လက်ဆေးကြပြီလား

0
504

ယခု ခေတ်ထနေသော ရာသီတုပ် ကွေး (H1N1)ကို လက်ဆေးခြင်းဖြင့် အဓိကကာကွယ်နိုင်သည်ဟု ပညာရှင် များက ဆိုလာသည်။
တနင်္သာရီ အပတ်စဉ်မှ မေးမိသမျှ လူအတော်များများကမူ လက်ဆေးခြင်း က ယင်းရောဂါကို ကာကွယ်နိုင်ကြောင်း မသိကြ။
“H1N1 ရောဂါမကူးစက်အောင် လက်ဆေးရမယ်ဆိုတာ မသိဘူး၊ လက် ဆေးခြင်း အကျိုးကျေးဇူးတွေလည်း မသိဘူး၊ လမ်းဘေးမှာ လက်ဆေးဖို့ ဆိုင်းဘုတ်တွေထောင်ထားတာတော့ သွားရင်းလာရင်းမြင်ဖူးတယ်။ မဖတ် ဖြစ်ဘူး” ဟု မဇင်မာဝေက ဝန်ခံသည်။

“ကိုယ့်ပတ်ဝန်းကျင်က လူတွေ တော့ လက်ဆေးတဲ့ အလေ့အထ မရှိကြ ဘူး” သာမန်အားဖြင့် မည်သည့်အချိန် တွင် လက်ဆေးပါသနည်း။
အထက်ပါရေဖြူမြို့နယ် ကျခတ္တ ပင်အင်းကျေးရွာမှ မဇင်မာဝေကတော့ သာမန်အချိန်များတွင် လက်မဆေးဖြစ် ဟု ဆိုသည်။ ထမင်းမစားမီနှင့် စားပြီး ချိန်၊ အိမ်သာတက်ပြီးချိန်များတွင်သာ ပန်းကန်ဆေးရည်၊ ဆပ်ပြာတို့ဖြင့် ဆေး ဖြစ်သည်ဟု ဆိုသည်။

“မမြင်နိုင်တဲ့ရောဂါတွေ ဝင်မှာ စိုးလို့ ဆေးတယ်၊ ဘာရောဂါဆိုတာ မပြောတတ်ဘူး”ဟု သူမက ဖွင့်ဟသည်။
တနင်္သာရီတိုင်းရှိ မိသားစုထမင်း ဝိုင်း ၁၀၀ တွင် ၉၉ ဝိုင်းက ဇွန်း၊ ခရင်း မပါ။ လက်ဖြင့် အားရပါးရ နယ်ဖတ် စားတတ်ကြသည်သာ။
မရှက်တမ်း ဝန်ခံတတ်သူအချို့ကို မေးကြည့်ပါက ထမင်းစားခါနီးချိန် လက်တွင် ထမင်းလုံးကပ်မနေရန် လက်ရေ စိုရုံ လက်ဆေးပန်းကန်ထဲ ညာလက် နှစ်လိုက်ကြကြောင်း ဖြေကြပါလိမ့်မည်။

လက်ကို စနစ်တကျ ဆေးကြော ခြင်းက တုတ်ကွေးသာမက ကူးစက်ရော ဂါအတော်များများကို ကာကွယ်နိုင်သည် မှာ ငြင်းစရာ မရှိကြောင်း ထားဝယ်မြို့ရှိ ဆုဆေးခန်းမှ ဒေါက်တာသန်းဝင်းက မှတ်ချက်ပြုပါသည်။
“ရောဂါ အတော်များများက လက် ကနေလာတာ၊ လက်ဆေးတာက ရောဂါ ကာကွယ်ဖို့အတွက် နံပတ်တစ် လို့ ပြောရမှာပေါ့” ဟု ဒေါက်တာသန်းဝင်းက ပြောသည်။

သို့သော်လက်ကို စင်ကြယ်သည် အထိတခုတ်တရဆေးဖြစ်သူက ရှာမှရှား။
ထားဝယ် အိုးလုပ်ရပ်ကွက်နေ ကိုမျိုးကျော်နှင့် မအေးအေးမြင့်တို့ ဇနီး မောင်နှံတို့ ဝန်ကျင်တွင်လည်း လက် ပုံမှန်ဆေးသည့် အလေ့အထ သိပ်မရှိဟု ဆိုသည်။
“H1N1 မပေါ်ခင်ကတည်းက ဆေး ဖြစ်တယ်။ ရွှေဝါဆပ်ပြာနဲ့ ဆေးတယ်။ အိမ်က ကလေးတွေကိုတော့ လက်ဆေး ဖို့ကို မပြောပြဖူးဘူး။ ကလေးတွေက မိဘလုပ်တာကြည့်ပြီး လိုက်လုပ်ကြ တယ်”ဟု မအေးအေးမြင့်က ပြောသည်။

