နှလုံးသားနဲ့ ခံစားပြီး စနစ်ကျကျ ပြောင်းလဲသင့်ပြီ

0
441

ကျွန်တော့် ပတ်ဝန်းကျင်က ကျောင်းသားလေး အတော်များများကို မေးခွန်းတွေ မေးဖြစ်ပါတယ်။ ကျောင်း သွားချင်သလား၊ ကျောင်းသွားရတာပျော် ရဲ့လားလို့ မေးလိုက်တိုင်း သူတို့ရဲ့ အဖြေတွေက ကျောင်းလည်း မသွား ချင်ဘူး၊ စာလည်း မကျက်ချင်ဘူး။ ကျွန်တော် ကစားချင်တယ်။ သမီးအိမ် မှာပဲ အေးဆေး ကစားနေချင်တယ် ဆိုတာပါပဲ။ ကျွန်တော်နဲ့ အနီးကပ် ဆုံးနေတဲ့ ကလေးတစ်ယောက်ဆိုရင် အစ်ကို့ နောက်ကိုလိုက်ပြီး ရန်ကုန်မှာ လိုက်နေချင်တယ်၊ ရန်ကုန်မှာလိုက် နေရင် ကျောင်းလည်း မသွားရဘူး။ စာ လည်းကျက်စရာ မလိုဘူး။ ပြီးတော့ ညဆိုလည်း ကောင်းကောင်းအိပ်ရတယ် တဲ့။

ပြီးခဲ့တဲ့အပတ်က H5N1 ၊ H1N1စစ်ဆေးတွေ့ရှိလို့ ထားဝယ်မြို့နယ်ထဲက အခြေခံကျောင်းတွေကို ၅ ရက်ပိတ်လိုက် တော့ တချို့ကလေးတွေရဲ့ စကားက ရောဂါပိုးဖြစ်တာ ကောင်းတယ်၊ ကျောင်း ပိတ်တယ်တဲ့။
ဘာမှမပြောင်းလဲနိုင်သေးပါဘူး။

ကျွန်တော်တို့ငယ်ငယ်ကလည်း အဲဒီအတိုင်းပါပဲ။ မိုးကြီးလို့ ရေကြီးပြီ ဆိုရင် ဆုတောင်းခဲ့ကြတယ်။ မိုးများများ ရွာပါစေ၊ ဆရာဆရာမတွေ ကျောင်းကို မလာနိုင်လောက်အောင် ရေကြီးပါစေလို့။ ပြီးတော့ အခုဘ၀သေပြီး နောင်ဘ၀လူ ဖြစ်ရင်လည်း သူငယ်တန်းကနေပြီး ကျောင်းပြန်တက်ရဦးမယ်ဆိုတော့ လူပြန် မဖြစ်တာဘဲ ကောင်းပါတယ် ဆိုပြီးပေါ့လေ။ ဒါဟာ ပညာရေးစနစ် ကြီကြီးမားမား မှားယွင်းနေမှုရဲ့ ပြယုဂ် တစ်ပါပဲ။ အဲဒီလို မှားယွင်းမှုတွေနဲ့ ကျောင်းသားတွေ အကြောက်ဆုံးဖြစ်တဲ့ စာတစ္ဆေကြီးကို ဘယ်လို မောင်းထုတ် သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဖင်လန်နိုင်ငံရဲ့ ပညာရေး တစေ့တစောင်း ကို မျှဝေချင်ပါတယ်။
အဲဒီ Where to Invade Next မှတ်တမ်းရုပ်ရှင်မှ ဖင်လန်နိုင်ငံရဲ့ ပညာ ရေးစနစ်နဲ့ ပတ်သက်ပြီး ထုတ်နုတ် တင်ပြထားတာက ဒီလိုပါ။

