သက်ဝင်ယုံကြည်မှု တချို့ကို ငြင်းခုံကြည့်ခြင်း

0
560

ရာသီတုပ်ကွေးက လူအများကို ထိတ်လန့်နေစေသောအခါ သမယ။ မိုးဖွဲဖွဲကြား အိမ်ရှေ့သို့ ထီးမပါ ခြေလျင် ရောက်လာကြသော ကျွန်တော့်အသိ ခြံ စောင့်လင်မယား။ နို့စို့ကလေးကို မိခင်က ချီထားပြီး၊ ငါးနှစ်အရွယ်နို့ညှာကလေးကို ဖခင်က လက်ဆွဲလျက် မိုးများစိုရွှဲနေကြပါ သည်။
ကိစ္စကိုမေးကြည့်ရာ သူ၏နို့ညှာ ကလေး နေမကောင်းဖြစ်ပြီး အစာမစား ဘဲတရှောင်ရှောင် ဖြစ်နေကြောင်း ဖြေ သည်။ ကျွန်တော်က “ဆေးခန်းလာပြတာ လား” ဟု မေးရာ သူတို့လင်မယားက အောက်ပါအတိုင်း မဝံ့မရဲ ဖြေပါသည်။

“ပယောဂဆရာဆီ သွားဖို့”
အံ့ဩမိသည်လား ဖော်မပြတတ် သော ခံစားမှုဖြင့် ကျွန်တော် ခဏဆွံ့အ သွားပါသည်။ ဆရာဝန်နှင့် အရင်ပြပြီးမှ သွားပါလားဟု ကျွန်တော် ထပ်တိုက်တွန်း သော်ငြား နားထောင်ချင်ပုံမရပါ။

“ဟုတ်ကဲ့” ဆိုသော စကားကို အားနာသောမျက်နှာဖြင့် ဆိုပြီး မိုးဖွဲဖွဲ ကြားမှာ ကလေးတစ်ယောက်ကိုချီ၊ နောက်တစ်ယောက်ကို လက်ကဆွဲလျက် ထွက်ခွာသွားတော့သည်။
သူတို့ယုံကြည်ရာလမ်းကို လျှောက် သွားကြပုံများ တက်ကြွ လွန်းလေသလား။ ပယောဂဆရာတစ်ယောက် ပယောဂ ဆိုပြီး ကလေးငယ်များကို နင်းသတ်သော မှုခင်းသတင်း တလောကပင် ဖတ်မိသေး ပါသည်။

(၂)
ပြီးခဲ့သောရက်ပိုင်းက ရွာထဲကလူ တစ်ချို့တစ်ဇွန်းဆေးသောက်သွားရန် ဆိုပြီးလူစုနေကြ၏။ ဘာလဲ တစ်ဇွန်း ဆေး မေးကြည့်မိသည်။ သိသူတစ် ယောက်က တနင်္သာရီတိုင်းမှ မိုင်ရာချီဝေး သော ပြည်နယ်တစ်ခုရှိ ပုဂ္ဂိုလ်တစ်ဦး၏ ဆေးတစ်ဇွန်းအစွမ်းကို အားပါးတရပြော ပါသည်။ သူ့ဆေးတစ်ဇွန်းကိုသောက် လျှင် ခြောက်လအတွင်း ဘာရောဂါမှ မဖြစ်နိုင်တော့ဟု ဆိုသည်။ သောက်နေ ကျ အနောက်တိုင်းဆေးများလည်း ခြောက်လအတွင်း သောက်စရာမလို တော့။ ဆိုချင်သည်က ခြောက်လအတွင်း ရောဂါမဝင်၊ မသေနိုင်တော့ဆိုသည့် သဘော။

ထားဝယ်ဒေသက လူစုပြီး ကားကြီး ကားငယ်နှင့်သွားနေကြသည်မှာ ကျော် လို့၊ ကြားလို့၊ စည်ကားလို့ ဆိုပါ၏။
ထိုတစ်ဇွန်းဆေးကို ကိုယ်တိုင် သွားသောက်ခဲ့ဖူးသော အဖွားတစ်ဦးနှင့် တစ်နေ့ဆုံမိပြီး မေးကြည့်ရာ ပျားရည် လိုလို ချိုပြပြအရည်တစ်ဇွန်းကို လာသမျှ လူအားလုံးကို ဇွန်းတစ်ချောင်းတည်းနှင့် တိုက်ကျွေးသည်ဆို၏။
“ရောဂါ ကောင်းရောလားအဘွား” ဟု မေးကြည့်သည်။

