သီချင်းများဖြင့် တည်ဆောက်ထားသူ

0
663

အဆိုတော်တိုင်း နီးနီး “မိုက်”ကို ကောင်းစွာ ကိုင်တွယ်နိုင်သော “လက်” ပါကြသည်။ စတိတ်စင်ပေါ် မားမား ရပ် ရန် ခြေတစ်စုံလည်း ပါကြသည်။
လက်တို တစ်စုံသာရှိသည့် မြန်မာ သံစဉ်တေးသံရှင် “ပိုင်သက်ကျော်” သည် ပင် မိုက်ကို ကောင်းစွာ ကိုင်နိုင်သည်။ စင်ပေါ်မားမားရပ်ရန် ခြေထောက်တစ်စုံ ပါသည်။
ရန်ကုန်တွင်ပြုလုပ်မည့် မြန်မာ ငြိမ်းချမ်းရေးဂီတပွဲတော် ပြိုင်ပွဲတွင် မားမားမတ်မတ် ရပ်ရန်ပင် ခြေထောက် တစ်စုံ မရှိသူ၊ လက်တစ်စုံကလည်း မိုက် ကိုပင် ခိုင်မြဲစွာ မကိုင်နိုင်သူ လူငယ် တစ်ဦး ဝင်ရောက် ယှဉ်ပြိုင်ပါလိမ့်မည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် သူ သီချင်းဆို စပြိုင်လိမ့်မည်။ MRTV ရုပ်သံမှ ထုတ်လွှင့်လိမ့်မည်။ သူ့ပြိုင်ပွဲ ဝင်အမှတ်က ၅၆၂၆။
သူက ထားဝယ်သား။ အမည်က အဆိုတော် ဖြိုးသီဟ။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကြာအင်းရွာသား။
ထားဝယ်တွင် အထက်ပါပြိုင်ပွဲ လာရောက်မကျင်းပသောကြောင့် ရန်ကုန်တွင် သွားပြိုင်ခြင်း ဖြစ်သည်။ ရန်ကုန်သည် သူ့အတွက် ကွင်းသစ်။ ပရိသတ်သစ်။
သူ့နယ်တစ်ဝိုက်မှ ဂီတဝါသနာရှင် မောင်မယ်များကတော့ သူ့ကို ကောင်း ကောင်း သိကြသည်။ မသန်သော်လည်း သူ့အသံက စွမ်းကြောင်း အသိအမှတ် ပြုကြသည်။ အသိအမှတ် မပြု၍ မရ။

“မြန်မာနိုင်ငံဂီတအစည်းအရုံး
ထားဝယ်(၄) မြို့နယ် အဆိုပြိုင်ပွဲ
People Choice ၁၀၀၀၀ဝိ၊ ကျပ်”ဟူ သည့် ၃ ပေကျော် ရှည်သော ဆုဆိုင်း ဘုတ်ကိုကြီးကို ကြာအင်းရွာအိမ် နံရံတွင် သံဖြင့်အကျအန ရိုက်ကပ်ထားလေသည်။

ယင်းဆုဆိုင်းဘုတ်ကို ထောင်လိုက် ပါက သူ့အရပ်ထက် မြင့်ပါမည်။ သူ့ အရပ်က ၂ ပေ သာသာ။
မွေးရပ်မြေတစ်ဝိုက် ပြုလုပ်ခဲ့သမျှ အဆိုပြိုင်ပွဲများတွင် ခုံပေါ်ထိုင်ကာ သီဆို တတ်သည်။ အမှန်မှာ သူရပ်နိုင်ပါသည်။ သူ့ခြေကပေါင်အရင်းနားမှအစ အဖျားရှူး သွားကာ ပေါင်တို၏ ထိပ်တွင် အသား မာများတက်ကာ ညိုမည်းနေသည်။ ထို ပေါင်တိုဖြင့် သူရပ်နိုင်ယုံမက သွက်လက် စွာ လမ်းလျှောက် ပြေးလွှားနိုင်သည်။ သို့သော် သူ့အရပ်ကြောင့် စင်အောက်မှ ပရိသတ်များ သူ့ကို မြင်ရရန် မလွယ်။