ဖင်လန်နိုင်ငံဟာ ကမ္ဘာ့အတော်ဆုံး ကျောင်းသားတွေကို မွေးထုတ်ပေးနေခဲ့ တဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်တယ်။
ဒါပေမယ့် သူတို့ဆီက ကျောင်း သားတွေဟာ အမေရိကန်က ကျောင်း သားတွေလောက် မပင်ပန်းကြဘူး။ သူတို့ရဲ့ ဦးနှောက်နဲ့ သူတို့တွေရဲ့ ဘ၀ ဟာ သိပ်ကိုလွတ်လပ်ခဲ့တာ တွေ့ရ တယ်လို့ ဆိုပါတယ်။
မှတ်တမ်းပြုသူက ဖင်လန် နိုင်ငံက ကလေးတွေ ဘယ်လိုလုပ်ပြီး ကမ္ဘာမှာ ထိပ်ဆုံးဖြစ်နေရတာလဲဆိုတာ သိချင် လို့ လိုက်မေးကြည့်တယ်တဲ့။
ပထမ သူသွားမေးတာက ဖင်လန် နိုင်ငံရဲ့ ပညာရေးဝန်ကြီးဆီပါ။

ဝန်ကြီးပြောတာက “သူတို့မှာအိမ်စာ ဆိုတာ မရှိပါဘူး (No Homework)”တဲ့။
ဒါဆို ကျောင်းကပေးတဲ့ အိမ်စာကို ခင်ဗျားတို့ လျှော့ချလိုက်တာပေါ့လို့ မှတ်တမ်းပြုသူက မေးတော့ . .
ပညာရေးဝန်ကြီးက
“ဟုတ်ပါတယ်။ သူတို့ ကလေး တွေလို လူငယ်တွေလို နေဖို့အတွက် အချိန်ပို ရှိသင့်တာပေါ့၊ ရှိနေတဲ့ ဘ၀ကို ပျော်ရွှင်ဖို့ပါ”တဲ့။
မှတ်တမ်းထဲမှာ ဖင်လန် အထက် တန်း ကျောင်းအုပ်ဆရာကြီး တစ်ယောက် က ပြောပါတယ်။ အိမ်စာဆိုတဲ့ အသုံး အနှုန်းက ခေတ်မရှိတော့ဘူးလို့ မြင် တယ်တဲ့။

သူ့အဆိုအရ ကျောင်းကပြန်ရင် မိသားစုနဲ့ အတူတူနေဖို့၊ အားကစား လုပ်ဖို့၊ ဂီတကို ခံစားဖို့၊ စာအုပ်စာပေ လေ့လာဖို့စသဖြင့် လုပ်စရာတွေ အများ ကြီး ရှိသေးလို့တဲ့။
နောက် ပထမတန်း ဆရာမတစ် ယောက်ကို အဖြေကလည်း စိတ်ဝင်စား စရာပါ။
“သူတို့ သစ်ပင်တက်နိုင်တယ်။ အဲဒါမှ သူတို့သစ်ပင် ဘယ်လိုတက်ရတယ် ဆိုတာ သိသွားတာပေါ့။ ပြီးတော့ သစ်ပင်တက်တုန်းမှာ အမျိုးမျိုးသော ပိုးကောင်လေးတွေကို သူတို့တွေ့ချင် တွေ့နိုင်တယ်။ ဒီလိုဆိုရင် သူတို့နောက် တစ်နေ့ ကျောင်းကို လာတဲ့အခါ သူတို့ တွေ့ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျွန်မကို ပြန် ပြောပြနိုင်ပါတယ်လေ”တဲ့။

