လယ်သမားများနှင့် ၅ ပွင့်ဆိုင်တွေ့ ဆုံရေး တိုင်းအစိုးရ သဘောတူ

0
438

ထားဝယ်ခရိုင်တောင်သူလယ်သမားသမဂ္ဂနှင့် ထားဝယ်လယ်သမားများမှ ၅ ပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် တောင်းဆိုသည့်အတိုင်း တွေ့ဆုံရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောတူ လိုက်သည်။
လယ်သမားများမှ ဩဂုတ်လ ၁၀ ရက်နေ့တွင် တိုင်းအစိုးရထံ ၅ ပွင့်ဆိုင် တွေ့ဆုံရေး စာဖြင့် တောင်းဆိုပြီးနောက် ဝန်ကြီး ဦးမြင့်စန်းက နောက်တစ်ရက် တွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံမည့်ရက်ကိုမူ ပါဝင်သူ အားလုံး အဆင်ပြေနိုင်မည့်ရက်ကို ညှိနှိုင်း သတ်မှတ်မည်ဟု ပြောသည်။
“တွေ့မယ်၊ အနှေးနဲ့ အမြန်ပဲ ရှိတယ်၊ တွေ့ဆုံပွဲလုပ်မယ့်ရက်ကို သူတို့ (ပါဝင် သူများ)နဲ့ ညှိနှိုင်းရမယ်” ဟု ဝန်ကြီးက ပြောသည်။
လယ်သမားများ တောင်းဆိုသည့် ၅ ပွင့်ဆိုင်တွင် အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တတ်သိ ပညာရှင်များ၊ အာဏာရပါတီတာဝန်ရှိ သူများ၊ တောင်သူလယ်များကိုယ်စားလှယ်များနှင့် လယ်သမားကိုယ်တိုင်တို့ ပါဝင်သည်။

လွန်ခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့က လယ်ယာမြေပြဿနာများဖြေရှင်းရေး ၅ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ထားဝယ်ခရိုင်တောင်သူလယ်သမားသမဂ္ဂမှ သဘောထား ထုတ်ပြန်ချက်တစ်ခု ထုတ် ပြန်ခဲ့ဖူးသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရားဝင်စာပို့လာပါက တွေ့ဆုံဆွေးနွေး မည်ဟု မီဒီယာများသို့ ဖြေကြားခဲ့သဖြင့် ယခုကဲ့သို့ စာပို့ တောင်းဆိုခြင်းဖြစ် ကြောင်း ထားဝယ်ခရိုင်လယ်သမားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီထွေး က ပြောသည်။
“ထုတ်ပြန်ချက်နဲ့ စာပို့အကြောင်း ကြားခြင်းကို နားလည်မှု လွဲတယ်လို့ ယူဆတယ်၊ ဒါကြောင့် တရားဝင် တောင်း ဆိုခြင်း ဖြစ်တယ်”ဟု ဒေါ်ရီရီထွေးက ပြောသည်။

တောင်းဆိုစာတွင် အကောင် အထည် မဖော်သေးသည့် ကျန်ရှိသောလယ်ယာ မြေ ပြဿနာကိစ္စ၊ ပြေလည်ခြင်းမရှိဘဲ အကောင်အထည်ဖော်ပြီးသော လယ်ယာ မြေပြဿနာကိစ္စ၊ ပြေလည်ခြင်းမရှိဘဲ လက်ရှိ အကောင်အထည်ဖော်နေသော လယ်ယာမြေပြဿနာကိစ္စများကို ဆွေးနွေး ရန် တောင်းဆိုထားသည်။
လက်ရှိတွင် ထားဝယ်မြို့ပြ စီမံကိန်း ဧရိယာအတွင်း တည်ဆောက်ရေးလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်နေ သည့် ဌာနများ၊ ကုမ္ပဏီများနှင့် သိမ်းဆည်းခံ ထားဝယ်လယ်သမားများ ထိပ်တိုက် တွေ့ အခင်းဖြစ်မှုများကြောင့် လယ်သမား အချို့ ထောင်ကျခံခဲ့ရခြင်း၊ အမှုရင်ဆိုင် နေရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။