ထိုအဘွားက ပထမတွင် တစ်ဇွန်း ဆေးသောက်ပြီး သောက်နေကျ အင်္ဂလိပ် ဆေးများ မသောက်ဘဲ နေကြည့်သည်၊ နောက်ပိုင်း ခေါင်းမူးပြီး အရင်ရောဂါ လက္ခဏာများ ပြန်ခံစားလာရသဖြင့် ယခု ဆေး ပြန်သောက်နေရသည်ဟူ ဖြေပါသည်။
တစ်ဇွန်းဆေးသောက် သွားခဲ့ဖူး သော နောက်ထပ် အဒေါ်ကြီးတစ်ယောက် ကိုတွေ့စဉ် မေးကြည့်မိပြန်၏။
“ကျွန်မမှာ ပန်းနာရင်ကြပ်ရှိတယ်၊ အခုဆေးသောက်ပြီး သက်သာသလို ဖြစ်တယ်၊ စိတ်ကြောင့်ထင်ပါတယ်” တဲ့။

ကျန်းမာခြင်းဆိုသည်မှာ ကိုယ်ရော စိတ်ပါကျန်းမာမှဟု ဆိုထားရာ လူစုလူ ဝေးနှင့် အဝေးကိုခရီး ထွက်လိုက်ရခြင်း ကြောင့် စိတ်လက်ပြေပျောက်သွားလေ သလား။ သို့တည်းမဟုတ် သက်ဝင်ယုံ ကြည်ရာကို လုပ်လိုက်ရ၍ စိတ်ထဲရှင်း သွားလေသလား။ အတွေးများစွာ။
တစ်ဇွန်းဆေးဖန်တီးရှင်က သူ့တွေ့ ရှိချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ တင်ပြပြီး သုတေသနလုပ်လိုက်လျှင် နိုဘယ်လ်ဆုများပင် ရသွားနိုင်သေး။
တစ်ဇွန်းဆေးသောက်လျှင် ခြောက် လ အသက်ရှင်ရောဂါကင်းလျှင် ခြောက် လတိုင်း ဆေးတစ်ဇွန်း သောက်သွား လျှင်ဖြင့် ကျန်းမာရေးဌာနများ၊ ဆရာဝန် များ မလိုတော့ပြီလား။ မေးခွန်းများစွာ။

(၃)
ရုရှားနိုင်ငံ၏ နောက်ဆုံးမင်းဆက် ဇာဘုရင်လက်ထက်တွင် ပေါ်ပေါက်ခဲ့ သည့် ဘုန်းကြီးယောင်ယောင်၊ ဘိုးတော် ယောင်ယောင်၊ ပျောက်စေဆရာ ယောင်ယောင် ပုဂ္ဂိုလ်တစ်ဦးအကြောင်း သတရမိသည်။ အမည်က ရပ်စပြူတင် (Gregori Efimovitch Rasputin)။
ရပ်စပြူတင်သည် ငယ်စဉ်ကတည်း က မည်သည့်ပညာမျှ ဟုတ်ဟုတ်ငြားငြား မသင်ခဲ့ရ။ အသက်မွေးဝမ်းကျောင်းနိုင် မည့် အတတ်ပညာဟူ၍လည်း မည်သည့် ပညာမျှ မတတ်။

ကလေးသုံးယောက်အဖေ အိမ် ထောင်သည်တစ်ဦးဖြစ်လာသော်လည်း အလုပ်မယ်မယ်ရရမရှိ။ ခြေသလုံး အိမ်တိုင်ပြုကာ နေရေး၊ စားရေး အစဉ် အမြဲ မပြေလည်။ သို့ကြောင့် သူသည် နေစရာနှင့် စားစရာရှိသော ဘုန်းကြီး ကျောင်းများ၌ တစ်ကျောင်းပြီး တစ် ကျောင်းပြောင်း၍ လှည့်လည်နေထိုင် သည်။ သူနှင့်တွေ့သော ဧည့်သည်များက သူ့အလုပ်အကြောင်းမေးသည့်အခါ နာမကျန်းဖြစ်နေသော သူများအား ဘုရားသခင်ထံ ဆုတောင်းပေးသော နည်း ဖြင့် ဆေးဝါးကုသပေးသည်ဟု ပြော သည်။