သို့ကြောင့် ခုံပေါ်ထိုင်ကာ မိုက် တိုင်ဖြင့် သီဆိုခြင်း ဖြစ်သည်။
အမှန်မှာ သူ့လက်များက မိုက်ကို စွဲမြဲစွာ ကိုင်နိုင်ပါသည်။ သူ့ဘယ် လက်က လက်မောင်းတို ဖြစ်သော်လည်း ညာလက်မှာ လက်ကောက်ဝတ်အပြင် လက်ဖဝါးပါ ပါသည်။ လက်ဖဝါးတွင် လက်ချောင်းများ မပြည့်စုံသော်လည်း လက်ချောင်းတိုတို နှစ်ခုကမိုက်ကို ကောင်းစွာ ကိုင်နိုင်ပါသည်။
သို့သော် သီချင်းဆိုစဉ် မိုက်ကို တည်ငြိမ်ရန် တာရှည်မထိန်းနိုင်။ လှုပ်ယမ်းလျှင် အသံထွက် ပျက်သည်။ သို့ကြောင့် ပြိုင်ပွဲဒိုင်များက မိုက်တိုင်ဖြင့် သီဆိုရန် အကြံပြုမှုကို သူ လက်ခံရခြင်း ဖြစ်သည်။

၎ တန်းကျောင်းသားအရွယ် ရွာသင်္ကြန်မဏ္ဍပ်တွင် သီချင်းဆိုခဲ့စဉ်ကမူ သူ့လက်ချောင်းတိုများဖြင့် မိုက်ကိုင်သီ ဆိုခဲ့သည်။ ထိုပွဲက အဆိုတော် ဖြိုးသီဟ ဖြစ်လာမည့် (အမည်ရင်း)မောင်သက်နိုင် လင်း၏ စင်ပေါ် စတက်သည့်ပွဲ။ ဆို သည့်သီချင်းက R ဇာနည်၏ “ဖြူနီ ပြာဝါ” သင်္ကြန်သီချင်း။
ထိုပွဲမှစ သူ ဂီတပိုး ပိုထခဲ့သည်။ ယခင်က အမှတ်တမဲ့သာ ပူဆာခဲ့သည့်၊ မိသားစုကလည်း အဖြစ်သဘော ဝယ် ပေးခဲ့သည့် ကာရာအိုကေစက်များအစား အသံထွက် ပိုကျယ်၊ အသံ ပိုကောင်းသည့် စက်များ ပိုပူဆာလာသည်။

၆ တန်းကျောင်းသား စုံညီပွဲတော် တွင် ရွာဆရာဆရာမများက သူ့ကို စင် တင်ပေးသည်။ သီချင်းက ထားဝယ်သား အဆိုတော် ခိုင်မြဲသာ၏ “လှမ်းခဲ့ ထားဝယ်မြေ”။
သူ့ဆိုဟန်၊ သူ့အသံကို ကျောင်း ဆရာ၊ ဆရာမ အသိုင်းအဝိုင်းက အသိအမှတ်ပြုလိုက်ကြသည် ဆိုရမည်။ နောင်နှစ် ၇ တန်းတွင် ရွာအနီးရှိ ညောင် ဇင် အထက်တန်းကျောင်းက စုံညီပွဲ တော်တွင် ယင်းသီချင်းဖြစ်ပင် ဖျော်ဖြေ ရန် တော်ကောက်ခံရသည်။
သူ့အရွယ်၊ သူ့ဘ၀ပေးအခြေ အနေနှင့် ဤမျှ အောင်မြင်သည်ကို သူပျော်သည်။ သူ့ မိသားစုကလည်း ပျော်သည်။ သို့သော် ပညာရေးတွင်ကား သူ မအောင်မြင်ခဲ့။

