နေစရာ မြေတစ်ကွက်၊ ခြံတစ်ဝင်း အိပ်မက်

0
501

မည်သည့် အာမခံချက်မျှ မရှိမှန်း သိသော်လည်းထားဝယ်မြို့ပေါ်မှ ကိုသန်းဇော်လေးမြို့ပြင်တွင် မြေတစ် ကွက် အရဲစွန့် ဝယ်ထားသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိုးလုပ်ရပ်ကွက်ရှိ ကိုသန်းဇော်လေး အပါအဝင် တနင်္သာရီတိုင်းဒေသကြီး အတွင်း အိမ်ထောင်စု လေးပုံတစ်ပုံနီး ပါးမှာ အိုးပိုင်အိမ်ပိုင် မရှိကြ။
ကိုယ်ပိုင်အိမ် ငတ်မွတ်သူများမှာ မြို့ပြင်တွင် အကွက်ရိုက်ရောင်းမည်ဟု သတင်းထွက်လာသည်နှင့် စွန့်စားဝယ် ကြတော့သည်။

(၁)
ဦးမင်းထွေးမှာ ထားဝယ် စိုက်ပျိုး ရေးသိပ္ပံကျောင်းလမ်းရှိ ရော်ဘာခြံ ၃ ဧကအား အိမ်ရာမြေကွက်ဖော်ဆောင် ရောင်းချရန်အခြားနည်းအသုံးပြုခွင့် လျှောက်ထားလျက်ရှိသည်။ ထိုသို့ လျှောက်ထားနေစဉ် အတွင်း မြေကွက် ဝယ်ယူရန် မေးမြန်းစုံစမ်းသူထောင်ချီ ရှိနေကြောင်း ယင်းရော်ဘာ ခြံပိုင်ရှင် ဦးမင်းထွေးက ဆိုသည်။

စုံစမ်းမေးမြန်းသူ ဦးရေပမာဏမှာ ရောင်းချနိုင်သည့် မြေကွက်အရေအတွက် ထက် ၄ ဆ ခန့် ပိုများနေကြောင်း ဦး မင်းထွေးက ပြောသည်။
“ဝယ်ဖို့မေးမြန်းစုံစမ်းလာတဲ့ အခြေအနေအရဆို ထားဝယ်မြို့အနီး တစ်ဝိုက်မှာတောင် အိမ်ယာမြေကွက် သောင်းချီလိုအပ်နေတယ်” ဟု ဦးမင်း ထွေးက ပြောသည်။

၁၉၈၃ ခုနစ်တွင် ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်း တွင် လူဦးရေ ကိုးသိန်းကျော်သာ ရှိခဲ့ သော်လည်း ၂၀၁၄ ခုနစ် သန်းခေါင် စာရင်းအရ လူဦးရေ ၁၄ သိန်းကျော် ရှိလာသည်။နှစ် ၃၀ ခန့်အတွင်း တနင်္သာရီ တိုင်း၌ လူဦးရေ ၅ သိန်း တိုးလာခြင်း ဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်း တွင် အိမ်ထောင်စုပေါင်း နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး ၎င်း အနက်မှ အိမ်ထောင်စုပေါင်း ခြောက် သောင်းခွဲကျော်မှာ ကိုယ်ပိုင်အိမ် မရှိကြ ချေ။ ထိုစာရင်းတွင် ရွှေ့ပြောင်းလုပ် သား အိမ်ထောင်စုများ မပါဝင်သေးပေ။

ကိုယ်ပိုင်အိမ်မရှိသူများသည် အိမ်ငှား၍သော်လည်းကောင်း၊ မိဘ၊ ယောက္ခမ၊ ဆွေမျိုး၊ မိတ်ဆွေများ ထံတွင် လည်းကောင်း၊ အစိုးရဝန်ထမ်း အိမ်ရာနှင့် ပုဂ္ဂလိက ဝန်ထမ်းအိမ်ရာ တို့တွင် နေထိုင်ကြသည်။

အသက် ၄၀ ဝန်းကျင်ရှိ ဦးသန်း ဇော်လေးကမူ ယောက္ခမအိမ်တွင် နေထိုင်သူ ဖြစ်သည်။
မြေကွက်ဝယ်ယူရန် စုံစမ်းလာသူ များမှာ အိမ်ငှားနေထိုင်သူများ၊ ဌာန ဆိုင်ရာ အဆင့်ဆင့်သော ဝန်ထမ်းများနှင့် မြေကွက်နှင့်နီးစပ်ရာ ကျေးရွာသားများ အပြင် ထိုင်းနိုင်ငံရောက်နေသူများလည်း အများစု ပါဝင်ကြောင်း ဦးမင်းထွေးက ပြောသည်။