မြိတ်မြို့မြင့်မိုရ် ကိုယ်ပိုင်အထက် တန်းကျောင်းမှ တတိယတန်းကျောင်း သား မောင်ဘုန်းတေဇကိုတော့ လက် ဆေးခြင်းက ရောဂါများကို ကာကွယ်နိုင် သည်ဟု သူ့အမေမေက ပြောသည်ဟူ၏။
“လက်ကို အိမ်သာတက်ပြီးချိန် ဆေးတယ်၊ ရေခဲချောင်းစားပြီးချိန် လက် မှာ အရည်ပေရင် ဆေးတယ်၊ မုန့်စားပြီး ချိန်လည်းဆေးတယ်၊ အပြင်က ပြန်လာ လည်းဆေးတယ်၊ လက်ဆေးရင် ရောဂါ ပိုး မရှိဘူးပေါ့၊ ဆပ်ပြာနဲ့ဆေးတယ်”ဟု မောင်ဘုန်းတေဇက ပြောသည်။

မြိတ်မြို့သူနှစ်ဦးကမူ ယခင် ကတည်းက လက်ကို ပုံမှန်ဆေးလေ့ဆေး ထရှိပြီး H1N1၊ H5N1 ရောဂါများ ပေါ်လာပြီးနောက် လက်ပိုဆေးဖြစ် ကြောင်း ပြောကြသည်။
“သတိရရင် ရသလို ဆေးဖြစ်တယ်၊ အစကတည်းက ဂရုတစိုက် လက်ဆေး နေကြအခုတော့ ပိုဆေးဖြစ်တာပေါ့” ဟု မြိတ် ဈေးတန်းရပ်နေ ဒေါ်သီတာထွန်းက ပြောသည်။

မြစ်ငယ်ရပ်နေ ဒေါ်စီ၏ ခံယူချက် ကလည်း “လက်ဆေးများလို့ ဘာမျှ အကျိုးမယုတ်၊ ရောဂါအတွက် တောင် ကာကွယ်ပေးသေး”ဟူ၏။
“လက်ဆေးရင် လက်ကို ရေအရင် လောင်း ဆပ်ပြာနဲ့လက်နှစ်ဖက်ကို ပွတ် ပြီး တံတောင်ဆစ်အထိ ဆေးဖြစ်တယ်၊ အိမ်မှာအကုန်လုံးမိသားစုလုံး အစက တည်းက ဒီလိုပဲဆေးတယ်” ဟု ဒေါ်စီက ပြောသည်။

ယခုအခြေအနေတွင် တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးသင့် ကြောင်းနှင့် လက်ဆေးရာတွင် ရေအလုံ အလောက်အသုံးပြုကာ ရိုးရိုးဆပ်ပြာဖြင့် ဆေးကြောနိုင်ကြောင်းဒေါက်တာ သန်းဝင်းက ပြောသည်။ လက်ကို တခုတ်တရမဆေးတတ်သည့် အလေ့ အထကို ဝိုင်းပြင်သင့်ပြီဟု သူက ဆိုသည်။
“H1N1 နဲ့ တပ်လှန့်လိုက်တဲ့ အတွက်ကြောင့် ဒီကနေ့က စပြီး ဘာပဲဖြစ်ဖြစ် လက်ကို စင်ကြယ်ကြယ် ဆေးပါ၊ လက်ဆေးတဲ့အလေ့အထကို တတ်နိုင်သမျှ လုပ်ကြပါ” ဟု ဒေါက်တာ သန်းဝင်းက တိုက်တွန်းသည်။

ယင်းသို့ တခုတ်တရလက်ဆေး သည့်၊ ဆေးသည့်တိုင်စနစ်တကျဆေး ဖြစ်သူ တနင်္သာရီတိုင်းတွင် မည်မျှ ရှိမည်နည်း။
“လူတွေကသတိမမူဘဲ ဟိုဟာကိုင် လိုက် ဒီဟာစားလိုက် အကျင့်ပါနေတော့ အကျင့်တစ်ခုပြောင်းလွဲဖို့ ဆိုတာ မလွယ်ဘူး” ဟု ပုလောမြို့နယ်မှ မောင် ခန့်စည်သူက ပြောလေသည်။

ပုလောမြို့နယ် ဇရပ်ဆိပ်ရွာမှ ၈ တန်းကျောင်းသား မောင်ခန့်စည်သူက ကျောင်းတွင်ထမင်းချိုင့်ဖွင့် စားခါနီး တိုင်း ဆပ်ပြာဖြင့် လက်ဆေးဖြစ်သည် ဆို၏။
သို့သော်..။
“လမ်းမှာ တစ်ခုခု ဝယ်စားစားတဲ့ အခါတိုင်းတော့ မဆေးဖြစ်ဘူး” ဟု မောင်ခန့်စည်သူက ဆိုလေသည်။