လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင် နေ့ချင်းပြီး လုပ်ပေးမည်

0
651

လိုင်စင်မဲ့ဆိုင်ကယ်များကို စက် တင်ဘာလ ပထမအပတ်မှစပြီး ဒေသ လိုင်စင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ထံမှ သိရသည်။

ပြုလုပ်ပေးမည့် ဆိုင်ကယ်လိုင်စင် မှာ တနင်္သာရီတိုင်းအတွင်းသာ စီးနင်း ခွင့်ရှိမည့် ဒေသလိုင်စင် (TNI) နံပါတ် များ ဖြစ်သည်။
စက်တင်ဘာလ ပထမအပတ်မှ စကာ တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကညန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။

ကညနရုံးရှိသည့် ခရိုင်မြို့ကြီး များတွင် နေ့ချင်းပြီး လုပ်ပေးသွားမည် ဖြစ်ပြီး အကောက်ခွန်၊ အာမခံ၊ မြန်မာ့ စီးပွားရေးဘဏ် အစရှိသည့် ဌာနများပါ ဝင်သည့် One Stop Service အနေဖြင့် လုပ်ပေးသွားမည်ဟု သိရသည်။

“One Stop Service အနေနဲ့ ကတော့ မနက်လုပ် ညနေပြီးနိုင်တယ်၊ အခြေအနေအပေါ် မူတည်ပြီးတော့ နောက်တစ်နေ့ မနက်ဆို ရသွားနိုင်တယ်”ဟု ကညန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။
ဒေသလိုင်စင်အတွက် ဆိုင်ကယ် တစ်စီး၏ ကျသင့်ငွေမှာ ထုတ်လုပ်သည့် နိုင်ငံ၊ ထုတ်လုပ်သည့် ခုနှစ်(မော်ဒယ်)၊ အင်ဂျင်ပါဝါ အစရှိသည်များအပေါ် မူတည်ကာ ကွာခြားမည်ဖြစ်ပြီး ဈေးနှုန်း ကျသင့်ငွေ ပမာဏကို ဗီနိုင်းများဖြင့် နှစ် ပတ်ခန့် ကြိုတင်ကြေညာပေးသွားမည် ဖြစ်ကြောင်း ကညန တိုင်းဦးစီးမှူးက ဆိုသည်။
ဈေးနှုန်း အသေးစိတ်ကိုမူ လက်ရှိ မထုတ်ပြန်သေးပေ။

ရှမ်းပြည်နယ်နှင့် အခြားတိုင်း / ပြည်နယ်အချို့တွင်လည်း လိုင်စင်မဲ့ ဆိုင်ကယ်များကို ဒေသလိုင်စင် ထုတ် ပေးခဲ့ပြီး ဖြစ်သည်။
ယခုနှစ်အတွင်း ရှမ်းပြည်နယ်တွင် လိုင်စင်ထုတ်ပေးခဲ့ရာ ဆိုင်ကယ်တစ်စီး လျှင် အနည်းဆုံး ကျပ် သုံးသောင်းဝန်း ကျင်မှ အများဆုံး ကျပ် သုံးသိန်းခွဲခန့် အထိ ကျသင့်ခဲ့သည်။
ကညန တိုင်းဦးစီးမှူးကမူ လက်ရှိ ပြုလုပ်ပေးမည့် လိုင်စင်ကြေးမှာ နမူနာ အားဖြင့် ထိုင်းနိုင်ငံထုတ် ၂၀၁၆ ခုနှစ် မော်ဒယ် ၁၁၀ ဃဃ ဆိုင်ကယ် တစ်စီး လျှင် ကျပ်သုံးသိန်းဝန်းကျင်ခန့် ကျသင့် နိုင်သည်ဟု ခန့်မှန်း ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် တနင်္သာရီ တိုင်းတွင် ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေး ခဲ့စဉ်က အမြင့်ဆုံး လိုင်စင်ကြေးမှာ ငွေကျပ် နှစ်သိန်းဝန်းကျင်သာ ကျသင့် သည်။
လက်ရှိတွင် လိုင်စင်ရှိသော ဆိုင် ကယ်နှင့် လိုင်စင်မရှိသော ဆိုင်ကယ် အမြင့်ဆုံး ဈေးကွာခြားချက်မှာ ကျပ် သုံးသိန်းဝန်းကျင်ရှိသည်ဟု ထားဝယ် ဆိုင်ကယ်ဈေးကွက်အတွင်းမှ သိရသည်။

ဆိုင်ကယ် ရောင်းဝယ်ရေးဆိုင်များ ကမူ ယခုပြုလုပ်ပေးမည့် လိုင်စင်မှာ တိုင်းအတွင်းသာ သွားလာခွင့်ရှိသည် ဟူသည့် ကန့်သတ်ချက်ရှိပြီး တစ်နိုင်ငံ လုံးသွားလာခြင်း ရောင်းဝယ်ခြင်း ပြုလုပ်နိုင်သည့် (ယ) နံပါတ် မဟုတ် သည့်အတွက် ဈေးကွက်တွင် လူကြိုက် နည်းနိုင်ကြောင်း ပြောကြသည်။
ထို့ကြောင့် ယခုပြုလုပ်ပေးမည့်လိုင် စင်ကြေးကို အနည်းဆုံးဖြစ်အောင် သတ် မှတ်ပေးသင့်ကြောင်း ၎င်းတို့က မှတ် ချက်ပြုကြသည်။

ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်ကွက်နေ လိုင်စင်မဲ့ဆိုင်ကယ်စီးသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုင်ကယ်လိုင်စင် လုပ်လိုသော်လည်း ကျသင့်ငွေ ပမာဏများနေမည် ဆိုလျှင် ပြုလုပ်နိုင်မည်မဟုတ်ဘဲ တက်နိုင်သည့် ကျသင့်ငွေ ကျပ်နှစ်သိန်းဝန်းကျင် ဆို ပါက လိုင်စင်လုပ်ဖြစ်မည်ဖြစ်ကြောင်း ဆိုသည်။
“အခုက without (လိုင်စင်မဲ့) စီး နေရတာဆိုတော့ လမ်းထွက်ရင် ကျော မလုံဘူးလို့ ခံစားနေရတယ်၊ ဆိုင်ကယ် ဦးထုပ်ဆောင်းထားပေမယ့် ယာဉ်ထိန်းရဲ တွေကို ရှောင်ကွင်းပြီး သွားနေရတာက အလုပ်တစ်ခု ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် တိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းမိပါက သက် ဆိုင်ရာဌာနများ ပါဝင်သော ရာဖြတ် အဖွဲ့က ဆုံးဖြတ်သည့် ဆိုင်ကယ်တန်ဖိုး ၏ ၅၀ရာခိုင်နှုန်းကို အခွန်ဒဏ်ကြေး အဖြစ် ပေးဆောင်စေပြီးမှသာ ဒေသ လိုင်စင် ထုတ်ပေးလျက် ရှိသည်။

လိုင်စင်မဲ့ဆိုင်ကယ် အများစုကို ဆိုင်ကယ်အရောင်းဆိုင်(Show Room) အချို့က ရောင်းချနေကြပြီး ၎င်းကို ထိန်းချုပ်နိုင်ရန်အတွက် လိုင် စင်ထုတ်ပေးရန် စီစဉ်ရခြင်း ဖြစ် ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က တနင်္သာရီ အပတ်စဉ်ကို ပြောကြားခဲ့ဖူးသည်။
တိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ် စီးနင်း အသုံးပြုမှု ကျယ်ပြန့်စွာ ရှိနေ သည့်အချိန်တွင် တိုင်းဒေသကြီး အစိုး ရက ယင်းကဲ့သို့ ဒေသလိုင်စင် ပြုလုပ် ပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

လိုင်စင်မဲ့ဆိုင်ကယ်များ လျော့ နည်းပပျောက်စေရန်အတွက် ဆိုင်ကယ် အရောင်းဆိုင်များကို အဓိကကြပ်မတ် ရန် လိုအပ်ကြောင်း ဆိုင်ကယ်အရောင်း အဝယ် အကျိုးဆောင် လုပ်ကိုင်နေသည့် ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက် နေအသက် ၅၀ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးက ဆိုသည်။
“အရောင်းဆိုင်မှာ ဝယ်ဖို့သွား မေးတာနဲ့ ဘလိုင်း(လိုင်စင်မဲ့) ယူမလား၊ နံပါတ်ဘီး ယူမလားလို့ မေးတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၁၉၉၉ ခုနှစ်ကလည်း ဒေသလိုင်စင်အဖြစ် ခရိုင်အလိုက် ထ၀၊ မမ၊ ကသ နံပါတ်များ ထုတ်ပေးခဲ့ဖူးပြီး အဆိုပါ ဆိုင်ကယ်များကို ၂၀၀၉ ခုနှစ် ဝန်းကျင်မှစ၍ “ယ”နံပါတ်များအဖြစ် ပြန်လည်ပြင်ဆင် ထုတ်ပေးခဲ့ဖူးသည်။
ယ၊ ၃ယ၊ ၂၇ယ၊ ၄၅ယ အစရှိသည့် “ယ” နံပါတ်များမှာ ရန်ကုန်မြို့ကဲ့သို့ တားမြစ်ထားသည့် နေရာမှလွဲ၍ မြန်မာ တစ်နိုင်ငံလုံးတွင် စီးနင်းခွင့်ရှိသည်။
စီမံချက်အရ ဒေသလိုင်စင် ပြုလုပ် ပေးပြီး နောက်ပိုင်းတွင် လိုင်စင်မဲ့ ဆိုင် ကယ်များကို သက်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များက အရေးယူစစ်ဆေး ဖမ်းဆီး ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကညန တိုင်းဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။

ထားဝယ်ခရိုင်တွင် လိုင်စင်ရှိ ဆိုင်ကယ်အစီးရေ ကိုးသောင်းကျော် (၉၃၇၀၇စီး)၊ မြိတ်ခရိုင်တွင် ရှစ်သောင်း ခန့် (၇၉၉၁၆စီး)နှင့် ကော့သောင်းခရိုင် တွင် နှစ်သောင်းနီးပါး(၁၉၅၉၆စီး)ရှိ ကြောင်း တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန စာရင်း များအရ သိရသည်။