ငယ်တဲ့ကလေးတွေ ကျောင်းမှာ ဘယ်နှစ်နာရီနေရသလဲလို့ မှတ်တမ်း ပြုသူက မေးတော့။ တနင်္လာနေ့ဆိုရင် ၃ နာရီ၊ အင်္ဂါနေ့ဆိုရင် ၄ နာရီ၊ တစ်နေ့နဲ့ တစ်နေ့တော့ မတူဘူး။ တစ်ပတ်ကို နာရီ ၂၀ ပေါ့တဲ့။ အဲဒီ ၃ နာရီ ၄ နာရီထဲမှာ ကလေးတွေရဲ့ ထမင်းစားချိန်ပါပါတယ်လို့ ဆိုတယ်။
ဒီတော့ ကလေးတွေ ဘာများ သင်ယူစရာ ရှိဦးမလဲလို့ ပြန်မေးတဲ့ အပေါ်မှာ ဖင်လန်နိုင်ငံရဲ့ ကျောင်းအုပ် ဆရာမကြီးတစ်ယောက်က “ဦးနှောက် ဆိုတာ ခဏကြာတိုင်း နားပေးဖို့လိုပါ တယ်၊ အလုပ်ပဲ လုပ်နေမယ်ဆိုရင်တော့ သင်ယူ မှုရပ်တန့်သွားပါလိမ့်မယ်။ အချိန်တွေ အကြာကြီး လုပ်နေပေမယ့် လည်း သိပ်ပြီး အကျိုးရှိမှာ မဟုတ်ဘူး”လို့ ဖြေခဲ့တယ်။

အနောက်နိုင်ငံတွေထဲမှာ ဖင်လန် နိုင်ငံကျောင်းသားတွေရဲ့ ကျောင်းစာသင် ချိန်တွေက အနည်းဆုံးပါပဲ။ စာသင်နှစ် လည်း အနည်းဆုံးပါ။ ကျောင်းသွားတဲ့ အချိန်တွေ လျှော့ချခြင်းအားဖြင့် သူတို့ကလေးတွေ ပိုပြီးစွမ်းဆောင်နိုင် ခဲ့ကြတာတွေ့ရပါတယ်။
ဖင်လန်နိုင်ငံသားတွေဆီက ခဏ ခဏကြားခဲ့ရတဲ့ စကားကတော့ အမေရိ ကအနေနဲ့ စာမေးပွဲတွေဖြေဖို့ စာသင် နေတဲ့ပုံစံကို ရပ်ပစ်ဖို့ပဲ ဖြစ်တယ်။ ကျောင်းသားတွေကို စာသင်တာက စာမေးပွဲတွေ ကောင်းကောင်းဖြေနိုင်ဖို့ပဲ ဖြစ်နေမယ်ဆိုရင်၊ ဒါဟာ ပညာသင်ပေး နေတာ မဟုတ်တော့ပါဘူး။ စာမေးပွဲတွေ ဘယ်လိုကျအောင် ဖြေရမလဲဆိုတာ သင်ပေးနေတာပါပဲ။ ကျောင်းဆိုတာ ပျော်ရွှင်စရာတွေကို ရှာဖွေဖို့ ကိုယ့်ကို ကိုယ် ပျော်ရွှင်အောင်လုပ်ဖို့ နည်းလမ်း တွေရှာဖွေဖို့ပါတဲ့။

အမေရိကန်ပညာရေးမှာ ကျောင်း တက်ချိန်ရဲ့ သုံးပုံတစ်ပုံလောက်က စံသတ်မှတ်ချက်ကို စစ်ဆေးခြင်း (Standardized test)တွေကို ဖြေဖို့ ပြင်ဆင်နေတာနဲ့ပဲ အချိန်ကုန်နေတယ် လို့ ဆိုတယ်။
ကျွန်တော့်အတွက်တော့ တွေးဆ ဆင်ခြင်စရာပါ။

