လှိုင်းများ

0
497

ကိုယ့်စိတ်ကို သတိထားကြည့်မိသူတိုင်း၊ အစွဲကင်းစွာကြည့်သူတိုင်း မလွဲ မသွေမြင်ရမည်မှာ ကိုယ့်ခိုင်ကြည်မှုကို လာတွန်းတိုက်နေသည့် အခိုက်အတန့် အရေးအရာကိစ္စများ၊ အခိုက်အတန့်ခံစားချက်များ ဖြစ်သည်။

မိမိသွားလိုသည့် အနာဂတ်၊ မိမိရောက်လိုသည့်အရပ်ကို သွေဖယ်စေမည်၊ ခရီးကို ဖေးနှင့်စေမည့် အခိုက်အတန့်များစွာကို မကြာခဏဆိုသလို ကြုံရသည်။
မည်သူမဆို ကြုံကြရမည်ဖြစ်သည်။ ထိုသို့ကြုံရသည့်အခါ မည်သူတွေ ကျော်ဖြတ်နိုင်ပြီး မည်သူတွေ အငိုက်မိသွားပါသနည်း။

အခါအတော်များများတွင် ထိုအခိုက်အတန့်များတွင် အငိုက်မိသွားကြသည် ကိုတွေ့ရသည်။
ယင်းသို့ကြုံရသည့် အခိုက်အတန့်များကို မတွန်းလှန်နိုင်ပဲ ခိုင်မာသည့် ရပ်တည်ချက်များ လဲပြိုရသည်ကို ထင်သာမြင်သာ အတွေ့ရဆုံးမှာ နိုင်ငံရေး နယ်ပယ်တွေ ဖြစ်သည်။

အစိုးရမဖြစ်ခင်နှင့် အစိုးရဖြစ်ပြီး၊ အမတ်မဖြစ်ခင်နှင့် အမတ်ဖြစ်ပြီး၊ ဝန်ကြီး မဖြစ်ခင်နှင့် ဝန်ကြီးဖြစ်ပြီး မတူညီဘဲပြောင်းလဲသွားသည်ကို တွေ့ရလေ့ရှိသည်။ အခြားနယ်ပယ်အသီးသီးတွင်လည်း တွေ့ရလေ့ရှိသည်။

ဘ၀တွင် ကြုံရသည့် အခိုက်အတန့်များသည် ရေလှိုင်းများနှင့်တူပြီး မိမိ၏ ခိုင်မာသည့် ယုံကြည်ချက်သည် ကျောက်ဆောက်ကျောက်ခဲနှင့် တူပေသည်။
လှိုင်းများနှင့်တွေ့သည့်အခါ ယုံကြည်ချက်များ၊ အိပ်မက်များ၏ ခိုင်မာ အားကောင်းမှုက စကားပြောလှပေသည်။

ယင်းခိုင်မာအားကောင်းမှုသည် အတ္တအပေါ် အခြေမတည်ဟု သိထားရန်လည်း အရေးကြီးလှပေသည်။
ယုံကြည်ချက်များ ခိုင်မာအားကောင်းမှုသည် စုစည်းထားမှု မည်မျှရှိသည်၊ အများနှင့် သက်ဆိုင်မှု မည်မျှရှိသည်အပေါ် မူတည်ပေသည်။
ယင်းမှသာ လှိုင်း၏ အရိုက်အပုတ်ကို ခံနိုင်မည်ဖြစ်သည်။