ကညနလုပ်ငန်းအတွက် ကျသင့်ငွေထက် ပိုတောင်းက တိုင်းဦးစီးမှူးထံ တိုင်ပါ

0
501

မော်တော်ယာဉ်၊ ဆိုင်ကယ် အစ ရှိသည့် ယာဉ်နှင့် ပတ်သက်သည့် ကညနလုပ်ငန်းများအတွက် ကျသင့်ငွေ ထက် ငွေကြေးပိုမို တောင်းခံပါက တိုင်းဦးစီးမှူးထံ တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီးကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) တိုင်းဒေသကြီး ဦးစီးမှူးက ပြောကြားသည်။

ယာဉ်နှင့် ပတ်သက်သည့် လုပ်ငန်း များ ဆောင်ရွက်ရာတွင် ကျသင့်ငွေထက် ပိုမိုတောင်းခံခြင်းမပြုရန် ညွှန်ကြား ထားပြီး ကျေနပ်မှု မရှိပါက ဝင်ရောက် မေးမြန်းတိုင်ကြားနိုင်ကြောင်း ကညန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။

“ဝန်ထမ်းက တောင်းနေပြီဆိုရင် ပြည်သူက သူဟာသူ မကျေနပ်ရင် တိုင်ပေါ့၊ တိုင်တယ်ဆိုရင် ထိထိ ရောက်ရောက် တိုင်ဖို့လိုတာပေါ့နော်၊ ထိထိရောက်ရောက် အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ တိုင်ပေါ့”ဟု ဦးထင်ပေါ် က ဆိုသည်။
ကျသင့်ငွေကြေးထက် ပိုမိုတောင်း ခံပါက ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများ အရ အရေးယူသွားမည်ဖြစ်ပြီး ဝန်ထမ်း များ၏ ဝန်ဆောင်မှုကို ကျေနပ်သော ကြောင့် ကာယကံရှင်က စေတနာဖြင့် မုန့်ဖိုးပေးသွားသည့်ကိစ္စကိုမူ မပြောလို ကြောင်း ၎င်းက ပြောသည်။

ယခင်က ဆိုင်ကယ်သက်တမ်းတိုး ရာတွင် ကျသင့်ငွေထက် ပိုမိုတောင်းခံ သည်ဟု သံသယရှိသော်လည်း အချိန် ကြာမြင့် နိုင်ခြင်းနှင့် မည်သူ့ထံ သွား ရောက်တိုင်ကြားရမှန်း မသိခြင်းကြောင့် တောင်းသည့်အတိုင်း ပေးဆောင်လိုက်ရ ကြောင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက် နေ ဦးသန်းဇော်လေးက ပြောသည်။
“အခုတော့ ဒီလိုမျိုး တိုင်းဦးစီးမှူးနဲ့ ဝင်ပြောခွင့်ရမယ်ဆိုရင်တော့ ဝင်ပြော မိမှာပဲ”ဟု ဦးသန်းဇော်လေးက ဆိုသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဇွန်လအတွင်းက ယခင်တိုင်းဦးစီးမှူး အပါအဝင် ကညနဝန်ထမ်း ၂၇ ဦးကို ၎င်းတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများ အပေါ် မသမာမှု၊ အလွဲသုံးစားမှုများ နှင့် ပတ်သက်နေသည့်အတွက် အရေးယူ အပြစ်ပေးခဲ့ဖူးသည်။