ရွာ အလက(ခွဲ)ကျောင်းမှ ညောင် ဇင် အထက်တန်းကျောင်းသို့ ပြောင်းသော အခါ အတန်းဖော်အသစ်များကြား သူ အဆင်မပြေ။ နှိမ်ချ ဆက်ဆံခံရသောအခါ ရန်ဖြစ်ရသည်။
“ကျောင်းက မြောင်းပုပ်တွေနံရင် တောင် ကျွန်တော့်ကိုယ်က အနံ့ထွက် တယ်လို့ ပြောကြတယ်၊ ခုံတွေ မရွှေ့နိုင် မသယ်နိုင်လို့ မျက်နှာငယ်ရ၊ အဆင်ပြေ တဲ့နေရာ ထိုင်ရတာလည်း ခဏခဏဆို တော့ ကျောင်း မသွားချင်တော့ဘူး”ဟု အဆိုတော် ဖြိုးသီဟက ၉ တန်းမှ ကျောင်းထွက်ဖြစ်ခဲ့ပုံကို ပြောပြသည်။
ကျောင်းထွက်ပြီးကတည်းက သူ သီချင်းဆိုကျင့်သည်။ တစ်ရွာတည်းသား သူ့ငယ်သူငယ်ချင်း အာကာက သူ့အတွက် သီချင်းများ ရေးစပ်ပေးသည်။ ထိုသီချင်း များထဲမှ သူ့ဘ၀ကောက် ကြောင်း ရေးစပ်ထားသည့် သီချင်းတစ်ပိုဒ် ညည်း ပြသည်။

“ငါ ငယ်စဉ်ကလေးဘ၀ထဲက မက် ခဲ့တဲ့ အိပ်မက်လေးရယ်..၊ ဘယ်တော့ များမှ တစ်နေ့နေ့ ဖြစ်လာမှာလဲ..၊ နာကျင်စွာ လောကကြီးကို ငါမေးခဲ့ တယ်…”
“လူတွေ အားလုံး ကဲ့ရဲ့ရှုတ်ချကြ လည်း.. ယုံကြည်စွာ ကျွန်တော့်အိပ်မက် ကို ကျွန်တော်ထုဆစ်မယ်…၊ အခွင့် အရေးလေးပေးပါ.. အို..အသင်လော က…”
ပြိုင်ပွဲရှိက ဝင်ပြိုင်သည်။ အခြား အဆိုတော်များကဲ့သို့ ကခုန်ရန်၊ သရုပ်ပြရန် သူ့တွင် ခြေလက် မပြည့်စုံ။ သို့ကြောင့် သူက မျက်နှာဖြင့် သရုပ်ဖော် မည်။ သီချင်းပါ ခံစားမှုအဖွဲ့အနွဲ့များကို မျက်နှာ အမူအရာဖြင့် ရသဖော်မည်။

သူနှစ်သက်သည်က ပေါ့ပ် သီချင်း အေးအေးလေးများ။ သီဆိုချင်သည့် အကြောင်းအရာက “အချစ်”။ မွေး ကတည်းက ခြေလက် မပါလာသော်လည်း အချစ်ကို ကိုးကွယ်တတ်သော လူငယ် တစ်ယောက်၏ နှလုံးသားက အကောင်း ပကတိ။
“ကိုယ်တိုင်ရင်ခုန်ဖူးတာကို ပြန် တွေးခံစားသီဆိုသလို အငှားခံစားမှုနဲ့ လည်း သီဆိုရတာပေါ့ဗျာ”ဟု သူက ရှက်ပြုံးဖြင့် ဖွင့်ဟသည်။
၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ၄ မြို့နယ် အဆိုပြိုင်ပွဲတွင် နောက်ဆုံးအဆင့်သို့ သူရောက်ခဲ့သည်။ ဒိုင်များရွေးသည့် ဆု သူမရ။ ပရိသတ်ရွေး ချယ်ဆု သူရခဲ့သည်။ ပြိုင်ပွဲများတွင် သူ ဗိုလ်မစွဲဖူးသေး။ သူ အားမလျှော့။

“မနေ့ကထက် ဒီနေ့ ပိုတော်ရမည်”။ ယင်းသည် ဖြိုးသီဟ၏ ဆောင်ပုဒ်။
သူမိသားစုကလည်း တတ်စွမ်းသမျှ ပံ့ပိုးပေးသည်။ အထူးသဖြင့် သူ့အစ်ကို က ငွေကြေးအပြင် အားလပ်ချိန်များတွင် အဆိုကျင့်နိုင်ရန် ဂီတာတီးပေးသည်။ တစ်ခါတစ်ရံ သူ့တို့တစ်ထပ်အိမ်အို လေးသည် အစ်ကိုဖြစ်သူ၏ ဂီတာတီး ခတ်သံနှင့် ညီဖြစ်သူ၏သီဆို သံတို့ဖြင့် မွှန်းထုံ ပြည့်လျှံနေတတ်သည်။
လွန်ခဲ့သည့် ဧပြီလတွင် လူငယ် တို့၏ အနုပညာအိပ်မက်မြို့တော် ရန်ကုန်သို့ သူအရောက်သွားသည်။Myanmar Media Development Center(MMDC)တွင် အဆိုသင်တန်း တက်သည်။ သူလေးစားသည့် ထားဝယ် သား အဆိုတော် ခိုင်မြဲသာက အဆိုနည်း ပြဆရာ။