“လူတိုင်းမှာ မြေတစ်ကွက် အိမ် တစ်ဆောင်တော့ အိမ်မက်မက်ခွင့် ရှိ တယ်၊ အစိုးရဖော်ဆောင်ထားတဲ့ မြို့ သစ်စီမံကိန်းမြေကွက်တွေရဲ့ တန်ဖိုး ကလည်း လူလတ်တန်းစားတွေတောင် မနီးစပ်နိုင်တဲ့ တန်ဖိုးတွေဖြစ်နေတယ်” ဟု ဦးမင်းထွေးက ပြောသည်။
“လက်ရှိအနေအထားမှာ လူနေ ထိုင်ဖို့သင့်တော်တဲ့မြေယာတွေကို အခြားနည်းအသုံးပြုခွင့် (အိမ်ယာမြေ ဆောက်လုပ်ခွင့်) ရအောင် အမြန်ဆုံး လုပ်ပေးသင့်ပါတယ်”

ပြီးခဲ့သည့်နှစ်လခန့်မှစ၍ လောင်း လုံးမြို့နယ် စခန်းကြီးကျေးရွာအနီးရှိ ထားဝယ်စိုက်ပျိုးရေးသိပ္ပံသွားလမ်း နံဘေး ဝဲ၊ ယာ ရော်ဘာခြံမြေကွက်များ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည်။
လက်ရှိအကွက်ရိုက် ရောင်းချသူ များကအခြားနည်းအသုံးပြုခွင့် လျှောက် ထားဆဲတွင် ယင်းသို့အကွက်ရိုက် ရောင်းချကြခြင်းဖြစ်ပြီး ဝယ်သူအချို့က အရဲစွန့် ဝယ်ယူမှု ရှိခဲ့ကြောင်း စခန်းကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော် နီဝင်းက ပြောသည်။

ပေ ၄၀၊ ပေ ၆၀ နှင့် ပေ ၃၀၊ ပေ ၆၀ အကျယ် အသီးသီးရှိသော မြေတစ် ကွက်လျှင် ကျပ်၂၅ သိန်းမှ သိန်း ၅၀ ကြား ဈေးပေါက်ကာ ကနဦးစရံငွေ ၅ သိန်းမှ ၁၀ သိန်းကြား ပေးချေထားရပြီး မြေ ကွက်ပေါ်ချိန် ငွေ အပြီးချေရမည်ဟု အရပ်စာချုပ်ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း အရပ်အကျိုးဆောင်များထံမှ သိရသည်။
“မြို့ထဲက အခြားမြေကွက်တွေဆို ဒီဈေးနဲ့ ရမှာမဟုတ်ဘူးလေ၊ ဝယ်ဖို့ လည်း မတတ်နိုင်ဘူး”ဟု ဦးသန်းဇော် လေးက ပြောသည်။
မြေကွက်အတွက် စရန်ငွေပေးစဉ် ကတည်းက မည်သည့် အထောက်အထား မျှ ပေးအပ်ခြင်းမရှိသကဲ့သို့ မြေတန်ဖိုး အတွက် ငွေကြေး အပြေအကြေပေးချေပြီး ချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးလက် မှတ်ထိုးထားသည့် အရောင်းအဝယ် (အရပ်)စာချုပ်တစ်ခုနှင့် မြေပိုင်ဆိုင်မှု မိတ္တူတစ်စောင်သာ ရရှိထားကြောင်း သားသမီးနှစ်ဦးရှိသူ ၎င်းက ဆိုသည်။

