့သ တင်းအချက်အလက်တွေ ပြည်သူ့ အကြားစီးဆင်း သွားလေ့ရှိပါတယ်။ အဓိပ္ပာယ် သေချာမသိဘဲ တလွဲအဓိ ပ္ပာယ်တွေ ကောက်ယူလို့ ဖြတ်ညှပ်ကပ် တတ်တဲ့ ကျင့်ဝတ်မညီတဲ့အချို့ မီဒီယာ တွေကြောင့် ပြည်သူ့အကြား လွဲမှား နားလည်မှုတွေဖြစ် သတင်းအဆိပ် သင့်ပြီး ထင်ယောင်ထင်မှားတွေ ဖြစ်ကြ ရတတ်ပါတယ်။

အဲသည်အတွက် တိကျတဲ့ရင်းမြစ် တွေက သေချာတဲ့သတင်းအချက်လက် တွေကိုအချိန်နဲ့ တစ်ပြေးညီမဆိုင်းမတွ ထုတ်ပြန်ကြေညာပေး နိုင်ကြဖို့ရာလည်း အဲသည်ဖြစ်စဉ်က သတိပေးပါတယ်။

H5N1ထိန်းချူပ်နိုင်ပြီ /ထိန်းချူပ်နိုင်လုနီးကိစ္စတနင်္သာရီတိုင်းအစိုးရအဖွဲ့က ကြက် ငှက်တုပ်ကွေးကို ထိန်းချုပ်လိုက်နိုင်ပါပြီ လို့ ထုတ်ပြန်ပြီး တိုင်းဒေသကြီး တိမွေး /ကုဖက်က ကြက်ငှက်တုပ်ကွေးရောဂါ ကို ထိန်းချုပ်နိုင်လုနီး အခြေအနေရှိပြီလို့ ဖြေတယ်။ အဲဒီဖြေဆိုချက်တွေမှာ ဘယ် သူမှန်လို့ ဘယ်သူမှားလဲဆိုတာသိလို တယ်လို့ မိတ်ဆွေတစ်ယောက်က မေးပါ တယ်။ တိမွေး/ကုရဲ့ဖြေကြားချက် အသေးစိတ်ကိုလည်း သတင်းထဲမှာ တွေ့ ရပါတယ်။

ကြက်ငှက်တုပ်ကွေး နောက်ဆုံး တွေ့တဲ့ ဩဂုတ်လ ၃ ရက်ကနေစပြီး နောက် ၂၁ ရက်ကို စောင့်ကြည့် ကာလ သတ်မှတ်ရမယ်။ ရောဂါပိုး ထပ်မတွေ့မှ ကြက်တုပ်ကွေး ကူးစက်မှုကို ထိန်းချုပ် နိုင်ပြီဖြစ်ကြောင်း အတည်ပြုကြေညာရ မယ်။ ရောဂါကင်းစင်ကြောင်း ကြေညာ ပြီး ရက်ပေါင်း ၉၀ ပြည့်မှသာ ကြက်၊ ဘဲများပြန်လည် မွေးမြူခွင့်ပြုရမယ်။ သည်တော့ တိမွေး/ကုဌာနရဲ့ ပြောကြား ချက်ကပိုလို့ သဘာဝကျပါတယ်လို့ ဖြေ ချင်ပါတယ်။

အကြောင်းသင့်လို့ ပြောကြရရင် အတတ်ပညာရှင်တွေရဲ့ အကြံပေးမှုမပါ ဘဲ၊ ကြက်တွေမှာ ကြက်ငှက်တုပ်ကွေး ကူးစက်မှု မတွေ့ကြရတဲ့ မြို့နယ်တွေမှာ ကြက်သားနဲ့ ကြက်ဥ ပိတ်ပင်တာမျိုးက ဒေသတွင်း မလိုလားအပ်တဲ့ လူမှုစီးပွား ထိခိုက်နစ်နာမှုအပြင် ထိခိုက်ဆုံးရှုံးမှုတွေ လည်း များစွာခံစားကြရပါတယ်။ ပိုဆိုး သွားတာက ရောဂါပိုးကူးစက်မှုနဲ့မဆိုင် တဲ့ ဝက်သားကိုပါ ပိတ်ပင်ခဲ့လေတော့ အဲသည် ကာလတွေမှာ လူမှုစီးပွားရေးကို ထိခိုက်မှုများခဲ့ ကြပါတယ်။

