တရားစွဲခံရသော လယ်သမားများ ကိုယ်ပိုင်ခံဝန်ဖြင့် ပြန်လွတ်

0
416

ထားဝယ်ရဲစခန်းမှတစ်ဆင့် တရား ရုံးပို့ခဲ့သည့် တရားစွဲခံရသော ထားဝယ် လယ်သမား ၆ဦး ကိုယ်ပိုင်ခံဝန်ဖြင့် ပြန်လွတ်လာကြောင်း လယ်သမား များနှင့် ထားဝယ်မြို့နယ် တရားသူ ကြီးတို့ထံမှ သိရသည်။
လယ်သမားများအား ရာဇဝတ်ကြီး မှု ၃ မှု၊ ရာဇဝတ်အထွေထွေမှု ၂ မှုတို့ဖြင့် ထားဝယ်ရဲစခန်းမှ ဩဂုတ်လ ၃ရက် နေ့လယ်တွင် စတင် အမှုတင် တရား စွဲခြင်းဖြစ်ပြီး ယင်းနေ့ မွန်းလွဲတွင်ပင် အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် တရားသူကြီး ဒေါ်လဲ့လဲ့ဝါက ပြော သည်။

“ရဲအရေးပိုင်တဲ့ အမှုဖြစ်လို့ ရဲက လာတိုင်တာဖြစ်တယ်၊ တရားရုံးက အာမခံပေးနိုင်တဲ့ ပုဒ်မဖြစ်တယ်၊ အာမခံ မယ့်သူက မရှိဘူး၊ ဒါကြောင့် ကိုယ်ပိုင် ခံဝန်နဲ့ အချုပ်လွတ် ထုချေခွင့် ပေးလိုက် တယ်”ဟု ထားဝယ်မြို့နယ် တရားသူကြီး ဒေါ်လဲ့လဲ့ဝါက ပြောသည်။
အထက်ပါ လယ်သမား ၆ ဦး အပါအဝင် ထားဝယ်လယ်သမား ၁၀ ဦးသည် DDPD ကုမ္ပဏီ အပါအဝင် အစိုးရဌာန ၂ ခုနှင့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အခင်း ဖြစ်ရပ်အချို့တွင် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု စသည့် အမှုများဖြင့် တရားစွဲခံနေရခြင်း ဖြစ်သည်။
ဦးသောင်းညွှန့်ပါ ကျန်လယ်သမား ၄ ဦးမှာ အမှုလာ မရင်ဆိုင်သေးဟု ဒေါ်လဲ့လဲ့ဝါက ပြောသည်။

ရဲများ လာရောက်ဖမ်းဆီးပြီး တရားရုံးအပို့ခံရသည့် လယ်သမား ၆ ဦးအနက် တစ်ဦးဖြစ်သူ ဒေါ်ရွှေဇင်ယုက အဖမ်းခံရသည့်နေ့ နံနက်တွင် လယ်သ မားနှင့် အခင်းဖြစ်နေရာ (ဥပဒေချုပ်ရုံး နေရာ)အား မြေဖို့သည်မှာ သာမန် တိုက်ဆိုင်မှု မဟုတ်ဟု ပြောသည်။
“မြေကို လိုချင်လို့ လယ်သမားတွေ ကို ရဲစခန်းမှာ ထိန်းထားတယ်ဆိုတာ ရပ်သိရွာသိ အော်မယ်ဆိုပြီး ရဲကားထဲက ခေါင်းထိုးထုတ်၊ အဲလို အော်ပြီးလိုက် နေတာ၊ ကားက လူပြတ်တဲ့လမ်းက ကွေ့ဝိုက်မောင်းသွားတယ်၊ ကျွန်မတို့ ရဲစခန်း ရောက်နေတုန်းလည်း မြေလာဖို့ သေးတယ်လို့ သိရတယ်”ဟု ဒေါ်ရွှေစင် ယုက ပြောသည်။

လာရောက် မဖမ်းဆီးမီ ဩဂုတ် ၂ ရက်နေ့ ညနေက ဦးသောင်းညွှန့်၏ လယ်မြေနေရာတွင် ဥပဒေရုံးမှဆိုသူများ မြေလာဖို့ရာ လယ်သမားများ ဝိုင်းတား ကြသဖြင့် မအောင်မြင်ဘဲ ဖြစ်သွားပြီး နောက် ဩဂုတ်လ ၃ ရက် တရားရုံး မဖွင့်မီ နံနက် ၆ နာရီကတည်းက ရဲများ ဖမ်းဆီးခြင်းမှာ လယ်မြေဖို့သည့်ကိစ္စတွင် ရဲက ပူးပေါင်းပါဝင်နေသကဲ့သို့ ဖြစ်နေ ကြောင်း ၎င်းက ပြောသည်။

လယ်သမားများအား အထက်ပါ အမှုကိစ္စများကို ဖြေရှင်းရန် အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့ပြီး နောက်ဆုံးအနေဖြင့် ဇူလိုင် လ ၂၇ ရက်တွင် တရားရုံးသို့ သွားရောက်နိုင်ရေး ရဲစခန်းသို့လာရောက် ရန် ၃ရက်ကြို စာကြို ပို့ဆင့်ခေါ်ခဲ့ သော်လည်း လာရောက်ခြင်း မရှိသဖြင့် ယခုကဲ့သို့ ခေါ်ဆောင်ကာ တရားရုံး ပို့ခဲ့ရခြင်းဖြစ်ကြောင်း ထားဝယ်မြို့မ စခန်းမှူး ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

“ဆင့်ထားတာ၊ မလာတာ၊ (မြေဖို့ တဲ့ကိစ္စနဲ့) တိုက်ဆိုင်တယ်ဆိုပေမဲ့ တို့ တွေက နဂို ကတည်းက စီစဉ်ပြီးသား၊ စီစဉ်ပြီးသားကို သူ့တို့ဘာသူတို့ လာ တိုက်ဆိုင်တာတော့ မတတ်နိုင်ဘူး” ဟု ဒုရဲမှူး မျိုးမြင့်ဦးက ပြောသည်။

ထားဝယ် မြို့ပြစီမံကိန်းဧရိယာ အတွင်း အကောင်အထည်ဖော်ဆောင်နေ သည့်ဌာနများ၊ ကုမ္ပဏီများနှင့် ထားဝယ် လယ်သမားများ ထိပ်တိုက်တွေ့ အခင်း ဖြစ်မှုများကြောင့် လယ်သမားအချို့ ထောင်ကျခံရခြင်း၊ အမှုရင်ဆိုင် နေရ ခြင်းများ ဖြစ်ပေါ်လျက်ရှိရာ လယ်သမား များဘက်မှ တာဝန်ရှိသူများ အပါအဝင် ၅ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ကြေညာ ချက် ထုတ်ပြန်ထားသည်။