ထားဝယ်မြို့၏ လူစိတ်ဝင်စားမှုအနည်းဆုံးရပ်ကွက်အတွင်း ပေ ၄၀၊ ပေ ၆၀ မြေတစ်ကွက်၏ တန်ဖိုးသည်ပင် သိန်းရာချီပေါက်ဈေးရှိသည်။
လက်ရှိတွင် အစိုးရက တန်ဖိုးသင့် အိမ်ရာ ရောင်းပေးသော်လည်း အနည်း ဆုံးဈေးနှုန်းမှာ သိန်းရာဂဏန်းရှိသည့် အတွက် လစာဝင်ငွေနှင့် အဆင်မပြေ သည်က တစ်ကြောင်း ခြံဝင်းမရှိသည်က တစ်ကြောင်းကြောင့် စိတ်မဝင်စားလှဟု ထားဝယ်မြို့ အစိုးရဝန်ထမ်းအိမ်ရာတွင် ငှားရမ်းနေထိုင်သည့် အထက်တန်းပြ ဆရာမတစ်ဦးက ဖွင့်ဟသည်။

“တန်ဖိုးနည်းမြေကွက် ဒါမှမဟုတ် အိမ်ရာတွေကို အစိုးရက အရစ်ကျစနစ်နဲ့ ရောင်းပေးမှပဲ ဝန်ထမ်းအများစု ဝယ်နိုင် မယ်လို့ထင်တယ်” ဟု ယင်းဆရာမက ပြောသည်။

(၂)
တနင်္သာရီတိုင်းတွင် လူဦးရေ အများဆုံး ခရိုင်မြို့ကြီးတစ်ခု ဖြစ်သော မြိတ်မြို့တစ်ဝိုက်တွင်လည်း မြေကွက် ရိုက် ရောင်းချမှုများ ရှိနေသည်။
အကွက်ရိုက်မြေကွက်များမှာ အလျား ၃၅ ပေ မျက်နာစာ အကျယ် ၃၀ ပေ ရှိပြီး နေရာဒေသအလိုက် တစ် ကွက်လျှင် အနည်းဆုံး သိန်း ၃၀ မှ အများဆုံး ၁၀၀ ကျော်အထိ ဈေးနှုန်းရှိ ကြောင်း အိမ်ခြံမြေ လုပ်ငန်းအသိုင်း အဝိုင်းမှ သိရသည်။

“လက်ရှိအနေအထားရ မြို့ပေါ်မြေ ကွက်ဈေးနှုန်းများလို့ မဝယ်နိုင်ဘူး၊ တန်ဖိုးလည်း သင့်တယ်၊ မြို့နဲ့မလှမ်းမကမ်းအနေထားဆိုတော့ သားသမီးတွေ နောက်ရေးအတွက် ကြိုဝယ်ထားတာပါ” ဟု မြိတ်မြို့နယ်၊ ပဲ့တိုင်ရွာနေ ဦးဝင်းစိုး က ပြောသည်။
၎င်း ဝယ်ယူထားသည့်မြေကွက် သည် မြိတ်မြို့မြို့ပတ် ၂ လမ်းရှိ ရွာသစ် ကျေးရွာအနီးတွင်တည်ရှိပြီး မြေအကျယ် မှာ အလျား ၃၀ အနံ ၃၅ ပေရှိပြီး တန်ဖိုး သိန်း ၂၀ ဖြင့် ဝယ်ယူထားသည်ဟု ဆို သည်။

ကော့သောင်းမြို့တဝိုက်တွင်မူ ထားဝယ်နှင့် မြိတ်တို့တွင် အရောင်း အဝယ်ပြုနေသည့် တန်ကြေးမျိုးဖြင့် မြေအကွက်ရိုက် ရောင်းချမှု ဟိုးလေး တကျော် မရှိဟု မြို့ခံအချို့ထံမှ သိရ သည်။

(၃)
မြန်မာနိုင်ငံ၏ အိုးအိမ် လိုအပ် ချက်ကို ဖြည့်ဆည်းရန် အိုးအိမ်အရေ အတွက် ၃ ဒဿမ ၈ သန်းခန့် အရေးတကြီး လိုအပ်လျှက်ရှိကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံရုံးခွဲ (UNFPA Myanmar) က ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။
ယင်းအတွက် အိုးပိုင်အိမ်ပိုင်မရှိသူ အချို့က အစိုးရ ကိုယ်တိုင် ကမကထပြု အိမ်ရာဖော်ပေးစေ လိုသည်။

“အစိုးရ ကိုယ်တိုင်လုပ်ပေးတော့ (မြေကွက်ရောင်းပေးတော့) အာမခံချက် လဲ ပိုကောင်းမယ်” ဟု ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်တွင် မိသားစု ၅ ဦးဖြင့် အိမ်ဌားနေထိုင်သူ အိမ်ထောင် ဦးစီးတစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းအတွင်းမှ အိမ်ယာ မြေကွက်ရရှိလိုသည့် အိမ်ထောင်စုများ အနေနှင့် မြို့နယ်အလိုက် စုပေါင်းလက် မှတ်ရေးထိုးကာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြနိုင်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

