ထားဝယ်တွင် ကုန်တင်သင်္ဘော တစ်စီးကို အကောက်ခွန်ရုံးချုပ်က လာစစ်

0
461

ထားဝယ်ဆိပ်ကမ်းသို့ ဆိုက်ကပ် လာသည့် ကုန်တင်သင်္ဘောတစ်စီးကို အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)မှ ဩဂုတ်လ ၂ ရက်က လာရောက်စစ် ဆေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ကော့သောင်းမြို့မှ ထားဝယ်မြို့ကို ထွက်ခွာ လာသည့် အဆိုပါ ကုန်တင် သင်္ဘောမှာ လမ်းခရီးတွင် ကြာမြင့်နိုင်သည့် အချိန် ထက် ကြန့်ကြာနေခြင်းနှင့် အခွန်ရငွေနည်းနေခြင်း အစရှိသည့် အချက်များ ကြောင့် အဆိုပါ သင်္ဘောအားစစ်ဆေး ရန် တိုင်းအစိုးရက အကောက်ခွန် တိုင်းဦးစီးမှူးကို ဇူလိုင်လအတွင်းက ညွှန်ကြားခဲ့ကြောင်း တိုင်းအစိုးရ အဖွဲ့ ရုံးထံမှ သိရသည်။

ယင်းသို့ ညွှန်ကြားခဲ့ခြင်းကြောင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန အပြင် အကောက်ခွန်(ရုံးချုပ်) ကလည်း လာရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“သူတို့ရဲ့ အစီရင်ခံစာ တင်ပြီးမှပဲ အသေးစိတ် သိရမယ်”ဟု တိုင်းအစိုးရ အဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးသိန်းအောင် က ပြောသည်။

အဆိုပါ ကုန်တင်သင်္ဘောတွင် ဘိလပ်မြေအများဆုံး တင်ဆောင်လာပြီး ကုန်ပစ္စည်းကြေညာလွှာတွင် ဘိလပ်မြေ အိတ်အရေအတွက် နှစ်သောင်း ဖော်ပြ ထားကြောင်း တိုင်းဒေသကြီး အကောက် ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက တနင်္သာရီအပတ်စဉ်ကို ပြောဆိုခဲ့ဖူး သည်။