၁၉၀၅ ခုနှစ်ထဲတွင် သူသည် ကိဗ်(Kiev) မြို့ရှိ စိန့်မိုက်ကယ် ဘုန်းကြီးကျောင်း၌ရောက်နေစဉ် ဘုရား ဖူးများဖြစ်သော မြို့စားကတော်နှစ် ယောက်နှင့် တွေ့ဆုံမိကြသည်။ ထိုမြို့စား ကတော်တို့က သူတို့၏တူတော် မောင် ဇာနီကိုလပ် ဘုရင်၏ ပဉ္စမမြောက်သား ခံစားနေရသော သွေးမတိတ်ရောဂါ (Hamophilia)ကို ကုသခိုင်းသည်။
ရက်စပြူတင်က ဆုတောင်းကုသမှု ပြုရာ လူနာ၏အခြေအနေသည် သက် သာသွားသည်။ တိုက်ဆိုင်သည်လော၊ နဂိုကတည်းက ကုသခဲ့သော ယခင်သမား တော်များ၏ ဆေးစွမ်းကြောင့်လော မစူးစမ်း။ လူနာ၏မိခင် ဇာရီနာမိဖုရား ကြီးကတော့ သူ့ကို ဆေးဆရာအဖြစ် အရူးအမူး ယုံကြည်သွားတော့သည်။

ထိုနောက်တွင် ရပ်စပြူတင် ဆေး ဆရာတစ်ယောက်အဖြစ် အောင်မြင်မှုက ကြောက်ခမန်းလိလိ ကြီးမားလှ၏။ သူ၏လက်ဖြင့် ထိတွေ့မှုခံယူပြီး ကောင်း ချီးပေးမှုကို ခံယူလိုသော အထက်တန်း လွှာမှ အမျိုးသမီးအများအပြားသည် နာရီပေါင်းများစွာ တန်းစီပြီးစောင့်ကြရ သည်အထိ။
ဘုရင့်မိဖုရားကြီး၏ ယုံကြည်မှုကို ရရှိထားသော ရပ်စပြူတင် မကြာမီ ထင်ရာစိုင်းတော့သည်။ သူ့နောက်လိုက် အများစုမှာ အထက်တန်းလွှာမှ မိန်းမ များဖြစ်၍ သူကသူ့နောက်လိုက်များကို အရက်ကို မူးရူးအောင်သောက်ရန်နှင့် ကာမရာဂကို လိုသည်ထက်ပိုလိုက်စားရန် ဟောကြားညွှန်ပြသည်။ သူကိုယ်တိုင် လည်း အရက်အမြဲမူးနေပြီး ကာမကိစ္စကို အတင့်ရဲစွာ ကျူးလွန်သည်။ ရုရှားနိုင်ငံ ၏ လူ့အဖွဲ့အစည်းရှိလူတန်းစားအလွှာ အသီးသီးကလည်း မိဖုရားကြီး ဩဇာ ကြောင့် ရပ်စပြူတင်၏ အပြုအမူအကျင့် အကြံများကို မပြောရဲကြ။ ရပ်စပြူတင်ကို ဝေဖန်ပါက ထိုသူသည် အဖမ်းခံရနိုင်သည်။