အထိခိုက် ဆုံးက အောက်ခြေ လူတန်းစား ဆင်းရဲ သား နင်းပြားတွေပါပဲ။ အဲသည်တော့ ပိတ်ပင်ဖို့ လိုအပ်တာကိုရော၊ ပိုးမွှား ကင်းစင်ကြောင်း ကြေညာတာတွေမှာပါ သက်ဆိုင်ရာ ပညာရှင်တွေရဲ့ အကြံပေး ချက်ကို ရယူသင့်ပါတယ်။ သို့မဟုတ် ပါက လူမှုစီးပွားမှာ ထိခိုက်နစ်နာစေမှု ကြုံလာကြရမှာဖြစ်ပြီး အဲသည် အကျိုး ဆက်ဟာ မည်သို့ပင် စေတနာနဲ့ ပြုမိ သည်ဖြစ်စေ လက်ရှိအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။

နောက်ထပ် ဆွေးနွေးစရာတစ်ခုက ရာသီ တုပ်ကွေးH1N1 ပါ။

H1N1 က ဘယ်လောက်ထိ ကူးနိုင်လဲတနင်္သာရီတိုင်းမှာ ထားဝယ်က လွဲလို့ အခြားမြို့နယ်တွေမှာ ရာသီ တုပ်ကွေး(H1N1 ) မတွေ့ကြရဘူး။ ဆို တော့ မရှိပါဘူး၊ မတွေ့ပါဘူး လို့ဆိုတဲ့ မြို့နယ်တွေမှာနေကြတဲ့ ကျွန်တော်တို့ တွေက မကြောက်ကြဘူး။

၂၀၀၉ ခုနှစ်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက နိုင်ငံအတော်များများမှာ လုပ်ခဲ့တဲ့ သုတေသန စစ်တမ်းအရ ရာသီတုပ်ကွေးက ဖြစ်ပြီဆို လူတစ်ရာမှာ ၂၀ အထိ ကူးစက် ပျံ့နှံ့နိုင်ပါတယ်လို့ ဆိုတယ်။ အဲသည်အချက်က လတ်တ လော ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ချက်ကိန်း ဂဏန်းတွေနဲ့ မစပ်ဟပ်ပါ။ သည်စစ်တမ်းအရဆို ရာသီတုပ်ကွေးက အလွန်အမင်းထိတ်လန့်စရာ ဖြစ်နေမှာပေါ့။ ဥပမာ လူဦး ရေ တစ်သိန်းမှာ ရောဂါကူးစက်နိုင်သူက နှစ်သောင်းအထိ ရှိနိုင်ဆိုတော့ အလွန်အမင်း ဒွိဟဖြစ်စရာဖြစ်မနေပေဘူးလားလို့ ဆိုတဲ့အမေးပါပဲ။

အဲသည်အချက်ကတော့ ရှင်းပါတယ်။ ရာသီတုပ်ကွေးလို့ခေါ်တဲ့ Influenza အကြောင်း ဂဃနဏသိရင် ရှင်းပါတယ်။ ရာသီတုပ်ကွေးဆိုတဲ့အတိုင်း ရာသီဥတု အကူး အပြောင်းမှာ ဖြစ်တတ်တဲ့တုပ်ကွေးဖြစ်လို့ စာဖတ်သူကိုယ်တိုင်ဖြစ်ခဲ့နိုင်ရုံမက ဖြစ်ပြီး၊ ဖြစ်ဆဲ ၊ ဖြစ်လတ္တံ့ သူတွေ အနီးပတ်ဝန်းကျင်မှာ ရှိနေကြတယ်။ ချောင်းဆိုးမယ်၊ တစ်ကိုယ်လုံး ရိုက်ခံထားရသလို နာ ကျင်ပြီး ဖျားမယ်ဆိုတဲ့ လူတိုင်းဟာ ရာသီတုပ်ကွေးသံသယရှိသူအဖြစ်တွေးရင် ဒွိဟဖြစ်စရာမှ မလိုအပ် တော့ပါဘူး။