“သူတို့တွေမှာ သာမန်လူတွေလို ခံစားတတ်တဲ့အာရုံ၊ ဖန်တီးနိုင်တဲ့အာရုံ ရှိတယ်၊ ဇွဲနဲ့ အားကြိုးမာန်တက် ကြိုးစား ခွင့် ရှိတယ်” ဟု ခိုင်မြဲသာက မှတ်ချက်ပြု သည်။
အဆိုသင်ပြီးလျှင် လူငယ်ဝါသနာ ရှင်များနှင့် ပရိသတ်ကြား ရေပန်းစား သည့် “အိပ်မက်ဆုံရာ” သီချင်းပြိုင်ပွဲတွင် သူ ဝင်ပြိုင်မည်။ သို့သော် အိပ်မက်ဆုံရာ အစီအစဉ်က မစသေး။

ဂီတခရီးလမ်း တစ်စိုက်မတ်မတ် လျှောက်လှမ်းရေးအတွက် သူ၏ အဓိက အခက်အခဲက ငွေကြေး။ သို့သော် သူ့ လုပ်အားဖြင့် ဖာထေးရန် ကြိုးစားမည်။ “မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်း သူများအသင်း (အဖွဲ့ချုပ်)ရန်ကုန်” နှင့် ချိတ်ဆက်ကာ ကွန်ပြူတာသင်တန်း တက်မည်။ သူ့ညာလက်ပါ လက်ညှိုး တိုတိုလေး နှစ်ချောင်းကို သူယုံသည်။ သူ့မိုဘိုင်းဖုန်းထဲမှ စန္ဒရားဆော့ဝဲပေါ်က ခလုတ်များကို ကောင်းစွာ နှိပ်နိုင်သည်။ ကွန်ပြူတာခလုတ်များကိုလည်း သူနှိပ်နိုင်ရမည်။ ကွန်ပြူတာ သင်တန်း ပြီးက အလုပ်ရှာမည်။ ဝင်ငွေရှာမည်။ နောက်ထပ် ဝင်ငွေရလမ်းက သူ့အိပ် မက်ထဲက စတိတ်ခုံ။

“ပွဲတွေ ရှိရင်လည်း လာခေါ်ကြ စေချင်တယ်၊ ငွေကြေးအတွက်ချည်း မဟုတ်ပါဘူး၊ လိုက်ဆိုချင်လွန်းလို့ပါ” ဟု ဖြိုးသီဟက ပြောသည်။
ယခု သူ မြန်မာငြိမ်းချမ်းရေး ဂီတ ပွဲတော် ပြိုင်ပွဲတွင် ဝင်နွှဲမည်။ သူ့ဂီတ အနုပညာခြေလှမ်း ရန်ကုန်တွင် စတော့ မည်။ လူ ထောင်ချီ ဝင်ပြိုင်သော ပြိုင်ပွဲ တွင် မိုက်ကိုပင် ကောင်းစွာ မကိုင်နိုင် သောအသက် ၂၀ အရွယ် ထားဝယ်သား လူငယ်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်တော့ မည် ဖြစ်သည်။

သူ့သီချင်းဆိုသံကြောင့် လူတိုင်းကို ပျော်ရွှင်စေရမည်ဟူသော အဆိုတော် ဖြိုးသီဟအတွက် တရုတ်စကားပုံ တစ်ခု ရှိပါသည်။
“လေးသည်တော်တစ်ဦး၏ ကျော် ကြားမှုသည်သူ၏ လေးနှင့်မြှားကြောင့် မဟုတ်၊ သူ၏ ချိန်သားကိုက်မှုကြောင့် သာ”။