ထိုအချိန်အခါ၌ အောက်စဖို့ဒ် တက္ကသိုလ်ဘွဲ့ရ မင်းသားဖိလစ် ယူဆူ ပေါ့သည် ရပ်စပြူတင်ခိုင်းသမျှ လိုက် လုပ်နေသော မိဖုရားကြီး၏ လုပ်ရပ်များ ကြောင့် နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးပျက်ပြားသွားမည်ကိုမလိုလား။ သူ့ဇနီး ကိုလည်းရပ်စပြူတင်၏ ပယောဂအောက် သို့ ကျရောက်သွားမည် စိုးသည်။
နောက်ဆုံး ၁၉၁၆ ခုနှစ်တွင် မင်းသားဖိလစ်ယူဆူပေါ့က ရပ်စပြူ တင်ကိုလုပ်ကြံလိုက်တော့သည်။ တန်ခိုး ထွားကာ မှောက်မှားနေသော ပရောဂ ဆရာအား ခေတ်ပညာတတ်တစ်ဦးက ရဲရင့်စွာ တစ်ခန်းရပ်စေခဲ့ခြင်းသည်။ ယင်းကမျက်မှောက်ကာလနှင့် နှစ်တစ်ရာ ဝန်းကျင်သာ ကွာသေးသည်။ ရုရှားနိုင်ငံ ၏ပယောဂဆေးဆရာနှင့် သက်ဝင် ယုံကြည်မှုဆိုင်ရာ အဖြစ်အပျက်တစ်ခုနှင့် တွေးဆစရာများ..။

(၄)
ပယောဂဆရာနှင့် ဆေးကုခြင်း၊ သတ္တဝါများကို ကယ်တင်လို၍ တစ်ဇွန်း ဆေးကဲသို့ အလားသဏ္ဌာန်တူ ခေါင်းစဉ် များတပ်၍ ဆေးကုသခြင်း.. စသည်တို့ကို လွတ်လပ်သော သက်ဝင်ယုံကြည်မှုဆိုင် ရာအတွေးအခေါ်များဟု လက်ခံကြမည် လား။

လူသားတို့သည် သေမည်၊ နာမည် ကို ကြောက်တတ်ကြသည်ဖြစ်၍ ထိုအရာ တို့နှင့်ခြောက်လျှင် ကြောက်တတ်သည် လား။ လောဘနှင့်မကင်းသော လူသား တို့အတွက် လာဘ်လာဘတစ်ခုခုနှင့် မက်လုံးပေးလျှင် ကောက်ကောက်ပါ အောင် လိုက်ကြမည်လား။ အကြောင်း အကျိုး၊ ယုတ္တိတန်၏၊ မတန်၏ မစဉ်း စားတော့ဘဲ သူတပါးပြောတိုင်း ယုံပြီး လိုက်လုပ်ကြတော့ မည်လား..။ မေးခွန်း များနှင့် ငြင်းခုံနေမိပါသည်။

ကျန်းမာရေးနှင့်ပတ်သက်၍ မသေ သော၊ မနာသောဆေးများဟု ဆိုလျှင်ဖြင့် တစ်ဇွန်းဆေးကဲ့သို့သော ဆေးအမည်ခံ များကို သုတေသနအထောက်အထား မရှိဘဲလူတချို့ ယုံကြည်နေပေဦးမည် လော မသိပါ။
သေချာသည်မှာ မြန်မာနိုင်ငံ၌ နိုင်ငံတော်က လိုင်စင်ထုတ်ပေးထားသော ဆရာဝန်များ၊ တိုင်းရင်းဆေးဆိုကလည်း တိုင်းရင်းဆေးနှင့်ပတ်သက်သော လက်မှတ် အထောက်အထားနှင့် ဆရာများသာ ဆေးကုသခွင့်ရှိသည်ဟု သိထားပါသည်။

အုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း မိမိတို့ပတ်ဝန်း ကျင်တွင် ဖြစ်ပေါ်နေသော အထောက် အထား မရှိဆေးကုသခြင်းများ၊ ပယောဂ ဆရာများကို တစ်ခုခုကြပ်မတ်ဖို့ လိုနေပြီ ဟု ထင်ပါသည်။
ရုရှား နောက်ဆုံးမင်းဆက်လက် ထက်ကလူတချို့ရပ်စပြူတင်ကို ကြောက် သကဲ့သို့ နေကြလျှင်ဖြင့် ကျွန်တော်တို့ သည် ကျောက်ခေတ်ကို ပြန်ရောက် သွားပြီး မီးကိုကြောက်ရ၊ ရေကို ကြောက် ရ၊ မြင်မြင်သမျှကို ကြောက်ပြီး သက်ဝင် ယုံကြည်ကြရသောခေတ်မျိုးတွင် မျိုး ဆက်သစ်တို့ကို ထားခဲ့ရမည် ဖြစ်ပါ ကြောင်း။

Ref; မောင်ထွန်းသူ- နိုင်ငံတကာ လုပ်ကြံမှုကြီးများ