ကျွန်တော်တို့တွေ ချောင်းဆိုးတယ်၊ ဖျားတယ်။ အချို့က အိမ်မှာ ဆေးမြီးတိုနဲ့ ကုတယ်၊ အချို့က ဆိုင်က ပဋိဇီဝဆေးဝယ်သောက်တယ်၊ အချို့ကနီးစပ်ရာ ဆေးခန်းတွေမှာ ကုသပျောက်ကင်းတယ်။ အချို့ကမှ ဆေးရုံတက်လာပြီး အသေအချာ ပိုးတွေစစ်ဆေးကြတာ ဖြစ်လေတော့ အဲသည် ရပ်ကွက်၊ ကျေးလက်အထိ ဖြစ်နေမဲ့ ပိုးကူးစက်နေသူတွေ ဦးရေအမှန်ကို မသိနိုင်ကြဘူး။ ဆေးရုံအခြေပြုစစ်ဆေး တဲ့ ကိန်းဂဏန်းတွေသာဖြစ်လို့ အမှန်အကန်ရှိနေနိုင်တဲ့အနေအထားကို ကိုယ်စားမပြုနိုင်ပါ။

စာဖတ်သူရော၊ ကျွန်တော်တို့တွေပါ ရာသီအပြောင်းမှာ ချောင်းဆိုးအအေးပတ် ဖျားနာဖူးရင် အဲ သည် ရာသီတုပ်ကွေးဟာ ကူးစက်နှင့်ပြီး ပြန်လည်လို့သက်သာလာပြီး ဖြစ်နေနိုင်တယ်ဆိုတာကို သိရင်၊ ရာသီတုပ်ကွေး H1N1ဆိုတာ ကျွန်တော်တို့နဲ့ မဝေးဘူးဆိုတာသိရင် သတိထားလာကြ လက်သင့်ခံ လာကြမှာ မလွဲပါ။

ဒီတုပ်ကွေးကိစ္စမှာ သတင်းအချက်အလက် ထုတ်ပြန်မှု၊ လူထုနားလည် အသိပညာပေးမှု ကိစ္စတွေ အတော် တွေးဆဆင်ခြင်စရာ ဖြစ်ခဲ့ပါတယ်။
ဘယ်ဖြစ်စဉ်မှာမဆို မှန်ကန်မြန်ဆန်တဲ့ သတင်းအချက်အလက်ကို ထိထိရောက်ရောက် ပြည်သူကို ပေးပါမှသာ သတင်းအမှားတွေနဲ့ ဒွိဟယုံမှားမှုတွေကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အဲသည်အတွက် လိုအပ်နေတဲ့ ကွက်လပ် တွေကို ပြင်ဆင် ဖြည့်စွက်ဖို့ လိုအပ်လာပြီ ရယ်လို့ သိမြင်ပြီး ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနဘက်ကလည်း ဝန်ကြီးဌာနအလျောက် လုပ်သင့်တာတွေလုပ်ဖို့ လိုအပ်သလို မီဒီယာတွေ ဘက်ကလည်း သင်ယူလေ့လာလိုစိတ်နဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေ ရိုးရိုးသားသား ပေးလို စိတ်ရှိလာဖို့ လိုအပ်လာတယ်။

အစိုးရအဖွဲ့တွေဘက်ကလည်း သက်ဆိုင်ရာပညာရှင်တွေဆီက ပညာရပ်ဆိုင်ရာတွေအပေါ် လေးလေးစားစား ပါးပါးနပ်နပ်ချဉ်းကပ်သင့်ကြောင်းသည် H1N1နဲ့ H5N1အဖြစ်တွေက ပြညွှန်လို့ နေပါတယ်။
ကိုရိုးဆေး