ဖင်လန် ဆရာဆရာမတွေက မှတ်တမ်းပြုသူကို ပြောတယ်တဲ့။
“ကလေးတွေ ပေါင်မုန့်ဖုတ်တတ် ဖို့ လိုတယ်။ သီချင်းဆိုသင့်တယ်။ အနုပညာတစ်ခုခု လုပ်နေသင့်တယ်။ သူတို့ ဒါတွေ အကုန်လုံးကို လုပ်နေသင့် တာပေါ့။ ဘာလို့လဲဆိုတော့ သူတို့ ကလေးလိုနေနိုင်ဖို့ အချိန်က တကယ့်ကို ခဏလေး ဖြစ်နေလို့ပါပဲ”တဲ့။
အင်တာဗျူးတဲ့သူက ဖင်လန်ပညာ ရေးဝန်ကြီးကို ဖင်လန်မှာ Standardize စာမေးပွဲတွေ မရှိရင် ဘယ်ကျောင်းတွေက အကောင်းဆိုးလဲဆိုတာ ဘယ်လိုသိ နိုင်မလဲလို့ မေးတော့
ပညာရေးဝန်ကြီးက “အိမ်အနီး အနားမှာရှိတဲ့ ကျောင်းက အကောင်းဆုံး ကျောင်းပဲ၊ အဲဒီကျောင်းက အခြား ကျောင်းတစ်ကျောင်းနဲ့ ဘာမှမခြားဘူး၊ ဥပမာ မြို့လယ်ခေါင်ကကျောင်းနဲ့ အိမ်နီး နားမှာရှိတဲ့ကျောင်းက ဘာမှကွဲပြားမှု ရှိမနေစေရဘူး၊ ဘာကြောင့်လဲဆိုတော့ ဖင်လန်က ကျောင်းအားလုံးဟာ တန်းတူ ညီတူပဲ ဖြစ်တယ်”လို့ ဖြေခဲ့တယ်။

ကျောင်းသားမိဘတွေရဲ့ တုန့်ပြန် မှုက
“ကျွန်မတို့ မြို့တစ်မြို့ကို ပြောင်း တဲ့အခါ အကောင်းဆုံးကျောင်းက ဘယ်မှာလဲလို့ ဘယ်တော့မှ မမေးခဲ့ ပါဘူး၊ ဒါမျိုး မေးဖို့ဆိုတာ ဘယ်တုန်း ကမှ မလိုခဲ့ဘူး၊ ဘယ်သူမှ ကျောင်းတက် ဖို့ ဈေးဝယ်စရာ မလိုပါဘူး၊ ကျွန်မတို့ ကျောင်းတွေထဲက ဘယ်ကျောင်းမှ ကွဲပြားနေတာ မရှိဘူး၊ ကျောင်းတိုင်း အတူတူပါပဲ”
မှတ်တမ်းရုပ်သံအရဆိုရင် ဖင်လန် နိုင်ငံမှာ ပုဂ္ဂလိကကျောင်း ဖွင့်ဖို့နဲ့ စာသင် ကြားရေးအတွက် ပိုက်ဆံတောင်းတာ တရားမဝင်ပါဘူး။

ကစားကွင်းတွေကို ပြန်ပြုပြင် ရင်တောင် ဗိသုကာပညာရှင်တွေက ကျောင်းကိုလာပြီး ကလေးတွေနဲ့ စကား ပြောရပါတယ်။ ဗိသုကာပညာ ရှင်တွေ က ကလေးတွေ တကယ်လိုချင်တဲ့ ပုံစံ အတိုင်း ဆောက်လုပ်ပေးရတယ်။
အများကြီးပါပဲ။

အခြား တွေးဆဖွယ်ရာတွေ အများ ကြီးပါပဲ။
အဲဒီ မှတ်တမ်းရုပ်ရှင်ကိုကြည့်ပြီး ကျွန်တော်တို့ဆီက ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ နှိုင်း ယှဉ်ကြည့်လိုက်ရင် အတော်လေး စိတ်မ ကောင်း ဖြစ်မိပါတယ်။ ယနေ့အချိန်ထိ စာတစ္ဆေရဲ့ ခြောက်လန့်မှုကို ရင်စည်းခံ နေရတုန်းပါ။ ပြောင်းလဲမှုကို ဖော်ဆောင် ရန်အဓိကတာဝန်ရှိကြတဲ့ တိုင်းပြည် အုပ်ချုပ်သူတွေ၊ ကျောင်းဆရာ ဆရာမ တွေ၊ ကျောင်းသား မိဘတွေအနေနဲ့ ကျောင်းသားတွေရဲ့ ကြောက်ရွံ့ခံစားမှု တွေအပေါ် နှလုံးသားနဲ့ ခံစားတတ်ကြ မှာပါ။