“အစိုးရက ပြည်သူမတောင်းဆိုဘဲ မြေကွက် လိုက်ဖော် လိုက်ရောင်းနေလို့ မရဘူး။ ပြည်သူတွေက တောင်းဆိုဖို့ လိုတာပေါ့၊ မတောင်းဆိုဘဲနဲ့တော့ ဘယ်လိုနည်းနဲ့မှ ပေးလို့ မရဘူး” ဟု ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။
အကယ်၍ ဒေသခံများက အိမ်ယာ မြေလိုအပ်ကြောင်း မြို့နယ်အလိုက်စု စည်းကာ တိုင်းအစိုးရအဖွဲ့ထံ တောင်းဆို လာပါက သင့်တော်သည့် မြေလွတ်မြေ ရိုင်းများတွင် လုပ်ထုံးလုပ်နည်းများနှင့် အညီမြေကွက်ဖော်ဆောင်မှုများ ပြုလုပ်ပေးနိုင်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

လက်ရှိအချိန်ထိမူ ဝန်ကြီးချုပ် ပြောကြားသကဲ့သို့ မြေကွက်ဖော်ဆောင် ပေးရေး စုပေါင်းတောင်းဆိုမှု မရှိသေး ပေ။
ပြည်သူတို့၏ မြေတစ်တကွက် အိမ်တစ်ဆောင် အိမ်မက်ကို အစိုးရမှ အကောင်အထည်ဖော်မည်ဆိုပါက ကြိုဆိုပြီး ပြင်ပခြံပိုင်ရှင်များ ရောင်းချနေ သည့် နှုန်းထားနှင့်တန်းတူ ရောင်းချပေး သင့်ကြောင်း ဦးမင်းထွေးက ပြောသည်။

“မြေပိုင်ရှင်နဲ့ အစိုးရ ပူးပေါင်းပြီး စံပြရပ်ကွက်တွေ၊ စံပြကျေးရွာတွေကို ဖော်ဆောင်စေချင်ပါတယ်”ဟု ဦးမင်း ထွေးက ပြောသည်။
တနင်္သာရီအပတ်စဉ်က စုံစမ်း မေးမြန်းရသမျှ ကိုယ်ပိုင်အိမ် မရှိသေး သူများက ကိုယ့်ခြံကိုယ့်ဝင်းဖြင့် နေလို သည့်အိမ်မက်ရှိကြောင်း ဖြေဆိုကြသည်။ အစိုးရ ဝန်ထမ်းများလည်း အလားတူ။

ထားဝယ် ဒေသအတွင်းရှိ အခန်း ငှားတန်းလျားများတွင်ပင် ငှားရမ်းနေ ထိုင်သူတို့ကို ထောက်ချင့်ခြင်းအားဖြင့် အိမ်ရာလိုအပ်ချက် မြင့်တက်နေသည်ကို သိနိုင်ပြီး တန်ဖိုးနည်း မြေကွက်ဖော် ဆောင်ခြင်းကို အစိုးရက ဝင်ရောက်ကိုင် တွယ်သင့်သည်ဟု ဆိုင်ကယ်အငှားယာဉ် မောင်းသူ အသက် ၄၀ ဝန်းကျင်ရှိ ဦးသန်းဇော်လေးက ထောက်ပြသည်။

ထားဝယ်မြို့ပေါ်ရှိ အစိုးရဝန်ထမ်း အိမ်ရာတစ်ခုတွင် ငှားရမ်းနေထိုင်သည့် အထက်တန်းပြ ဆရာမကလည်း သူ့အိပ် မက်ကို ဖွင့်ဟသည်။
“မြေကွက်ကိုပဲ စိတ်ဝင်စားတယ်၊ ခြံနဲ့ဝင်းနဲ့ပဲနေချင်တယ်၊ ကိုယ့်မိသား စုနဲ့ကိုယ် လွတ်လွတ်လပ်လပ် နေလို့ရ တာပေါ့”ဟု မိသားစု သုံးဦးရှိသည့် ၎င်းက ပြောသည်။