ကြက်ငှက်တုပ်ကွေးကြောင့် ဆုံးရှုံးသည့် ကြက်မွေးမြူရေးသမားများ အတွက် သမ္မတ ထောက်ပံ့ငွေ တောင်းခံ မည်

0
431

ထားဝယ်မြို့တွင် ဇူလိုင်လ အတွင်း က စတင်ဖြစ်ပွားခဲ့သည့် အပြင်းစား ကြက်ငှက်တုပ်ကွေး (H5N1) ရောဂါ ကြောင့် ဆုံးရှုံးခဲ့သည့် ကြက်မွေးမြူရေး သမားများ ပြန်လည်ထူထောင်နိုင်ရေး အတွက် သမ္မတရန်ပုံငွေ တောင်းခံသွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ကြက်ငှက်တုပ်ကွေးကြောင့် ကြက် များ ရှင်းလင်းသုတ်သင်ခဲ့ရသည့် ခြံပိုင် ရှင်များ ပြန်လည်ထူထောင်နိုင်ရေး ထောက်ပံ့ငွေ ရရှိနိုင်ရန်အတွက် အခြား ပြည်နယ်၊ တိုင်းများတောင်းခံစဉ်က ရရှိသည့် ငွေပမာဏအပေါ် အခြေခံကာ ရန်ပုံငွေတောင်းခံ သွားဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးက ဆို သည်။

H5N1ဗိုင်းစ်ရပ် နောက်ဆုံးတွေ့ရှိ ခဲ့သည့် ရက်မှ နောက်ထပ် ၂၁ ရက် အတွင်း ရောဂါဖြစ်ပွားမှု မရှိပါက ဇုန် သတ်မှတ်ထားခြင်းများကဲ့သို့သော ကန့် သတ်မှုများ ရုပ်သိမ်းမည်ဖြစ်ပြီး ရောဂါ နှင့် ပတ်သက်၍ စစ်ဆေးကာ ရောဂါ ကင်းစင်ကြောင်း ကြေညာရမည် ဖြစ် သည်။
ရောဂါကင်းစင်ကြောင်း ကြေညာ ပြီး ရက်ပေါင်း ၉၀ ပြည့်မှသာ ကြက်၊ ဘဲများ ပြန်လည်မွေးမြူခွင့်ရမည် ဖြစ် ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

ရက်ပေါင်း ၉၀ ပြည့်ချိန်တွင် တိုင်း ဒေသကြီး ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေး ကော်မတီအစည်းအဝေးထိုင်ကာ သမ္မတ ရန်ပုံငွေ တောင်းခံသွားမည်ဖြစ်သည်။
“အကူအညီတောင်းလို့ သမ္မတ ရန်ပုံငွေရခဲ့သည်ရှိသော် ကြက်သက် တမ်းအရ ကြက်ကောင် အရေအတွက် အရ ဆုံးသွားတဲ့ ကောင်အရေအတွက်ကို အချိုးချပြီး ပေးရမယ်၊ တင်ရင်လည်း ဒီလိုပဲ တင်ရမယ်”ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

ကြက်ခြံများရှိ ကြက်များရှင်း လင်းစဉ်က ကြက်ခြံပိုင်ရှင် ပြောဆိုမှတ် တမ်းတင်ခဲ့သည့် ကြက်အရေအတွက် ကိုသာ အတည်ယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆုံးရှုံးမှုများကို ထောက်ပံ့ပေးမည် ဆိုပါက အဆင်ပြေမည်ဖြစ်ပြီး ထောက် ပံ့ငွေကိုမူ ပေးသည့် ပမာဏအတိုင်းပင် လက်ခံမည် ဖြစ်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်သစ် ရပ်ကွက်မှ ကြက်ကောင် ရေ ၅၉၀၀ ခန့် ရှင်းလင်းခဲ့ရသည့် ကြက်ခြံပိုင်ရှင် ဦးသိန်းတန်က ဆို သည်။
“ထောက်ပံ့ကြေးကတော့ ပေးသ လောက်ပဲ လိုချင်တယ်၊ အများနဲ့ ဆိုတော့လေ”ဟု ဦးသိန်းတန်က ပြော သည်။

H5N1 ဖြစ်သည့် ကြက်ခြံများတွင် ကြက်ပြန်လည်မွေးမြူခွင့်ကိုမူ မူလနေ ရာတွင် ပြန်လည်မွေးမြူခွင့်ပြုရန် (သို့မ ဟုတ်) ရွာအပြင်ဘက်တွင် မွေးမြူခွင့် ပြုရန်နှင့် မွေးမြူရေးဇုန်ကဲ့သို့ ပြုလုပ် ကာ မွေးမြူခွင့်ပြုရန် အစရှိသည့် အချက်များကိုမူ ပြန်လည်ဆွေးနွေး ရမည်ဟုတိုင်းဒေသကြီးဝန်ကြီး ဦးမြင့် စန်းက ဆိုသည်။
ပေ ၃၀ နှင့် ပေ ၁၆၀ ခန့်ရှိ ကြက် မွေးမြူရေးခြံတစ်ခု တည်ဆောက်ရန် ငွေကျပ်သိန်း ၁၅၀ ခန့် ကုန်ကျသည့် အတွက် လက်ရှိအခြေအနေတွင် နေရာ ပြောင်း၍ အဆောက်အအုံဆောက်ရန် အဆင်မပြေနိုင်ကြောင်း ကြက်မွေးမြူရေး လုပ်ကိုင်သူ ဦးသိန်းတန်က ပြောသည်။

ထားဝယ်မြို့တွင် လက်ရှိဖြစ်ပွားခဲ့ သည့် ကြက်ငှက်တုပ်ကွေးဖြစ်ပွားခဲ့သည့် ကြက်ခြံအများစုမှာ စာသင်ကျောင်း၊ လူနေအိမ်များနှင့်နီးကပ်စွာ တည်ရှိနေ သည့်အတွက် ပြည်သူများအကြား ဝေဖန်မှုရှိသည်။